Maung Nyein Aye – တနှစ်ပြီး တနှစ်

တနှစ်ပြီး တနှစ်
မောင်ငြိမ်းအေး
ဇူလိုင် ၂၀၊ ၂၀၁၂

ကိုညိုဝင်း (ဒါမှမဟုတ်)
ကိုဝသုန်ဆွဲထားတဲ့ သူ့ဓာတ်ပုံက
သူ့ကိုအပြုံးနဲ့ အသုဘရှုလို့။အလှမယ်ပြိုင်ပွဲဝင်တဲ့ မော်ဒယ်လ်တွေ
စင်ပေါ်မှာရပ်ပြီး အစွမ်းကုန်ဖူးပွင့်နေတဲ့အတိုင်း
အရောင်အသွေးစုံ လွမ်းသူ့ပန်းခွေတွေက
သူ့ထက်…..သူ့ဓာတ်ပုံကိုသာ အလွမ်းသယ်နေကြပေါ့။
ပန်းဖလက်စာရွက်ကလေးကတော့
ခန်းမထဲရောက်နေတဲ့သူတွေအားလုံးထက်
သူ့အကြောင်းကိုပိုသိတဲ့အတိုင်း
သူ့ရဲ့သမိုင်းကိုတဝေါ့ဝေါ့အန်ချနေတယ်။

´ရုပ်မပျက်ဘူးနော်`
´ဟယ်..အိပ်နေတဲ့အတိုင်းပဲ`
´အဲဒီနေ့ညနေက သူနဲ့တွေ့တော့ အကောင်းကြီး
နောက်နေ့မနက် သူဆုံးပြီကြားရတော့…ကျွန်တော်ဗျာ`
´သြော်…အရက် အရက်`
လူကိုယ်တိုင်အပြင်
စကားလုံးတွေနဲ့လည်းသူ့ကိုပို့ကြ။

သူ……..
စာရေးခဲ့တယ်
ကဗျာဖွဲ့ခဲ့တယ်
ပန်းချီ..ကာတွန်းဆွဲခဲ့တယ်
အယ်ဒီတာလုပ်ခဲ့တယ်
အရက်သောက်ခဲ့တယ်
သူများအကြောင်းမကောင်းပြောခဲ့တယ်
တစ်ယောက်စနှစ်ယောက်စနဲ့
အခင်အမင်ပျက်ခဲ့တယ်
လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်
သာရေးနာရေးကူညီခဲ့တယ်
အခုတော့အားလုံးပြီးပြီ။

မထူးခြားဘူး
သူ့ရှေ့ကမှတ်တိုင်မှာ အရင်ဆင်းသွားကြသူတွေအတိုင်း
သူ့ကိုထမ်းပိုးသယ်ဆောင်သွားကြ
အတတ်နိုင်ဆုံးဝမ်းနည်းကြေကွဲနေကြတဲ့မျက်နှာပေးတွေနဲ့
လူတွေတန်းစီလမ်းလျှောက်လိုက်သွားကြ
မီးသဂြိုဟ်စက်ထဲထည့်လိုက်ကြ
အပြင်မှာရပ်ထားတဲ့ကားတွေဆီပြန်ပြေးလာခဲ့ကြ
လေထန်ကုန်းမှာကားတွေပြန်ရပ်ကြ
စာတွေဆက်ရေးကြ
ကဗျာတွေဆက်ဖွဲ့ကြ
ပန်းချီကာတွန်းတွေဆက်ဆွဲကြ
မဂ္ဂဇင်းဂျာနယ်တွေဆက်လုပ်ကြ။

ခေတ်ကဧရာဝတီလိုစီးဆင်းနေတယ်
မြစ်ကျဉ်းမှာရေစီးကပိုသန်ပိုမြန်တယ်
သူ့ကိုဝါးမျိုသွားတဲ့မီးတောက်တွေနဲ့အတူ
ကျွန်တော်တို့လောကရဲ့ရှင်သန်မှုတွေ
လောင်ကျွမ်းပျောက်ကွယ်သွားမှာမဟုတ်ဘူး
တံခါးခေါက်သံကိုခင်ဗျားကြားရတော့မယ်
ဘာလုပ်မှာလဲ။ ။