ရသဆောင်းပါးစုံ

နှစ်သက်မိသော မျက်ရည်များ

ဖိုးထက်
မတ် ၁၊ ၂၀၁၂

အမှန်အတိုင်းသာဝန်ခံရလျှင် နိုင်ငံရေးဆိုတာ မစားကောင်းသောအသီးလို့ ကျနော်ခံယူခဲ့သည်။ ထိုအယူအဆအတိုင်း နေထိုင် ဖြတ်သန်း လာသဖြင့် ယခုခေတ် နိုင်ငံရေးခေါင်းဆောင်တွေဆိုလျှင် ဗိုလ်ချုပ်သမီးငယ် ဘမျိုးဘိုးတူ စိတ်ဓာတ်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို သိ သည်။ နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုသူများထဲကမှ ကိုမင်းကိုနိုင်ကိုသိသည်။ ဒါတောင်မှ ပေါ်ဦးဆိုသည့် သူ့နာမည် အရင်းကိုတောင် ကြီးမှသိခြင်းဖြစ်သည်။

တကယ်တော့ ၈၈ ဆိုသည့်ခုနှစ်မှာ ကျနော်က ချာတိတ်ပေါက်စ။ ၈၈ အရေးအခင်းကြီးတုံးမှာ ကျနော်က မူလတန်းကျောင်းသား။ အရေး အခင်းကြီးမှာ ကျနော် မှတ်မှတ်ရရရှိခဲ့တာ နှစ်ခုဘဲရှိသည်။ တစ်ခုက ကျနော်တို့သားအမိ ဗွီဒီယိုသွားသွားကြည့်သည့် ဗွီဒီယိုရုံပိုင်ရှင်သမီး စင်မြင့်ထက်မှ တရားဟောခြင်းဖြစ်သည်။ ဖနောင့်တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပြီး ငေါက်ငေါက်ငမ်းငမ်း ဟောပြော ခြင်းအား ဘာကိုကြောက်မှန်းမသိ ကျနော်ကြောက်ခဲ့သည်။

ဒုတိယမှတ်မိတာက ကျောက်သယ်သောကားကြီးနှင့် ကျနော်တို့နေသောရွာမှ မန္တလေးကျုံးအထိသွားကာ ဆန္ဒပြလူပင်လယ်ကြီးနှင့် ပူးပေါင်းခြင်း၊ ကျနော့်လက်မှာက ဘယ်သူလာထည့်ပေးသွားမှန်းမသိသော “ကျွန်ုပ်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေသည်” ဆိုသည့် ဆိုင်းဘုတ်လေး ကိုင်ထားခဲ့သည်။ မူလတန်းကျောင်းသား ချာတိတ်အရွယ်၊ ဆိုင်းဘုတ်နှင့် မြောက်ကြွ မြောက်ကြွမျက်နှာကိုကြည့်ကာ လူတွေ ပြုံးစိ ပြုံးစိ လုပ်သွားတာမှတ်မိသည်။ ရေခဲချောင်းတွေစားရသည်။ ကောက်ညှင်းပေါင်းလည်း စားခဲ့ရသည်ထင်သည်။ အအေးတွေလည်း သောက် သည်။ အိမ်ပြန်ရောက်တော့ အစားစုံကာ ကျနော်အပြင်းဖျားသည်။ ထိုတွင် ၈၈ နှင့် ကျနော် အဆက်အသွယ်ပြတ်သွားတော့သည်။

“နိုင်ငံရေးများ သွားမစလေနဲ့။ ဘ၀ပျက်သွားမယ် ဘာမှတ်နေလဲ” ဆိုသည့်ဝန်ထမ်း အမေ့စကားသံနှင့်အတူ နိုင်ငံရေးနှင့် အတော်ဝေးခဲ့သည်။ ပါတ်ဝန်းကျင်သူငယ်ချင်းတွေထဲမှာ နိုင်ငံရေးလုပ်တဲ့သူလဲ ဘယ်သူမှမရှိပါဘူးလေဆိုပြီး ဖြတ်သန်းခဲ့သည်။ နိုင်ငံရေးဆိုတာ နှဖူးခေါင်းစီး စီး၊ လူအုပ်ကြီးနဲ့ လိုက်အော်၊ ထောက်လှမ်းရေးတွေ အချိန်မရွေးလာခေါ်တာ လိုက်နိုင်ရမည်ဟု မှတ်ခဲ့သည်။ နိုင်ငံရေးလုပ်ဖို့ ငါ့အသက် ငယ်သေးတယ်ဆိုပြီး တွေးကာနေခဲ့သည်။ သို့သော် ကျော်ကိုကို၊ နေဘုန်းလတ်တို့ကိုတွေ့ပြီး မျက်နှာကို ဘယ်နားထားရမှန်းမသိဖြစ်ကာ မျက်နှာပြောင်ဘဲတိုက်ရသည်။

မရှက်တမ်းသာဝန်ခံရလျှင် နိုင်ငံရေးအသိ ဆင်းရဲလွန်းခဲ့သည်။ ထို့ကြောင့် အခုနောက်ဆုံး ကိုမင်းကိုနိုင် ထောင်မှပြန်လွတ်လာတော့ ကျောင်းနံရံမှာ ဒေါင်းအလံတွေပြန်စိုက်မည်ဆိုပြီး ကြွေးကြော်သံကို ကျနော်မခိုက်။ မခံစားရ။ ၈၈ အရေးတော်ပုံကြီးသည် မြန်မာ့နိုင်ငံ ရေးသမိုင်းမှာ အရေးပါအရာရောက်သည်ဆိုတာကို အသက်ကြီးကာမှ သတိထားမိလာသည်။ ၈၈ မျိုးဆက်ကျောင်းသားဟုဆိုလိုက်လျှင် ကိုမင်းကိုနိုင်ကိုဘဲသိသည်။ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ မမီးမီးတို့ကို သိသလိုလိုရှိသော်လည်း တကယ်တော့မသိ။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရည်နှင့်ဆင်တူသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုပြီး ကိုကိုကြီးကို ရည်ညွန်းကြတော့ ကျနော်သတိထားမိသွားသည်။ စကားပြောပုံက ကိုမင်းကိုနိုင်တို့နှင့်မတူ။ ကိုမင်းကိုနိုင်က တက်တက်ကြွကြွ၊ ထက်ထက်မြက်မြက် ခေါင်း ဆောင်ပီပီ စည်းရုံးနိုင်စွမ်းရှိပုံရသည်။ ကိုကိုကြီးကျတော့ စာဖတ်နာသောလူတစ်ယောက် စကားပြောနေသလိုမျိုး။ ချင့်ချင့်ချိန်ချိန်၊ နှိုင်းနှိုင်းဆဆ။

ဒီလိုဆိုတော့ ကိုမင်းကိုနိုင်တို့စကားပြောတာ ဗြဲလျှမ်းကြီးလို့ဆိုလိုချင်တာလားဟုအမေးရှိလာလျှင် မဟုတ်ဘူးလို့ဘဲဖြေရမည်။ ကျနော့် ပုဂ္ဂလိကခံစားချက်က ကိုကိုကြီးကို ပိုသဘောကျနေသောကြောင့် တစ်ဖက်သတ်မျက်နှာလိုက်ကာ အမှတ်ပေးခြင်းဖြစ်မည်။

အစ်ကို ကိုကိုကြီး ထောင်မှထွက်ထွက်ခြင်း အင်တာဗျူးတစ်ခုမှာ ပြောသောစကားရှိသည်။

“ကျနော်တို့နေ့စဉ် ကြုံတွေ့နေရတဲ့လူမှုရေး၊ စီးပွားရေးဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်။ နိုင်ငံရေးဟာ အခြေ ခံဖြစ်တယ်။ ကျနော်တို့ နိုင်ငံသားတယောက် ချင်းစီဟာနိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး။ ကိုယ်ကိုယ်တိုင် တပိုင်တနိုင်ပါဝင်ကြမှဖြစ်မယ် ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေကိုပြောချင်ပါတယ်”

ကိုကိုကြီးစကားကို ကိုမင်းကိုနိုင်၏ ဒေါင်းတွေ၊ ကျောင်းတွေပါသောစကားထက် ပိုသဘောကျသည်။ ကျနော့်ရင်ထဲကို ပိုရောက်သည်။ ကျောင်းကို ကျောင်းလိုမတက်ခဲ့ရသော မျိုးဆက်လူငယ်တစ်ယောက်ဟု ကျနော့်ကိုအမြင်ရှိကြလျှင် ကျနော့်ခံစားချက်ကို နားလည်ကြမည် ထင်သည်။

အခု နောက်ဆုံး သရက် NLD ရုံးဖွင့်ပွဲအသွားခရီး မော်တော်ပေါ်မှာ အင်တာဗျူးရင်း မျက်ရည်ကျနေသော ကျနော့်လူကြီး ကိုကိုကြီးငိုတာ တွေ့ရတော့ ဒါမှငါ့လူကြီးကွဟု အားရမိသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ငိုရသလားဟု အပြစ်တင်ကောင်းတင်နိုင်ကြသည်။ ကျနော့် အမြင်က တမျိုးဖြစ်သည်။ စိတ်ထားနူးညံ့သော၊ အနုပညာအခံစိတ်ရှိသောခေါင်းဆောင်များသည် ကလေးလေးကို ခဏ ခဏ မျက်ရည်ကျ မနေလျှင်ပြီးရော။ လူသားပီပီ ခံစားချက် ပြင်းထန်လွန်းလာလျှင် မျက်ရည်ကို ထိန်းထိန်းသိမ်းသိမ်း ကျခွင့်ပေးလိုက်တာ သူတို့ခံစားချက်ကို လေးစားရာရောက် မည်ထင်သည်။

ကျနော့်လူကြီးကျသောမျက်ရည်တွေသည် ၀မ်းနည်းမျက်ရည်မဟုတ်။ မခံချင်စိတ်များဖြင့် ဂလဲ့စားခြေချင်သည့် အမုန်းမျက်ရည်များ မဟုတ်တာ သေချာသည်။ နိုင်ငံအတွက် သူလျှောက်လှမ်းချက်သောလမ်းကို လျှောက်နေရပြီဆိုသည့် ၀မ်းသာကြည်နူးမှုကြောင့် ကျသော မျက်ရည်တွေဘဲ ဖြစ်မည်ထင်သည်။ သူ့ဆီက ဒီလိုမျက်ရည်များများ ထပ်တွေ့ချင်ပါသေးသည်ဟု တွေးမိလျှင် ကျနော့်ကို ခွင့်လွှတ်ကြစေ ချင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

6 thoughts on “နှစ်သက်မိသော မျက်ရည်များ
  1. နိုင်ငံရေးဆိုတာ မစားကောင်းသောအသီး၊
    “နိုင်ငံရေးများ သွားမစလေနဲ့။ ဘ၀ပျက်သွားမယ် ဘာမှတ်နေလဲ”ဆိုပြီးကိုယ်တိုင်လဲ
    ကင်းအောင်နေ၊ကိုယ့် မျိုးဆက်အသိုင်းအဝိုင်းကိုလဲနိုင်ငံရေးနဲ့ ကင်းအောင်၊
    ငယ်ငယ်ထဲကပုံစံသွင်းဖြတ်သန်းခဲ့ ကြသူတွေကတော့ အများကြီးပါ၊ လူတိုင်းဟာကိုယ့်အကျိုးစီးပွားပျက်မှာကိုတော့ ကြောက်ကြတဲ့ သူတွေကြီးပါဘဲ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အနစ်နာခံတော်လှန်ရေးလုပ်ခဲ့ လို့ ဗမာပြည်လွတ်လပ်ခဲ့ တာတော့ 
    သင်ဘူးမှာပါနော်၊ ဒီလိုဘဲအခုအချိန်မှာမင်းကိုနိုင်တို့ ကိုကိုကြီးတို့ လိုမရေတွက်နိုင်တဲ့ 
    သူရဲကောင်းအပေါင်းဟာလဲဗမာပြည်ဒုတိယလွတ်လပ်ရေးအတွက်စွန့် လွှတ်အနစ်နာခံ
    လုပ်နေကြတယ်၊ ရှင်မို့ လို့ ပြောရက်တယ်နော်၊ဲ
    သူများမျက်ရည်ကျတာထပ်ကြည့် ချင်သေးတယ်လို့်၊ ကိုကိုကြီးလိုလူမျိုးမျက်ရည်ကျတာ
    မြင်တော့ စစ်အစိုးရကိုကျမကတော့ ပိုပြီးနာကျဉ်းတယ်၊ကျမကတော့ ဘာအပစ်မှမရှိတဲ့ 
    လူတော်လူကောင်းတွေထပ်ပြီးမျက်ရည်ကျဖို့ ကြုံနေရတဲ့ အဖြစ်တွေ၊ ဗမာပြည်မှာ
    မရှိသင့် တော့ ဘူးလို့ ထင်တယ်၊ကျမအမြင်ကတော့ နိုင်ငံရေးဆိုတာလိုအပ်ရင်
    ဆန္ဒပြသင့် လဲပြရမယ်၊ လက်နက်ကိုင်တိုက်သင့် လဲတိုက်ရမယ်၊ ငြိမ်းငြိမ်းချမ်းချမ်း
    ဆွေးနွေးလို့ ရရင်လဲဆွေးနွေးရမယ်၊ ဒါဟာတော်လှန်ရေးသမားတွေရွေးချယ်ခြင်လို့ 
    ရွေးချယ်တာမဟုတ်ဘူး၊ စစ်အုပ်စိုးသူအဆက်ဆက်ကဖန်တီးခဲ့ လို့ ဒီလမ်းကို
    လျှောက်အောင်တွန်းပို့ ခဲ့ လို့ ဖြစ်လာရတယ်ဆိုတာစာများများဖတ်၊သမိုင်းကိုလေ့ လာ၊
    ကိုယ်ချင်းစာစိတ်ကလေးနဲ့ တွေး ပေးမယ်ဆိုရင်ရှင်အမှန်တရားတွေကိုမြင်လာမှာပါ၊
    ကျမကတော့ ကိုယ်ကျိုးစွန့် ပြီးတိုင်းပြည်အတွက်လုပ်နေသူတိုင်းကိုလေးစားတယ်….

  2. မခင်မြတ်ဆွေက စာရေးတဲ့ ကိုဖိုးထက် ပေးချင်တဲ့ မက်ဆေ့ခ်ျကို မရဘူးဖြစ်နေတယ်ထင်တယ်။ သူ မြန်ချင်တဲ့ မျက်ရည်က ဘယ်လို မျက်ရည်လဲဆိုတာ ဆောင်းပါးကို သေချာ ပြန်ဖတ်ရင် သိပါတယ်။ သူက ရိုးရိုးသားသား နိုင်ငံရေးနဲ့ ဝေးတယ်လို့ ၀န်ခံနေပေမယ့် ဒီလူက နိုင်ငံရေးနဲ့ ဝေးအောင် နေ နေတဲ့ သူမဟုတ်တာ ဒီဆိုဒ်မှာ သူ့စာတွေ ပြန်ဖတ်ရင် တွေ့ရမှာပါ။ အရေးကြီး ဆောင်းပါးလဲ မဟုတ်ပါဘူး။ သူ့ ကိုယ်ပိုင် ခံစားချက်ကို ခံစားမှု တစ်ခုအနေနဲ့ ချပြသွားတာထက် ပိုအရေးပါတဲ့ ဆောင်းပါးတော့ မဟုတ်ဘူးထင်တာဘဲ။ သူရေးပုံ၊ တွေးပုံတွေက စာမဖတ်တဲ့ ၊ သမိုင်းကို မလေ့လာတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးလို့ ထင်တယ်။ လူအများစုက ကိုယ်ကျိုးမစွန့်နိုင်ဘူးဗျ။ အာဇာနည်တွေမှ ကိုယ်ကျိုးစွန့်နိုင်ကြတာပါ။ ဒါပေမယ့် သူ့လိုမျိုး နိုင်ငံရေးကို မြင်တတ်၊ တွေးတတ်တဲ့ နောက်လိုက် လူတွေလဲ လိုတယ်ခင်ဗျ။ စာရေးသူ ပေးချင်တာက တစ်ခြား၊ ဖတ်တဲ့သူက တွေးချင်ရာ စွတ်တွေးပြီး စာဖတ်၊ သမိုင်းလေ့လာဆိုပြီး ဆရာသွားလုပ်နေ။ ဘာဘဲဖြစ်ဖြစ် ကိုဖိုးထက် စာတွေ ကျနော်စောင့်ဖတ်နေပါတယ်ခင်ဗျာ။

  3. Agree with Thway Naing. We got the message that Ko Phoe Htet wanted to send. We got to admire that his braveness to admit that he was afraid of being involved in politics (when he was very young which is natural) like many people (like us, we didn’t dare to do what they did, right), but it’s much different between the being interested without being involved and without being involved with the self-interest, the greed, and the benefits, right??? We all are interested in our country’s affairs much or less, but we didn’t dare to be involved like the 74, 88, 96 students’ generations and NLD members and Daw Su, and all other ordinary individuals. But there are many Burmese who are making fun of those sacrifices for their own sake. Ko Phoe Htet implies how much he is interested in politics by admiring U Ko Ko Gyi.
    This is one of the problems of our Burmese people’s mentality which cannot differ the true colours of what the authors want to say…..I have met many stupid comments at various Burmese affair websites as they did not comprehend what the authors really want to mention (For instance, Director Wyne’s article about academy)…..Poor Burmese authors and writers who have not got right audiences who can perceive the correct message, sometimes….

  4. I feel really painful in my heart whoever cries (Ko Min Ko Naing, Ko Ko Gyi or any other ones who sacrifice themselves for our country). Personally, I don’t want to see their tear again. I just want to see their smile in the future. I always wish for them to be successful.

Comments are closed.