အရာရာအားလုံး … ဟောင်းနွမ်းလွန်းနေလို့

ဆောင်းယွန်းလ
မတ် ၁၊ ၂၀၁၂

အရင်တုန်းက ငါတို့တတွေလည်း
အခု မင်းတို့လိုပါပဲ
ဖြစ်ခဲ့ဖူးတယ် ဖြစ်ခဲ့ဖူးကြတယ်….

သီချင်းတပုဒ်ထဲမှာ သူငယ်ချင်းနှစ်ယောက်
လက်ဖက်ရည်တခွက်ကို
တယောက်တဝတ် သောက်တတ်ခဲ့ကြဖူးတယ်…

ကဗျာတပုဒ်ထဲမှာလည်း သူငယ်ချင်းနှစ်ယောက်
ဆေးပေါ့လိပ်တလိပ်ကို
တယောက်တဖွာ အိပ်ရာဝင်ခဲ့ကြဖူးတယ်…

ငါတို့ထက်ကျစ်လစ်တဲ့ လက်သီးဆုပ်တွေတောင်
ငါတို့လက်သီးတွေလောက် မကျစ်လစ်ခဲ့ကြဘူး…

ငါတို့ထက်အားကောင်းတဲ့ လက်မောင်းတွေတောင်
ငါတို့လက်မောင်းတွေလောက် အားမကောင်းခဲ့ကြဘူး…

အဲသလို…
ပြောရင်း …ဆိုရင်း …နေရင်း ….ထိုင်ရင်း ….
ကုန်လွန်ခဲ့ကြ… တက်လှမ်းခဲ့ကြ …ဖြတ်သန်းခဲ့ကြ…

ပြန်မရနိုင်တော့မယ့် နာရီတွေက
ရာသီစာ ကဗျာတပုဒ်ထက် ပိုပြီး …..နက်နက်နဲနဲ…

အခုတော့….
ငါတို့အားလုံးတွေရဲ့ဘဝတွေထဲမှာ
အရင်အတိုင်းဆိုတာတွေထက် ပိုလွန်းတဲ့ မလိုအပ်မှုများနဲ့
မှားယွင်းစွာ ခါးသီးဟောင်းနွမ်းနေကြ…

ဖြစ်နိုင်ရင်…..
လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကာလကို
တညလောက် ပြန်ရကြည့်ချင်တယ်….။ ။

One thought on “အရာရာအားလုံး … ဟောင်းနွမ်းလွန်းနေလို့

Comments are closed.