ဟံသာဝတီ ဦးဝင်းတင် အင်တာဗျူး ဦးဝင်းတင်

U Win Tin – တသက်တာလုံး အာဏာရှင်ကို ဖီဆန်တဲ့ သတင်းစာဆရာ လူထုစိန်ဝင်း

ဟံသာဝတီဦးဝင်းတင်ရဲ့ အမှတ်တရစကား၊ မိုးမခ၊ ဇွန် ၁၈၊ ၂၀၁၂

            ကိုစိန်ဝင်း ဆုံးတယ်ဆိုတာ ဒီမနက်မှာ ကြားတယ်။ သူနဲ့လည်း မတွေ့ဖြစ်တာလည်း ၃ လလောက်ရှိသွားတယ်။ သူ့ကျန်းမာရေးကြောင့် ငါတို့လည်း သူ့အိမ်မှာ သွားမတွေ့ဖြစ်ဘူး။ အပြင်က ရောဂါပိုးတွေ ကူးကုန်မှာ စိုးရတာကိုး။ သူက အောက်စီဂျင်နဲ့ အမြဲနေရတာလေ။ ငါတို့တတွေ ဖုံးတော့ အမြဲဆက်ဖြစ်ပါတယ်။ သူလည်း ဒီလှိုင်းမှာ မရေးဖြစ်တာလည်း အတော်ကြာသွားပြီ။ ငါရယ်၊ ကိုမောင်မောင်ခင်ရယ်၊ ကိုစိုးမြင့်ရယ် သူ့ကို အမြဲ သတင်းမေးပါတယ်။ အဲဒီလိုနဲ့ ဒီနေ့ကျတော့ သူဆုံးပြီလို့ ကြားရတာပဲ။ ထားပါတော့။

            သူဆုံးတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သည်ခေတ်မှာ သူဟာ သြဇာအကြီးဆုံး အစူးရှဆုံး သတင်းစာဆရာတဦးဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ခေတ်တခေတ်မှာ အဲသည်လိုမျိုး သြဇာစူးရှတဲ့ သတင်းစာဆရာတွေရှိတာချည်းပဲ။ မဆန်းဘူးလို့ ပြောနိုင်ပါတယ်။ သြဇာရှိတဲ့ သတင်းစာဆရာတွေဆိုတာကလည်း ပြီးတော့လည်း ပျောက်သွားကြတာပဲ။ သတင်းလုပ်ငန်းတွေ လုပ်တယ်ဆိုတာက သူအချိန်နဲ့ သူအတိုင်းအတာနဲ့ သွားနေကြတာချည်းပဲ။ ဒါပေမယ့် ကိုစိန်ဝင်းဟာ သူများတွေနဲ့ မတူတဲ့ ထူးခြားတဲ့ အချက်ကတော့ အခုလိုမျိုး စာနယ်ဇင်းတွေကို ဖိနှိပ်ချုပ်ချယ် တားမြစ်ထားတဲ့ အာဏာရှင်ခေတ်မှာ ပေါ်ပေါက်လာတဲ့ သတင်းစာဆရာတယောက်ဖြစ်နေတာပဲ။

            ဒီခေတ်လိုကာလမျိုးမှာ စစ်အစိုးရကို ဆန့်ကျင်ပြီး ရေးဝံ့တဲ့သူ၊ ပြည်သူလူထုတွေရဲ့ လိုအင်ဆန္ဒတွေဘက်ကနေပြီး ရပ်တည်ပြီးတော့ ရေးဝံ့တဲ့သူ၊ ဒါ့အပြင် ခေတ်နဲ့အမီ မြင်ပြီး အပြောင်းအလဲ တိုက်တွန်း နှိုးဆော်ပေးနေတဲ့သူ အဲဒါဟာ ထူးခြားချက်ပဲ။

            ပြည်သူဖက်က ရပ်တည်နေရုံနဲ့ မပြီးဘူး၊ အပြောင်းအလဲဖက်ကို ဦးတည်တာ၊ အဲဒီအပြောင်းအလဲကို လုပ်ရမယ်၊ သွားရမယ်ဆိုပြီး အဲသည်ဖလော်ဆော်ဖီနဲ့ စိုက်လိုက်မတ်တတ် ရေးသားပြောဆိုနေတဲ့အတွက် ပြည်သူလူထုရဲ့ လေးစားမှုကို ရလာတယ်၊ အုပ်ချုပ်သူ လူတန်းစားတွေနဲ့ အပေါင်းအပါတွေရဲ့ ခန့်ငြားမှုကို ရလာတယ်။ စာပေနဲ့ စာနယ်ဇင်းလောကမှာလည်း သြဇာကြီးလာတယ်။

 ဒီလိုခေတ်မျိုးမှာ ဒီလိုလူမျိုး မရှိဘူးလို့ ဘာလို့ ပြောချင်သလဲဆိုတော့ ဟိုတုန်းမှာလည်းပဲ ကြေးမုံဦးသောင်းတို့၊ ရွှေဥဒေါင်းတို့၊ လူထုဦးလှတို့ လူထုဒေါ်အမာတို့လိုလူမျိုးတွေ ရှိတယ်။ ပြည်သူဖက်ကရပ်တဲ့သူတွေ၊ အမှန်တရားဖက်က လိုက်တဲ့သူတွေ ရှိတယ်။ သို့သော် သူတို့တွေဖြတ်သန်းခဲ့တဲ့ခေတ်က ပါလီမန်ခေတ်တို့၊ တပါတီအာဏာရှင်ခေတ်အောက်မှာ ဖြစ်တယ်။ ကိုစိန်ဝင်းကတော့ စစ်အာဏာရှင်အောက်မှာ ပေါ်ထွက်လာတဲ့ သတင်းစာဆရာ ဖြစ်တယ်။ စစ်အာဏာရှင်တွေ လက်အောက် အဆက်ဆက်မှာ ကိုစိန်ဝင်းက ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ပြီး အာဏာရှင်ကို ဖီဆန်တဲ့ လူပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောချင်တယ်။

အထူးကတော့ ကျနော်ကိုင်စွဲတဲ့သဘောထားနဲ့ နှိုင်းယှဉ်ပြီးပြောရရင် ကျနော်တို့ သတင်းစာသမားတွေက အမှန်ဖက်ကရပ်တယ် ဆိုရုံနဲ့ မလုံလောက်ဖူးဆိုတာကို ပြောချင်တယ်။ အဲသည်အတွက် ကိုစိန်ဝင်းကို စံပြုပြီးတော့ ပြချင်တယ်။ အမှန်ဖက်က ရပ်တယ်၊ ရပ်တယ် ဆိုတာနဲ့ မပြီးဘူး၊ အခုအချိန်မှာက အမှားတရားကိုလည်း တိုက်ခိုက်ရဲရမယ်။ အမှားတရားကို မတိုက်ဝံ့ရင် သတင်းစားသမား မပီသဘူး။

အခုကမ္ဘာမှာ investigative reporting စုံစမ်းဖော်ထုတ်သတင်းပို့နည်း ဟုတ်လား။ အဲသည်မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေ၊ ရာဇ၀တ်ဂိုဏ်းကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ပျက်စီးနေတာတွေ၊ အစိုးရတွေ ခြစားနေတာတွေကို အာဏာအလွဲသုံးနေတာတွေ၊ စုံစမ်းဖော်ထုတ် သတင်းပို့တာတွေ ရှိတယ်။ ညောင်မြစ်တူးလို့ ပုတ်သင်ဥပေါ်ယုံတင်နဲ့ မပြီးတော့ဘူး။ သတင်းပို့နေရုံနဲ့ မပြီးတော့ဘူး။ အမှန်တရားဖက်ကနေ ရပ်တည်နေရုံနဲ့ မပြီးတော့ဘူး။ ဒီအမှားတရားတွေကို တွန်းလှန်ရမယ်။ အမှားကို တိုက်ဝံ့ရတယ်။ ကိုစိန်ဝင်းဟာ အဲသလိုလူမျိုး။ အမှားကို ထုတ်ဖော် တိုက်ခိုက်ရဲရမယ်။ လိုအပ်တဲ့ အပြောင်းအလဲကို ထုတ်ဖော်ပြောဆို ရဲဝံ့တဲ့သူ ဖြစ်ရမယ်လို့ ပြောချင်တယ်။

အဲသည်အတွက် ကိုစိန်ဝင်းဟာ စစ်အစိုးရလက်အောက်မှာ ထောင်အချခံရတယ်။ တကျွန်းပို့ခံရတယ်။ အဲသည်အချိန်တွေမှာ ကျနော်ကိုယ်တိုင် သူ့သား၊ သမီးတွေကို ကိုယ့်သားသမီးတွေလို သဘောထားပြီး စောင့်ရှောက် ကူညီတာတွေ လုပ်ခဲ့တယ်။ ရပ်တည်ပေးခဲ့ပါတယ်။ အဲသည်လိုမျိုး စွန့်လွှတ် စွန့်စားတဲ့ သတင်းစာဆရာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူဟာ ရိုးရိုးသတင်းစာဆရာအဖြစ်ကနေ အမှားတရားကို တိုက်တဲ့ဆရာ၊ အပြောင်းအလဲကို တောင်းဆိုတဲ့သူ၊ လမ်းညွှန်တဲ့သူ ဖြစ်တယ်။ အဲသည်လို သတင်းစာဆရာမျိုး ကွယ်လွန်သွားတာဟာ ကျနော်တို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်တယ်၊ ၀မ်းနည်းစရာ ဖြစ်တယ်လို့ ပြောရမယ်။

ဒါပေမယ့် ကျနော့်အနေနဲ့ တဖက်က ပြန်ကြည့်ပြီး ပြောရရင် ဘ၀တသက်တာလုံးမှာ အဲသည်လို ရပ်တည်ချက်ကို သေသည်အထိ ကိုင်စွဲသွားပြီးနိုင်တဲ့သူ၊ သြဇာကြီးမား စူးရှတဲ့ သတင်းစာဆရာ၊ မိသားစုနဲ့ ကျန်းမာရေး အစစ ထိခိုက်ချို့ယွင်းတဲ့ကြားထဲက အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အလုပ်တွေ အများကြီး အိပ်ယာထဲက ကုလားထိုင်ပေါ်ကနေ အလုပ်လုပ်သွားနိုင်တဲ့သူ၊ အဲသည်လို ဘ၀တသက်တာ စွမ်းဆောင်သွားနိုင်တဲ့အတွက် သူ့အတွက် ၀မ်းသာမိတယ်လို့ ပြောလိုက်ချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “U Win Tin – တသက်တာလုံး အာဏာရှင်ကို ဖီဆန်တဲ့ သတင်းစာဆရာ လူထုစိန်ဝင်း

Comments are closed.