ဖောဖောသီသီ ကူးနိုင်ပါသည် … သို့သော် – copy rights and copy cats

 

ညွန့်ထွေး
မေ ၁၅၊ ၂၀၁၂

 


ကော်ပီကူးခြင်း

ရန်ကုန်မှာ ကျနော်တို့လုပ်နေတဲ့ ဂျာနယ်တွေမှာ ကော်ပီကူးကြတယ်။ ကော်ပီကူးတာ ကောင်းတယ်။ အချိန်ရှားပါး၊ ရေးနိုင် ဘာသာပြန်နိုင်တဲ့သူ ရှားပါး၊ ငွေကြေးနဲ့ ပစ္စည်းပစ္စယ ချို့တဲ့ကြတဲ့ ကျွန်တော်တို့ ဂျာနယ်တွေက ကော်ပီ ကူးနေကြပါတယ်။

စာနယ်ဇင်းအဟောင်းတွေကနေ ကူးတယ်။ အွန်လိုင်းက ကူးရတာဆို ပိုကောင်းတယ်။ အွန်လိုင်းမှာ ဇော်ဂျီဝမ်းနဲ့ တင်ကြတော့ ကိုယ်သုံးတဲ့ဖောင့်ပုံစံကို ပြောင်းရတာ လွယ်တယ်၊ လွယ်လွယ်လေး ကူးလိုက်ရုံပါပဲ။

ဒီလို ကူးယူ ဖော်ပြခြင်းအားဖြင့် မူရင်းရေးသားသူလည်း ပီတိဖြစ်မယ်။ (မူရင်းရေးသားသူ ဘာသာပြန်သူက ကူးယူဖော်ပြတာတွေနဲ့ပတ်သက်ပြီး အကဲဆတ်ရင်၊ မူပိုင်ခွင့်စည်းကမ်းကြီးသူဖြစ်ရင်တော့ ပီတိမဖြစ်ဘဲ ဒေါသဖြစ်မယ်ပေါ့လေ)
ကူးယူဖော်ပြထားတာကို စာဖတ်သူ ကြိုက်ပြီး ဖတ်မယ်။ မကြိုက်ရင် ကျော်ဖတ်မယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်မီဒီယာတစ်ခုရဲ့ အင်တာဗျူးမာရသွန်တစ်ခုကို ရန်ကုန်မြို့အခြေစိုက် မြန်မာဂျာနယ်တစ်စောင်က အခန်းဆက် ဖော်ပြနေတာကို တွေ့ရပါတယ်။

အင်မတန်ကောင်းပါတယ်။ သာမန်အင်တာဗျူး မဟုတ်ပါဘူး။ မေးထားတာတွေ ကောင်းတဲ့အတွက် ဒေါ်စုကလည်း အလေးအနက်ထားပြီး ဖြေထားတာ တွေ့ရပါတယ်။
ဒေါ်စု လွှတ်တော်တက်တဲ့နေ့က သတင်းသမားတချို့ရဲ့ မေးခွန်းတွေကို ဖြေဆိုပုံမျိုး မဟုတ်ပါဘူး။ တရုတ်မီဒီယာတခုရဲ့ အင်တာဗျူး ဖြစ်တဲ့အတွက်၊ တရုတ်ခေါင်းဆောင်များ ဖတ်ရှုဖွယ်ရှိတဲ့
အတွက် ဒီအင်တာဗျူးက အင်မတန် အကျိုးများမှာပါ။ ဒီအင်တာဗျူးရှည်ကို ဘာသာပြန်တဲ့သူကလည်း သူ့ဘလော့မှာ အခုလို သုံးသပ်ထားပါတယ်။

“ဂေါ်ဇီလာတရုတ်ကို မြန်မာတွေကနေ ပြောင်းလဲပစ်နိုင်တာဆိုလို့ ဒီလိုအတွေးအခေါ်လေးတွေပဲရှိတယ်။ ဒီလို အင်တာဗျူးမျိုးကို ဗျူးရဲ ဖော်ပြရဲတဲ့ Southern People Weekly magazine ကို ချီးကျူးတာတွေလည်း ဖတ်မိပါတယ်၊ ကွန်မြူနစ်နိုင်ငံမှာ ဒါတွေဖြစ်လာတာ ဝမ်းသာစရာပါ”

ဒီအင်တာဗျူးရှည်ကြီးကို ဘာသာပြန်သူရဲ့ ဒီကိုလာ www.degolar.info ဆိုတဲ့ ထင်ရှားတဲ့ဘလော့ မှာ ဖော်ပြထားတာ သုံးလ ရှိပါပြီ။ ဂျာနယ်က ကော်ပီကူးယူဖော်ပြရာမှာ ဘယ်ဘလော့ကနေ ကူးတယ် ဆိုပြီး ဖေါ်ပြထားတာ မတွေ့ရပါ။

ကျွန်တော်တို့ ဂျာနယ်တွေက ကူးယူ ဖော်ပြကြတယ်။ ပိုက်ဆံမှ မရှိတာပဲလေ။ ပိုက်ဆံရှိ ၀င်ငွေကောင်းရင်တော့ နိုင်ငံခြားမှာ လုပ်ကြသလို ၀ယ်ယူ ဖော်ပြကြမှာပေါ့။

လေးစားခြင်း

ကိုယ်ကူးလိုက်တဲ့ စာတစ်ကြောင်း၊ စာတစ်ပိုဒ်၊ စာတစ်ပုဒ် ဘယ်ကရတယ်၊ ဘယ်သူ ဘာသာပြန်ထားတယ် ဆိုတာကို ကိုယ့်ဂျာနယ်မှာ ဖော်ပြရမယ်။ ဒါမှ မူရင်း ရေးသားသူ ဘာသာပြန်သူကို လေးစားရာရောက်မယ်။

ကိုယ့်ထက်ငယ် ကိုယ့်လောက်အသုံးမကျ ကိုယ့်ထက်ညံ့သူပဲ ဖြစ်နေပါစေ ဖော်ပြရပါမယ်။ (လေရှည်လိုက်တာလို့ ထင်ချင်လည်း ထင်နိုင်ပါတယ်။ တချို့က လေရှည်မှ သဘောပေါက်တတ်လို့ပါ)

မဖော်ပြရင် အဲဒီလူကို စော်ကားရာရောက်တယ်။ စာဖတ်သူကိုလည်း မလေးစားရာရောက်တယ်။ ဒီစာ ဘယ်ကရတယ် ဆိုတာ စာဖတ်သူ သိသင့်တယ်။

တချို့စာရေးသူတွေဆိုရင် ရင်းမြစ်ဖော်ပြရုံတင်မကဘူး ကြိုတင်ခွင့်ပြုချက်တောင်းရမယ်၊ ခွင့်ပြုမှ ဖော်ပြရမယ် ဆိုပြီး ကြိုတင်ကြေညာထားတာတွေ ဖတ်ဖူးကြတယ် မဟုတ်လား။

ရိုးသားခြင်း

မူရင်းဇစ်မြစ်တွေကို ဖျောက်ဖျက်တာဟာ မရိုးသားတာပဲ။ (စာနယ်ဇင်းသမားတိုင်း သဘောပေါက်ရမယ့်အရာတွေကို ရေးရတာ ဂွကျလိုက်တာ)။

ဒေါ်စုအင်တာဗျူးကို ဘယ်ကနေ ကူးယူတယ် ဆိုတာ နောက်ဆုံးပိုင်းမှာ ဖော်ပြဖို့ စီစဉ်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မူဝါဒ နဲ့ ကျင့်ဝတ်

ဂျာနယ်တစ်စောင်မှာ ငါတို့ကတော့ ဘယ်မီဒီယာတွေဆီက ကူးမယ် ကိုးကားမယ်၊ ဘယ်မီဒီယာတွေကိုတော့ ရှောင်မယ် ဆိုပြီး မူဝါဒ ချမှတ်ထားတာမျိုး ရှိတတ်ပါတယ်။ ပမာဏ ဘယ်လောက်ပဲ ကော်ပီကူးကူး ရင်းမြစ်ကို ဖော်ပြရတာ ကျင့်ဝတ်ပါပဲ။

ဘုရင်တွေရဲ့ ကျင့်ဝတ်က ၁၀ ခု ရှိတယ်လို့ ဆိုတယ်။ သံဃာတွေမှာလည်း ကျင့်ဝတ်တွေ အများကြီး ရှိတယ်။ စာနယ်ဇင်းသမားတွေမှာလည်း ကျင့်ဝတ်တွေ မနည်းပါဘူး။ သံဃာတွေထက် မပိုရင်သာနေမယ် ဘုရင်တွေထက်တော့ ပိုလိမ့်မယ်။

ကိုယ့်ဂျာနယ်မှာပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်များက တခြားဂျာနယ်တွေနဲ့ အားလုံး မတူနိုင်ဘူး။ ပြဋ္ဌာန်းထားတာ သတ်မှတ်ထားတာ မရှိသေးဘူး ဆိုရင်လည်း တခြား ပြည်တွင်းပြည်ပ မြန်မာမီဒီယာများ၊ နိုင်ငံတကာမီဒီယာများမှာ ဘယ်လို ကျင့်သုံးနေတယ် ဆိုတာကို ရှာဖွေဖတ်ရှုသင့်တယ်။ပြီးရင် ကော်ပီကူးသင့်တယ်။ ကိုယ့်ဂျာနယ်နဲ့ မသင့်တော်တာတွေကိုတော့ မကူးနဲ့ပေါ့။

ဒီလို ပြဋ္ဌာန်းရေးဆွဲထားတာတွေကို အယ်ဒီတာအဖွဲ့ဝင်တွေဆီမှာပဲ သိမ်းထားတာမျိုးလည်း မဖြစ်သင့်ဘူး။ ကိုယ့်ဂျာနယ်မှာ လုပ်ကိုင်သူများ အားလုံး အကြိမ်ကြိမ် ဖတ်ရှုပြီး လိုက်နာရမယ့် မူဝါဒတွေ ကျင့်ဝတ်တွေ ဖြစ်တဲ့အတွက် တိုတို ရှင်းရှင်း ရေးသင့်တယ်။ ရှုပ်ထွေးရှည်လျားနေရင် ဒီလို ပျင်းစရာကောင်းတာတွေကို ဖတ်ချင်ကြမှာ မဟုတ်ဘူး။

ဒီလိုပြဋ္ဌာန်းထားရင် အနည်းဆုံးတော့ အရောင်းမြှင့်တင်ပွဲတွေမှာသတင်းယူတဲ့အခါ ပေးလာတတ်တဲ့ တီရှပ်၊ ပုဆိုးတွေကို ယူရမလား မယူရဘူးလား ဆိုပြီး ကိုယ့်သတင်းထောက်က ဇဝေဇ၀ါ ဖြစ်မနေတော့ဘူး။

နိဂုံး

နာမည်ကြီးသူကို ကဲ့ရဲ့လိုက်၊ ပျစ်ပျစ်နှစ်နှစ်ပြောလိုက်ရင် ငါ့ကို အထင်ကြီးကြတော့မှာပဲ ဆိုတဲ့ ပေါတောတော ကြောင်တောင်တောင် မူဝါဒ ကျနော့်မှာ မရှိပါဘူး။ ရေးချင်နေတာ ကြာပါပြီ။ ကြုံကြိုက်လို့ အိပ်ရေးပျက်ခံ ခြင်ကိုက်ခံပြီး ရေးလိုက်တဲ့စာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ပြည်ပမြန်မာမီဒီယာတခုမှာလုပ်ကိုင်နေသူတဦးက ပြောတယ်၊ သူတို့ဓာတ်ပုံတွေကို ဘယ်ဂျာနယ်က ယူသုံးထားတယ်၊ ခရက်ဒစ်မပေးဘူး (ရင်းမြစ် ဖော်ပြမထားဘူး) တဲ့။ ဒီတော့ – ငါတို့ မြန်မာပြည် ဂျာနယ်လောကမှာတော့ ဒီလို အခမဲ့ ကော်ပီကူးပြီး ရင်းမြစ် မဖော်ပြတာတွေက ရိုးနေပြီကွ လို့ သူ့ကို မပြောလိုက်ပါဘူး၊ သြော် … ဟုတ်လား လို့ပဲ ပြောလိုက်ပါတယ်။

အင်း … မနက်အိပ်ယာထပြီး ဂျာနယ်တိုက် ရောက်တဲ့အခါ မေးရဦးမယ်၊ ကျွန်တော်တို့ဆီမှာ မူဝါဒတွေ၊ ကျင့်ဝတ်တွေ ရေးသားပြဋ္ဌာန်းထားတာ ရှိရင် ပေးဖတ်ပါဦးလို့ အယ်ဒီတာလူကြီးတွေကို မေးရဦးမယ်။

2 thoughts on “ဖောဖောသီသီ ကူးနိုင်ပါသည် … သို့သော် – copy rights and copy cats

  1. I think we, Burmese people especially those in-country, should really practise the proper referencing system.

Comments are closed.