>Kyaw Thu – FFSS Yangon Activity,

>

မိုးထက်မြင့်သောစိတ်ထားများ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၂၀၊ ၂၀၁၁



နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လပတ်အစည်းအဝေး ၁၈.၁၂.၂၀၁၁ (တနင်္ဂနွေ) နေ့၌ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပခုက္ကူ ရေဘေးသင့်ဒုက္ခသည်များထံသို့ အများပြည်သူတို့၏ လှူဒါန်းမှုအစုစုတို့ကို ရေဘေးသင့်ဒေသများရှိ ဒုက္ခသည်များထံသို့ ကုန်းတတန်၊ ရေတတန်၊ လှေတတန်၊ ကားတတန်၊ ဆိုင်ကယ်တတန်၊ နွားလှည်းတတန်၊ ခြေလျင်တစ်မျိုး ရုန်းကန်၍ ကိုယ်ကျိုးစွန့်ကာ သွားရောက် ပေးဆပ်ကူညီ ဖေးမပေးခဲ့သည့် အသင်းသား (၈) ဦးတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ “လူမှုရေး သူရဲကောင်း” ၂၀၁၁ ခုနှစ်အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် အခမ်းအနားနှင့် ပူးတွဲကျင်းပပေးခဲ့သည်။


ယင်းအခမ်းအနားအား ကိုယ်ကျိုးစွန့်ကာ ခဲရာခဲဆစ်သွားရောက် ကူညီမှုဓာတ်ပုံကားချပ်များအား Slide Show အဖြစ် ပြသကာ ဂုဏ်ပြုလွှာ၊ ဂုဏ်ပြုဆုတို့ကို ပေးအပ်ခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ် များအား (အခမဲ့) ကူညီ ပံ့ပိုးပေးခဲ့သလို သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်ကယ်ဆယ် ထောက်ပံ့ရေးများကိုပါ လုပ်ကိုင်လျှက် ရှိရာ ထိုကဲ့သို့ လူမှုရေးစိတ်ဓာတ်ပြင်းပြသော လူငယ်မျိုးဆက်သစ် သူရဲကောင်းများ၏အင်အားကိုပါ လိုအပ်လျှက်ရှိသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကိုယ်ကျိုးစွန့်ကာ သွားရောက်ကူညီ ဖေးမခဲ့သော လူမှုရေးသမားများ၊ မျိုးဆက်သစ်ခေါင်းဆောင်များအား အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ယင်းကဲ့သို့ လူမှုရေးသူရဲကောင်း ဆုများကို ရရှိခဲ့သောသူများမှာ – ဦးအောင်စိုး၊ ဦးတင်မင်းနိုင်၊ ဦးဇေယျာလင်း၊ ဦးချားလစ်၊ ဦးစိုင်းသူရဟန်၊ ဦးမြတ်သူ၊ ဦးဖြိုးဇင်ကျော်၊ ဦးဇော်မင်း တို့ဖြစ်ကြသည်။ ၎င်းတို့သည် ဒေသခံလူမှုရေးအဖွဲ့များနှင့် အတူတကွ လက်တွဲကူညီဖေးမနိုင်ခြင်းဖြစ်သည့်အတွက် ဒေသခံလူမှုရေးအဖွဲ့များ၊ ဒေသခံ ရပ်မိ/ဖအားလုံး ကိုလည်း “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ကုသိုလ်ကောင်းမှုကြီးကို လုပ်ဆောင်နိုင်သည့်အတွက် များစွာကျေးဇူး တင် မှတ်တမ်းတင်လိုက်ပါသည်။


နေ့လည်ပိုင်းတွင် စာပေဟောပြောပွဲ အခမ်းအနားအား စာရေးဆရာကြီး လယ်တွင်းသားစောချစ်မှ “မိုးထက်မြင့်သောစိတ်ထားများ” ဟူ သော ခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများအား ဟောပြောပေးခဲ့သည်။ ထို့ကြောင့် “အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်ကြသည်” ဟူသော ဆရာတော် ဦးတိက္ခမိန့်ကြားထားသော လူမှုရေးသမားအတွက် ဆောင်ပုဒ်ကဲ့သို့ ဆရာကြီး လယ်တွင်းသားစောချစ် ဖော်ကျူးဟောပြောသွားခဲ့သော ဟောပြောချက်၏ အဓိက အနှစ်သာရမှာ လူမှုရေးသမားများ၏ စိတ်ဓါတ်တို့သည် မိုးထက်မြင့်သောစိတ်ထားများထားရှိနိုင်မှသာ လူမှုရေးသမားစစ်စစ်၊ ပေးဆပ်သူ စစ်စစ် ဖြစ်ပေတော့မည် ဖြစ်သည်။

“လူမှုရေးသမားများ၏ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်။”