>Blast kills 1 at Rangoon university

>

ရန်ကုန်မြို့ ကမာရွတ်လှည်းတန်းဗုံးကွဲ ၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၁၊ ၂၀၁၁


ရန်ကုန်မြို့ ကမာရွတ်မြို့နယ်လှည်းတန်းလမ်းဆုံရှိ အများသုံး သန့်စင်ခန်းတွင် ယနေ့နံနက်ပိုင်းက ဗုံးတလုံးပေါက်ကွဲရာ တဦးသေဆုံးပြီး၊ တဦးဒဏ်ရာရသွားသည်။

ဖြစ်ပွားပုံမှာ လှည်းတန်းလမ်းဆုံ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းဆုံရာထောင့် တက္ကသိုလ်ဝင်းအတွင်းရှိသည့် အများသုံးသန့်စင်ခန်း အမျိုးသမီးဘက်အခြမ်းတွင် ချိန်ကိုက်ဗုံးတလုံး ပေါက်ကွဲရာမှ သန့်စင်ခန်းဝင်ကြေးကောက်ခံသူ အမျိုးသမီးငယ် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားသန့်ရှင်းရေး ၀န်ထမ်းအမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်း အနီးအနားရှိ လမ်းဘေးဈေးရောင်းသူများ သွားရောက်ကြည့်ရှုရာ သန့်စင်ခန်းဝင်ကြေး ကောက်ခံသူ မခင်စန်းရီမှာ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာအနီးတွင် လဲကျနေသည်ကိုတွေ့ရပြီး အခြား တဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိနေသည်ကိုတွေ့ရကြောင်း ပြောသည်။

အနီးအနားမှ မျက်မြင်သက်သေ အချို့က ချိန်ကိုက်ဗုံးသည် သန့်စင်ခန်းဝင်ကြေး ကောက်ခံရာ စာပွဲပေါ်အနီးတွင် ပေါက်ကွဲခဲ့သည့် လက္ခဏာရှိသည်ဟု ပြောဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်အနည်းငယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက်ပြီးနောက် မပေါက်သေးသည့် ဗုံးတလုံးရှိသေးသည်ဆိုသည့် ပြောဆိုသဖြင့် အနီးအနားမှ ရဲများ၊ အရပ်သားများ အားလုံး ရှောင်ပြေးကြပြီးနောက် စစ်တပ်မှ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူများ လာရောက်ကာ မိုင်းရှာ ကိရိယာများ၊ အနံ့ခံခွေးများဖြင့် အနီးပတ်ဝန်းကျင်ကို ရှာဖွေခဲ့သည်။

သေဆုံးသူ ရုပ်အလောင်းအား နေ့လည် ၁၂ နာရီကျော်တွင် ကယ်ဆယ်ရေးအဖွဲ့များက သယ်ထုတ်သွားသည်ကိုတွေ့ရသည်။

ဗုံးပေါက်ကွဲမှုကြောင့် သန့်စင်ခန်း အတွင်းပိုင်းနှင့် အမိုးများ ပျက်စီးသွားသည်ကိုတွေ့ရသည်။ ရဲနှင့် လုံခြုံရေး အများအပြား လာရောက်သည်ကို တွေ့မြင်ရသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ကုန်ကလည်း ရန်ကုန်မြို့တော်ခန်းမ ကားရပ်နားရာတွင် လက်ပစ်ဗုံး တွေ့ရှိရသဖြင့် ဗုံးရှင်းလင်းရေး အဖွဲ့များ လာရောက်ကာ ဖောက်ခွဲ ရှင်းလင်းခဲ့သည်။ ရန်ကုန်မြို့တွင် ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှု အများအပြား၏ လက်သည် တရားခံကို ဖမ်းဆီးရမိခြင်း မရှိပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts