မေ ၁၆၊ ၂၀၁၂
ထိုရေဒီယိုကြီးကို စီမံခန့်ခွဲသူက အိမ်ထောင်ဦးစီးအမေ။ ဓာတ်ခဲဖိုးကို ထည့်တွက်စဉ်းစားရသောအမေ့အတွက် ရေဒီယိုကြီးကို အဆင်အမြဲဖွင့် မထားနိုင်။ မိသားစုကျောင်းပိတ်ရက်များမှာ မြန်မာ့အသံမှသီချင်းများ၊ BBC၊ VOA တို့ကို တစ်မိသားစုလုံး စုပြုံတိုးဝှေ့နားထောင်ရင်း ချစ်ခင် ဖွယ်ရာ မိသားစုဘ၀ကို အရယူနိုင်ခဲ့သည်။ ကျန်သည့်အချိန်များမှာ ကျနော့်ကို အလိုလိုက်လွန်းသော အမေသည် ရေဒီယိုနားထောင်ချိန်တွင် ကျနော်၏ဆူဆူညံညံအသံတွေကိုတော့ သည်းမခံတတ်။ မြန်မာ့အသံမှလွှင့်သော ရှေးသီချင်းကြီးတွေက အမေ့အတွက် ခပ်တိုးတိုးလိုက် ညည်းစရာ ဖြေဖျော်မှုဖြစ်သော်လည်း ကျနော့်အတွက်ကတော့ အမေ့ပေါင်ကို ခေါင်းအုံးရင်း အိပ်ပျော်သွားသည့် အိပ်ဆေးကြီးတွေဖြစ် သည်။
ရေဒီယိုကြီးပေါ်တွင် ဘောလ်ပင်ဖြင့်အမှတ်အသားပြုထားသော အခြစ်ရာတွေရှိသည်။ ဒါက VOA၊ ဒါက BBC ဆိုပြီး အမေက ရေဒီယိုဖွင့်နည်း သင်ပေးသည်။ ရေဒီယိုဖွင့်စမ်းကောင်လေးဟု အမေ့အမိန့်သံသည် ကာကသယာဉ်ကြီးကိုထိန်းချုပ်ခိုင်းသလိုမျိုး။ လျှပ်စစ်မီးမရှိ ဖယောင်း တိုင် အလင်းရောင်မှိန်မှိန်အောက်တွင် ရေဒီယိုကြီးမှ တကျစ်ကျစ်အသံများဖြင့် ရောထွေးထွက်ကျလာသည့်သတင်းတွေအောက်တွင် အ မေ့မျက်နှာမှာ အရိပ်မျိုးစုံဖြတ်သန်းပြေးလွှားနေတတ်သည်။ ဖုန်းမော်ကျဆုံးပြီဆိုသည့်သတင်းအောက်တွင် အမေ့မျက်နှာမှာ ဒေါသအရိပ်အ ရောင်ဖြတ်ပြေးသွားတာကို မှတ်မိသည်။ အရေးအခင်းကြီးဖြစ်နေပြီဆိုသည့်သတင်းတွေနားထောင်ရင်း အမေခေါင်းတခါခါဖြင့် လုံလုံခြံခြုံနေ ကြ၊ ခေတ်ကာလကြီးက ဘာမှန်းသိရတာမဟုတ်ဘူးဆိုသည့် မှာကြားသံသည် ကျနော်တို့အတွက် ရေဒီယိုကြီးက အားငယ်စရာယူလာသူ။
အစိုးရ၀န်ထမ်းပီပီ နယ်အစုံတာဝန်ကျရာသို့ပြောင်းရွှေ့ရတိုင်း အမေ့ရေဒီယိုကြီးသည် အမေ့ပေါင်ပေါ်မှာ တယုတယပြောင်းရွှေခြင်းခံရသည့် ပစ္စည်းဖြစ်သည်။ ရောက်သည့်နယ်တိုင်းမှာ ရေဒီယိုကြီးဖြင့် အမေက သတင်းတွေငတ်မြဲ။ နားထောင်မြဲ။ BBC ရဲ့ အင်္ဂလိပ်ဘာသာအစီ အစဉ်ပိုင်းတွေတော့ အမေက သူ့သမီးအကြီးတွေကို အော်၊ ငေါက်ကာထိုင်ပြီး နားထောင်ခိုင်းသည်။ တစ်လုံးစ နှစ်လုံးစသာ နားလည်သော သူ့သမီးအကြီးတွေက နားမှမလည်တာ နားမထောင်ချင်ပါဘူးအမေရယ်ဟု အထွန့်တက်သည်။ “ မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုတဲ့ သံသရာ ဆိုတာ လှူတာတန်းတာတင်မကဘူး အင်္ဂလိပ်စာလေ့လာတာမှာလဲပါတယ်။ လာနားထောင်လှည့်။ လာစမ်း” ဆိုပြီး သူ့ဓာတ်ခဲတွေ အားအ ကုန်ခံကာ ဖွင့်ပေးထားသည်။
သား၊ သမီးတွေအသက်ရလာတော့ အမေ့ရေဒီယိုကြီးသည် အမေ၏တစ်ဦးတည်းပိုင်ဖြစ်လာသည်။ သူ၏ရေဒီယိုကြီးအပေါ် သား၊ သမီးတွေ ၏ စိတ်ဝင်စားမှုကလျော့နည်းလာသည်။ ရေဒီယိုနားထောင်သည့်ပရိတ်သတ်က အမေတစ်ဦးတည်းသာ ရှိနေတတ်တော့သည်။ စတီရီယို ခေတ်ကို တောင်းဆိုမှုများလာသည့် သား၊ သမီးတွေအသံတွေအောက်တွင် မိသားစု၏အာဏာပိုင်အမေက ပိုက်ဆံစုပြီး တရုတ်ကက် ဆက်လေးတစ်လုံးဝယ်ပေးသည်။ မွန်းအောင်၊ စိုးလွင်လွင်၊ စိုင်းထီးဆိုင်၏သီချင်းတွေအထိ ကျနော်က တရုတ်ကက်ဆက်လေးကို သိပ် စိတ်မ၀င်စားနိုင်သေး။ ကိုထူးအိမ်သင်၏ နာရီပေါ်မှမျက်ရေစက်များသီချင်းများမှာ ကျနော်က အရူးအမူးဖြစ်လာသည်။ “ကလေးများ အား လုံးလည်း စာသင်မယ့် ဆရာကိုမျှော်နေတယ်၊ စာသင်ခုံတွေလဲ ဖရိုဖရဲ ပိုးစားချကိုက်နဲ့” ဆိုသည့်သီချင်းကို ကျနော်လိုက်ဆိုတော့ မိသားစု ထဲတွင် အတောင်းဆိုခံရဆုံးသော အဆိုရှင်ဖြစ်လာသည်။
မောင်နှမတွေ၏အလိုဆန္ဒကိုမလိုက်နိုင်သဖြင့် တရုတ်ကက်ဆက်လေးက တာရှည်မခံ။ အမေက နှမြောသော်လည်း မရှိမဲ့ ရှိမဲ့ငွေလေးဖြင့် ပြင်ပေးသည်။ အသစ်ဝယ်ပေးရှာသည်။ တရုတ်ကက်ဆက်လေးသာ တစ်လုံးပြီးတစ်လုံး ပြောင်းသွားသည်။ အမေ၏ ရေဒီယိုကြီးက အမေ့ ကိုယ်ပိုင်။ ဓာတ်ခဲထည့်သည့်အစား ဘက်ထရီအိုးဖြင့် အစားထိုးဖွင့်လို့ရအောင် သူ့တပည့်တစ်ယောက်က ပြုပြင်ပေးသည်။ အမေက တပြုံး ပြုံး။
သား၊ သမီးတွေ တက္ကသိုလ်တွေတက်၊ အိမ်ထောင်တွေကျကုန်သည်အထိ အမေ့ရေဒီယိုကြီးကို တွေ့နေရဆဲဖြစ်သည်။ ကိုယ့်ဘ၀အမောနှင့် ကိုယ် ရုန်းကန်လှုပ်ရှားနေကြသော ကျနော်တို့မောင်နှမများသည် အမေ့ရေဒီယိုကြီးကို မေ့စပြုလာသည်။ အမေကိုယ်တိုင်ကလည်း သား သမီးများ ကန်တော့သောငွေကြေး၊ သူ့ကိုယ်ပိုင်ပိုက်ဆံဖြင့် တီဗွီ၊ ဒီဗွီဒီစက်၊ အခပေး ရုပ်သံလိုင်းများဖြင့် အချိန်ကုန်နေတတ်နေပြီ။ တခါ တရံ မြေးများဝယ်လာပေးသော ဇာတ်လမ်းတွဲ ဒီဗွီဒီအခွေများကိုကြည့်ပြီး မှတ်ချက်တွေလဲပေးတတ်သည်။ အမေရိကန်ဇာတ်ကားမျိုးစုံကို ကြည့်ပြီး သူတို့က စုတ်စုတ်ပြတ်ပြတ်ဇာတ်ကားတွေလဲ ရိုက်တတ်သလို အနုပညာမြောက်တဲ့ဇာတ်ကားတွေလည်း ရိုက်တတ်သားဟဲ့ဆိုပြီး မှတ်ချက်ပေးသည်။
ကိုရီးယားဇာတ်လမ်းတွဲများကိုကြည့်ပြီး အဲဒီနိုင်ငံရောက်ဘူးချင်လိုက်တာဟယ်ဟု ပြောတတ်သည်။ အမေက ဘာလုပ်ဖို့သွားမှာလဲဟု ကျ နော်က စတော့ “ဟဲ့ သူတို့ကြည့်ရတာ တောက်တောက်ပြောင်ပြောင်နဲ့ ငါတို့ကတောင် ထောက်ပံ့ခဲ့ရတဲ့သူတွေ။ အခုတော့ ဘယ်လိုများ လုပ်ကိုင်ပြီး ဒီလောက်တိုးတက်လာတယ်ဆိုတာ သိချင်တာဟဲ့..ကွာပါ့ဟယ်.. ငါတို့များကြတော့” ဆိုကာ အမေ့မျက်လုံးများက တွေးဆဆ ဖြစ်သွားသည်။
ကျနော်က ကြုံကြိုက်တိုင်း အင်တာနက်စနစ်ကြီး ကောင်းမွန်ကြောင်း၊ အသုံးဝင်ကြောင်း၊ e.mail ဆိုတာ ဘယ်လို၊ Facebook ဆိုတာ ဘယ်လိုကြီး စသည်ဖြင့် ဆရာလုပ်တော့ မျက်လုံးလေး ကလယ်ကလယ်ဖြင့် စူးစူးစိုက်စိုက် နားထောင်ရှာသည်။ မရှင်းသော နေရာများမှာလဲ ပြန်မေးတတ်သည်။ Wikipedia ဆိုတာ ဘယ်လိုဆိုတာ ကျနော်ရှင်းပြတော့ Jimmy wales နှင့် Larry sanger ကိုတို့ကို မောင်မင်းကြီးသားတို့ ကျန်းမာချမ်းသာကြပါစေဟယ်ဟု မေတ္တာပို့သည်။ ဒီမှာလည်း နင့်တူမတွေကို ဘယ်လိုသုံးတယ်ဆိုတာ သင်ပေးသွားစမ်းဆိုတော့ မြန်မာ ပြည်အင်တာနက်အခြေအနေကို ရှင်းပြလိုက်ရသည်။ အခုနက မေတ္တာပို့နေသောအမေက “သေ မသေနိုင်ကြဘူး” ဟု ပြောသည်။
အမေက သူ့ရေဒီယိုကြီးနှင့်သာ အဆက်ပြတ်နေသည်ထင်ရသည်။ သတင်းတွေ၊ လူတွေ၊ အချက်အလက်တွေနှင့်တော့ ပြတ်သည်မရှိ။ ဂျာနယ်အစုံကို လပေးဝယ်ဖတ်သည်။ သားသမီးတွေစီးပွားရေးအတွက်၊ သူ့ကျမ်းမာရေးအတွက် မပူမပင်ဖြစ်နေရသော အမေ၏ကိုယ်ပိုင် စုဆောင်းငွေများသည် ဂျာနယ်၊ မဂ္ဂဇင်း၊ တရားစာအုပ်များ ၀ယ်ဖို့ လှူဖို့ တန်းဖို့အဖြစ် သုံးစွဲနိုင်သည်။ သတင်းတွေကိုဖတ်ပြီး မှတ်ချက်တွေလဲ ချတတ်သည်။ ဂျာနယ်ကြီးတစောင်နှင့် ၀န်ကြီးဌာနတခုတို့ တရားတဘောင်ဖြစ်သည့်သတင်းတွေဖတ်ရတော့ “ဟေ့ ဒီမှာ အရှင်းကြီး..အ ရှင်းကြီး” ဆိုကာ ဒေါသထွက်နေသဖြင့် အေးအေးနေပါအမေရယ်ဟု ပြန်တားယူရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကိုဖတ်ပြီး တန်ဖိုးရှိလိုက်တာ။ တော်လိုက်တာ။ ဘမျိုးဘိုးတူဆိုတာ ဒါပေါ့။ အချိန်တွေကုန်လိုက်တာ။ သူ့ခမျာ သနားစရာ တဖွဖွပြောတတ်သည်။ “အမေ့အမကြီးက နိုင်ငံခြားသားယူခဲ့တော့ ပြောစရာဖြစ်ကုန်တယ် အမေရ” ဟု နောက်တော့ အမေက “နင့်အမတွေလဲ ဘင်္ဂလားပို့ထားပါ့လား။ နင့်အခုချိန်ဆို ကုလားလေးတွေ ချီနေရပြီ။ ဒီလို ပညာတတ်၊ ကိုယ့်အပေါ်နားလည်တဲ့ ယောက်ကျားမျိုးကတော့ ငါသာဆို ဆယ်ယောက်လောက်တောင်ယူပစ်တယ်” ဟု ပြောသဖြင့် ကျနော့်မှာ တဟားဟားသဘောကျရသည်။
ဟိုတစ်လောက အမေ့စာအုပ်သေတ္တာကြီးတွေကိုနေရာရွှေ့ခိုင်းသဖြင့် ကျနော်သွားရွှေ့ပေးရင်း အမေ့ရေဒီယို အဟောင်းကြီးကို ပြန်တွေ့ရ သည်။ ကျနော့်ပုဆိုးအစုတ်လေးတစ်ခုဖြင့် သပ်သပ်ရပ်ရပ်ထုပ်၊ ပရုပ်လုံးများထည့်ကာ သိမ်းထားသည်။ အသစ်ဝယ်ပေးမယ် အမေရယ် ပစ်လိုက်ပါတော့ဟုပြောတော့ အမေ့မျက်နှာမကောင်း။ ကျနော်က နေသားတကျပြန်ထားပေးခဲ့သည်။
အမေတို့ခေတ်က အမှန်တရားနှင့် အများဆုံးနီးစပ်သော သတင်းပလင်းတွေရဖို့ ရေဒီယို အားကိုးခဲ့ရသည်။ ကျနော်တို့ခေတ်မှာကျတော့ Facebook၊ ဂျာနယ်၊ အင်တာနက်။ ကျနော့်ကို Facebook မသုံးနဲ့တော့လို့တားသူကို စိတ်လက်ကြည်သာနိုင်ပါ့မလား။ အင်တာနက် မကြည့်နဲ့ ဂျာနယ်မဖတ်နဲ့ အားလုံးက မျက်နှာလိုက်ပြီးရေးနေတာလို့ပြောလာရင် ကျနော်က ကျေနပ်နိုင်ပါ့မလား။ ဘယ်သူမှား၊ ဘယ်သူမှန် ဆိုတာ အင်တာနက်ခေတ်ကြီးမှာ ပုန်းရှိုးကွယ်ရှိုးလုပ်လို့ရသောအရာမှမဟုတ်တာ။ အင်တာနက်ကို ဘာကြောင့် တမင်သက်သက် ဖြတ်ကြ၊ တောက်ကြလုပ်ကြသည်ကို နားလည်လာသည်။
ဒါကိုမှ ကျနော်က ကိုယ်ချင်းမစာမနာ အမေ့ရေဒီယိုအဟောင်းကြီးကို ပစ်ထုတ်ပစ်လိုက်ဖို့ပြောမိတာ အတော်လွန်သွားသည်ထင်သည်။ နောင်အချိန်ရရင် အမေ့ရေဒီယိုကြီးဖွင့်လို့ရသေးလား၊ မရေတော့ဘူးလား စမ်းသပ်ရအုံးမည်။ အမေခွင့်ပြုလျှင် သူ့ရေဒီယိုကြီးကို အသံပို ကြည်လာဖို့၊ လိုင်းဆွဲအားပိုကောင်းလာဖို့ တတ်ကျွမ်းသောဆရာများနှင့်ပြပြီး ပြင်ပေးရဦးမည်။ အခုတော့ ရေဒီယိုကြီးမှာ မိသားစုအပေါ်၊ လူ့လောကကြီးအပေါ် တာဝန်ကျေခဲ့သော သူ့သခင်မကြီးအမေ့လို အနားယူလျက်ရှိလေသည်။
Very good article.
I like it very much.
Thanks.
Good Essay!!! Miss my mom..