>
နာမကျန်းပြီ မြစ်ရွှေလီ
မေခ
အောက်တိုဘာ ၂၀၊ ၂၀၁၁
အတိတ်က ရွှေလီ
လွန်ခဲ့သောလေးငါးနှစ်လောက်က မူဆယ်ကနေ ရွှေလီမြစ်ပေါ်ဇက်င်္စီးပြီးဟိုဘက်ကမ်းမှာရှိတဲ့ မြန်မာပိုင် မန်ဟီးရိုးမြို့ သို့ ပထမဆုံးရောက်ခဲ့ဖူးပါသည်။ ထိုစဉ်ကဒီဘက်ကမ်း စောမွန်လှရဲ့ ဆယ်လန့်ရွာလေးကျော်တော့ ပိုင်ကျောင်းရွာဆိုင်းဘုတ်ရောက်ပြီးညာဘက်ကွေ့ချိုးရသည်။ မူဆယ် နမ့်ခမ်းကားလမ်းဘေး ပိုင်ကျောင်းဆိုင်းဘုတ် ကနေ ဟိုးမြစ်ဆိပ်ရောက်ဖို့ ကားကို သိပ်မမောင်းလိုက်ရပါ။
မြစ်က ဒီဘက်ကမ်းဘက်မှာ အတော်ရောက်နေခဲ့သည်။ မြစ်နှင့်ကားလမ်းကြားကမြေကွက်နေရာတွင် ရွာခံတွေက ပြောင်း၊ဖရဲ၊သခွား ၊ဂေါ်ဖီ၊မုန်လာ စသည်တို့ကိုစိုက်လေ့ရှိသည်။နေရာကျယ်ကျယ် မြေကွက်တွေမှာတော့ စပါးပါစိုက်တတ်ကြလေ၏။ မြစ်ကမ်းထိပ်ကိုခဏလေးနဲ့ရောက်သွားခဲ့ပြီးမြစ်ပြင်ကအတော်လေးကျယ်ဝန်းကာ ဟိုဘက် မန်ဟီးရိုး မြို့က နောင်ခေါ်ရွာကို မြင်ကိုမမြင်ရ။နှင်းတွေမှုန်ပိတ်နေလို့ မဟုတ်။ နေခြည်လင်းပျပျ ပြာလဲ့လဲ့ကောင်းကင် ကကြည်လင်နေချိန်မှာဖြစ်လေသည်။
မြစ်ရေပြင်ကအင်နှင့်အားနှင့်မာန်နှင့်ထန်နှင့်ဖြစ်လေ၏။ လှိုင်းရေအဟုန်က ပြင်းပြင်း ။ ကော်ဖီကျကျရောင်မြစ်ရေက ဒေါကြီးမောကြီး ဆောင့်ကြီးအောင့်ကြီးနိုင်လွန်းလှသည်။ ဇက်ပေါ်လူတက်တာတောင် ကမ်းစပ်ကိုလာရိုက်တဲ့ရေလှိုင်းကမုန်ယိုနေသေးသည်။ လှိုင်းလေထန်ထန် မြစ်ပြင်ကျယ်ကြီးက လူကို ရင်ထဲအေးကနဲ သေးငယ်ကုံျ့ဝင်သွားသလိုခံစားလိုက်ရသည်။
ဟိုဘက်ကမ်းဆီရောက်ဖို့ဒေါသကုမ္မာရမြစ်ကော်ဖီ ရေလှိုင်းက ဇက်ကိုမြန်မာပြည်ထဲ တွန်းချသွားဖို့ ဇွတ်စီးနေလေတော့ဇက်က ရေလှိုင်းကိုမနည်းကျော်လို့ လေကိုဆန်လို့ ကူးရရာ ဟိုဘက်ကမ်းဆီရောက်ရန် လေးဆယ့်ငါးမိနစ်လောက်ကြာတတ်လေသည်။
မြစ်ပြင်လယ်မှာ လေပြင်းအေးအေးက တဖြတ်ဖြတ်မို့ ဇက်ပေါ်ကတန်းကိုမြဲမြဲဆုပ်ကိုင်ထားရသည်။ မြစ်ထဲမှာတံငါလှေလေးတွေကလည်း ဟိုနား ဒီနားတွေ့နေရလေသည်။ ကမ်းနှစ်ဘက်မှာကလည်း စိမ်းစိမ်းစိုစိုမြစိမ်းကော်ဇောကြီးလွှမ်းခြုံထားသလိုရှိလေသည်။ ဟိုဘက်ကြည့်လည်း စိမ်း ဒီဘက်ကြည့်လည်းမြတလောကလုံး စိမ်းစိုမြမြ။ ဒီဘက်ကမ်းကရွာလေးတွေမှာလည်း စပါးကွင်းတွေက စိမ်းစိမ်းမို့မြစ်ကြောတလျှောက်လုံး ဗန်ဂိုးဆေးခွက်မှောက်ထားသလို အရောင်တွေက စိုဝင်း တောက်ပြောင်လင်းလက်နေလေ၏။
ဒါလွန်ခဲ့သော၈နှစ်လောက်ကဖြစ်လေသည်။
အခုတခေါက်ကျွန်တော် မန်ဟီးရိုးဘက်ဆီ ကိုဆန်းလင်းနဲ့သွားကြတော့ အရာရာသည် ပြောင်းလဲလို့နေချေ၏။မူဆယ်မှာနေတုန်း မှတ်တမ်းလေးတခုရိုက်ဖို့ စိတ်ထဲချဉ်ခြင်းတက်လာလို့ ဗီဒီယိုကင်မရာလေးကို ကားပေါ်တင်ပြီး ကိုဆန်းလင်းနှင့်ထွက်ခဲ့ကြလေသည်။မူဆယ်ကမထွက်ခင်မှာပဲ လမ်းပေါ်မှာ ဆိုင်ကယ်တွေက ကြွက်တွေလိုဟိုးပြေးဒီပြေး ပြေးနေကြသည်။
ဘေးဘယ်ညာကကျော်တက်၊မျက်နှာချင်းဆိုင်က လမ်းပြောင်းပြန်လာ။ လမ်းဆုံကဖြတ်ဝင်။ လမ်းတွေကလည်း ကျောက်ပေါက်မာနေဖြင့်ပြည့်နေသည်။အေရှဝေါက အတိတ်မေ့နေသည်။ စိတ်ကမလန်းချင်။ကားမောင်းရတာက မချော။ အကွေ့အကောက်တွေနှင့်ပြည့်နေတော့လေသည်။
နမ့်ခမ်းဘက်သွားသောလမ်းရဲ့ဘေးမှာရှိသည့် ရင်ကွဲတောင်ပေါ်ရောက်တော့ ရုတ်ချည်း စိတ်ကပြေသွားသည်။ တောင်ပေါ်လေအေးစိမ့်စိမ့်ကစိတ်ကိုဖမ်းလိုက်သည်။
ညောင်ပင်အောက်မှာကားရပ်လိုက်တော့တောင်ထိပ်နဖူးကခုံတန်းလေးပေါ်မှာ တန်းစီထိုင်ပြီး ဟိုးအဝေးက ရွှေလီမြစ်ပြင်ဆီငေးတွေ ကသိုင်းရှူ့နေကြသောကိုရင်လေးတွေက လှည့်ကြည့်လိုက်ကြသည်။
ဘုရားမဖူးအား။ကားပေါ်ကသွက်သွက်ဆင်းထရိုင်ပေါ့ကိုထုတ် ကင်မရာကိုဆင်ရသည်။
တောင်ပေါ်လေကမြနေသည်။ဟိုးအောက်ရှိ မြစ်ရွှေလီမမက အဝေးကမို့ ကော်ဖီရောင်ကမပေါ်ချင်။ စိမ်းနေသလိုမြင်ရလေသည်။မြစ်က ရွှေလီမြို့ဘက်ကနေ စီးနေသည်။ ဒီဘက် ရင်ကွဲတောင်နားရောက်တေ့ ကျဉ်းသွားသည်။
အရင်ကဟိုဘက်နဲ့ဒီဘက် အတော်ဝေးသည်။
အခုတော့ညနေကျောင်းဆင်းချိန်ဆို ကလေးတွေ လမ်းလျှောက်ပြန်လို့ရတဲ့ထိ ရေကနည်းပြီး မြစ်ကကျဉ်းသွားသည်။
ကိုရင်လေးတွေကမြစ်ကိုငေးနေတဲ့ဘက်ကို ကျွန်တော့် ကင်မရာကိုလှည့်လိုက်သည်။ ဟိုးအဝေးမှာ မိုးထိုး နေတဲ့တိုက်ဖြူဖြူတွေကပြည့်နေသည်။ ဟိုးလွန်ခဲ့တဲ့ နှစ်၂၀လောက်က လယ်ကွင်းတွေဖြင့် ပြည့်နက်နေခဲ့သောနေရာလည်းဖြစ်သည်။
သဘာဝ၏ ရွှေလီ
ကင်မရာမြင်ကွင်းထဲမှာအဖြူတွေပြည့်နေသည်။ အဲတာ ဂျယ်ဂေါင်သာဖြစ်သည်။ ဂျယ်ဂေါင်ဆိုတာက ရွှေလီမြို့ကနေ ရွှေလီမြစ်ကိုဖြတ်ပြီးမှရောက်သည့်မြန်မာတရုတ်နယ်စပ်ရှိရာ နေရာလေးဖြစ်သည်။ဂျယ်ဂေါင်က မူဆယ်မြို့နှင့်ခြံစည်းရိုးချင်းထိကပ်နေသည်။ရွှေလီမြစ်ဟိုးဘက်မှာ ရွှေလီမြို့တည်း။
တရုတ်တွေကရွှေလီကို ရူလီဟုခေါ်သည်။ တရုတ်ပြည်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အနောက်တောင် နယ်စပ်ယူနန်ပြည်နယ်တယ်ဟုန်တိုင်းဂျင်းဖော နယ်ထဲတွင် ရှိသော ထူးခြားသည့် သဘာဝနယ်မြေတခုဖြစ်သည်။
ဓါတ်သတ္တုများပြေွါကယ်ဝပြီးလှပသော ရှေးရိုးရာပုံပြင်ဓလေ့ထုံးစံများဖြင့် ပြည့်နက်နေသော မြို့လေးလည်းဖြစ်သည်။ ဒီမြို့လေးကမြန်မာပြည်နယ်စပ်မြို့၃မြို့နှင့် နယ်စပ်ချင်းထိစပ်နေသည်။
တဟုန်ထိုးတိုးတက်နေသောခေတ်မှီဘ၀စတိုင်က မြို့လေးရဲ့ ထူးခြားဆန်းကြယ်တဲ့ ရောင်ဝါ လက္ခဏာကိုတော့ ပျောက်ပျက်သွားအောင်မလုပ်နိုင်ပါချေ။ လူအတော်များများက ရူလီမြို့လေး ကို ဆစ်ဆောင်ပနား နှင့်မှားတတ်ကြလေ၏။
ဒါမမှန်ပါ။
ရူလီဆိုတာကတိုင်းလူမျိုးစုတွေရဲ့ မွေးရပ်မြေဖြစ်သည်။ ရူလီမြစ်က စိမ်းမြတောင်တွေနှင့် လယ်ကွင်းတွေကိုဝိုင်းပတ်ထားသော ကျောက်စိမ်းဖြူခါးပတ်ကြီးနှင့် တူနေသည်။ ရှေးနှစ်ပေါင်းပဝေသနီက မြင့်မားရှည်လျားသည့်သစ်ပင်ကြီးတွေကဂျင်းဖောတောင်ရွာလေးတွေမှာ ရှိနေသေးသည်။ တိုင်းလူမျိုးတွေရဲ့ ၀ါးအိမ်လေးတွေနားမှာ ငှက်ပျောတောရှိသည်။ရေစပ်မှာ ဗျိုင်းဖြူဖြူတအုပ်နှင့် မြက်တွေကို အေးအေးဆေးဆေးစိမ်ပြေနပြေ စားနေကြသည့်နွားအုပ်တွေ က ဆွဲဆောင်မှုရှိသော နှစ်နိုင်ငံကြားတွင်ရှိသည့် ဘ၀သရုပ်ဖော်ပန်းချီကားလေးလိုရှိနေလေသည်။
ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတရုတ်နှင့်မြန်မာနှစ်နိုင်ငံကြားမှာ အထူးစပါယ်ရှယ် လိုင်းလေးလိုဖြစ်နေတဲ့ ရွာပေါင်း၁၉ရွာဖြင့်ဖွဲ့စည်းထားသော မန်ဟီးရိုးမြို့လေးဖြစ်တဲ့ နှစ်နိုင်ငံတရွာက ရှိနေခြင်းပင်တည်း။
ရူလီမိုးရာသီကဂျူလိုင်မှစပြီး အောက်တိုဘာလတွင်ဆုံးသည်။ မြို့အမည်ကို တိုင်းဘာသာစကားဖြင့် လှတဲ့မိုးဖွဲဖွဲရွာ လို့ အဓိပ္ပာယ်ရသည်။ ခြောက်သွေ့ချိန်နှင့်မိုးများသောရာသီ လို့ တိတိကျကျရှိသည်။ မိုးက၀ုန်းဆိုတဝေါဝေါ ရွာချလိုက်တတ်ပြီး ခဏလေးနေတော့ခပ်မြန်မြန်ပဲ ရပ်သွားလေ့ရှိလေသည်။ မိုးတွေရွာချလိုက်သည့်အခါ လူတွေမှာ အမိုးအောက်ကိုရောက်ဖို့ အချိန်မရလိုက်တတ်ကြ။ဒါပေမယ့် မင်းဟာ စိုရွှဲနေပေမယ့်လည်း နေထွက်လာပြီး ချက်ခြင်းခြောက်သွားမှာပါ။ထို့ကြောင့် အရှေ့ဘက်လမ်းကို ရေလောင်းဆေးလိုက်သလိုဖြစ်သွားပြီး အနောက်ဘက်လမ်းတွေကလှပသောလမ်းလေးတွေ ဖြစ်သွားတတ်လေသည်။
တရုတ်သီချင်းတခုဖြစ်တဲ့ဒါဟာ လှပတဲ့နယ်လေးပါ ဆိုသော သီချင်းက ရူလီကို ဖော်ညွှန်းထားတာဖြစ်သည်။ ရူလီထဲရှိ နှုံတောင်ဘင်းမောင်ပိုး(အိန္ဒိယ)ဟာ အရေးကြီးသော ကုန်သွယ်ရေးနေရာတခုဖြစ်ပြီး တရုတ်ရဲ့ အနောက်တောင်နယ်စပ်မှ မြန်မာ၊အိန္ဒိယနှင့်နိပေါ သို့ဆက်သွယ်ထားသောလမ်းကြောင်းလည်း ဖြစ်လေသည်။
ရွှေလီမြစ်ကိုရှမ်းတွေက နမ့်မောဝ် ဟုခေါ်ပြီး တရုတ်တွေက လုံချွမ်းကျမ်း ဟုခေါ်သေးလေသည်။
ရွှေလီမြစ်ကတရုတ်နှင့်မြန်မာနိုင်ငံကို နယ်စပ် မျဉ်းလိုခြားပေးထားသည်။ ရွှေလီမြစ်သည် တရုတ်ပြည်ယူနန်ပြည်နယ်ထဲမှ မြစ်ဖျားခံပြီး စီးဆင်းလာခဲ့၏။ ရူလီမြို့အနီးတွင်မြစ်က ၅၃ကီလိုမီတာအကွာတွင်ရှိပြီးမြစ်ပြင်က ၁၀၀-၂၀၀မီတာကျယ်သည်။ မြစ်ကမ်းဘေးတွင် စိမ်းစိုမြသောသစ်ပင်များနှင့် ရောင်စုံပန်းပေါင်းစုံဖူးပွင့်နေကြလေသည်။နောက်တော့ ဧရာဝတီမြစ်ကြီးထဲ ပေါင်းစီးဝင်ရောက်သွားသည်။ မြစ်ရွှေလီက ရှမ်းပြည်မြောက်ပိုင်းနှင့်စစ်ကိုင်းတိုင်းကိုဖြတ်စီးသွားပြီးနောက် အင်းဝနားတွင် ဒုတ္ထ၀တီမြစ်အဖြစ်အမည်ပြောင်းပြီးဧရာဝတီမြစ်ထဲပေါင်းဝင်သွားခဲ့သည်။
တကောင်းကနေမြောက်ဘက်နှင့်ကသာကနေ တောင်ဘက် ၆၀ ကီလိုမီတာအကွာတွင်ရှိလေသည်။
ရာဇ၀င်ထဲက ရွှေလီ
မြန်မာပြည်ထဲတွင်ရှမ်းဟု သိနေကြသော တိုင်းလူမျိုးတွေသည် ယူနန်ပြည်နယ်ထဲမှ မြန်မာပြည်တွင်းသို့ ရွှေလီမြစ်ကြောင်းမှတဆင့်ဝင်ရောက်ခဲ့ကြသည်။
မောင်းမောဝ်မှ မောဝ်ရှမ်းတွေသည် ရွှေလီမြစ်ဝှမ်း၊တောင်ကြား၊ချိုင့်ဝှမ်းတွေမှာ အခြေချနေထိုင်ခဲ့ကြသည်။
ကန်စီ၊ရှန်စိ၊ ဇီချွမ်သုံးပြည်နယ်စပ်၌ ဟန်မင်းဆက် (ခရစ် ၂၃-၂၂၀)လက်ထက်၌ တရုတ် ပြည်တွင် ပန်ရွှင်မန်(သစ်သားဒိုင်းကိုင်လူရိုင်းတွေ) ဟု ခေါ်သော လူတစုနေသည်။ စစ်တိုက်ရာမှာရဲရင့်သူတွေဖြစ်ပြီးတရုတ်ကျင်တွေနဲ့တိုက်ခိုက်ရာမှာ အောင်ပွဲရသူဟုကျော်ကြားသည်။ ထောင်မြစ်ဝှမ်းရှိ ချိအန်နှင့်ခရစ်၂ရာစုအတွင်း ပဋိပက္ခဖြစ်ကြပြန်သည်။ ပန်ရှူမာနှင့် ချိအန်တို့သည် နောင်ရှမ်းနှင့်ဗမာဖြစ်မည့်သူဟုယူဆရသည်။
ထိုလူမျိုးနှစ်မျိုးလုံးသည်တရုတ်တွေ အနောက်ဘက်ကို တိုးချဲ့လွှမ်းမိုးလာလို့ ထိုရန်ကိုရှောင်ရန် တောင်ဘက်သို့ ရွှေ့ပြောင်းလာသူများဖြစ်သည်။
ခရစ်၃ ရာစု – ၁၁ ရာစုအတွင်း နန်ကျောင် နိုင်ငံသည် တလီရေကန် ၀န်းကျင်အခြေခံပြီး အင်အားကောင်းသည့်နိုင်ငံဖြစ်လာသည်။ ၉ရာစုအတွင်း မန်ဂ် (မြန်မာ) တွေသည် မြန်မာမြေပြန့်ကိုဝင်ရောက်နေထိုင်ကြသည့်အခါ ပိုရ်ယီခေါ်ရှမ်းတွေက အရင်မန်ဂ်တွေနေထိုင်ခဲ့ကြသည့် မဲခေါင်မြစ်အနောက်ဘက်ခြမ်းကိုကူးဝင်လာကြသည်။
၁၃ရာစုရောက်သည့်အခါနပိုလီယမ်ခေါ် ရှမ်းအများစုသည် မြန်မာပြည် (ကချင်ပြည်နယ်) မြောက်ပိုင်းတွင် အခြေချနေထိုင်ခဲ့ကြသည်။ပုဂံပိုင်နက်ထိပင် ၀င်လာကြသည်။ ရှမ်းတွေ အင်တိုက်အားတိုက်ဝင်လာချိန်သည် ပုဂံနိုင်ငံပျက်စီးပြီးသည့်အချိန်မှစလေသည်။
မွန်ဂိုကျူးကျော်သူတွေကိုတွန်းလှန်ရန် ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သီဟသူ ဆိုသူ ရှမ်းညီနောင်သုံးဦးက ခေါင်းဆောင်သည်။၁၃၄၀တွင် မ၀်ရှမ်းခေါင်းဆောင် စောခိုဖ သည် တရုတ်ကိုပေးဆပ်မြဲ အခွန်ကိုဖြတ်ပြီး မြန်မာကတရုတ်ကိုစေလွှတ်သော သံအဖွဲ့ကိုတောင် တိုက်ခိုက်ဖျက်ဆီးလုယက်လေ့ရှိသည်။
ထိုမ၀်ရှမ်းတွေက ၁၃၆၄ တွင် စစ်ကိုင်းနှင့် ပင်းယကိုလုယက်တိုက်ခိုက်ဖျက်ဆီးသည်။
မြန်မာဘုန်းတော်ကြီးတွေကို၁၆ရာစုက သတ်ဖြတ်ခဲ့သော သိုဟန်ဘွားသည် မ၀်ရှမ်းပင်ဖြစ်သည်။
သိုဟန်ဘွား(၁၅၂၇-၁၅၄၃)သည်မောရှမ်းဇာတိဖြစ်ပြီး အ၀ကိုသိမ်းယူပြီးသည့်အခါ မြန်မာတွေရဲ့ ပိဋကအပါအ၀င် စာပေကျမ်းဂန်တွေကိုမီးတိုက်ဖျက်ဆီးခဲ့သည်။အစုစုစေတီပုထိုး ၁၅၄၀လောက် အဖျက်ဆီးခံခဲ့ရသည်။
ဘုရင့်နောင်မင်းကြီး(၁၅၅၁-၁၅၈၁) တောင်ငူမင်းဆက်က ရှမ်းစော်ဘွားများကို အောင်နိုင်ပြီး နယ်စားပယ်စားအဖြစ်ပြန်လည်ပေးအပ်ခဲ့သည်။ ဆင်ဖြူရှင်မင်း (၁၇၆၃-၁၇၇၆) ကုန်းဘောင်မင်းဆက်သည် တရုတ်ကျူးကျော်မှုကို (၁၇၆၅-၉) ရွှေလီနှင့်မြစ်ငယ်မြစ်ဝှမ်းတွင် အောင်နိုင်ခဲ့သည်။
ရွှေလီမြစ်ကမ်းဘေးတွင်နှုံးတင်မြေနုအများအပြား ဖြစ်နေခဲ့ပြီး ဧရာဝတီမြစ်နှင့် ပေါင်းစည်းသွားခဲ့သည်။ တောင်တွေမှာအရွက်ဖားဖားအပင်များဖြင့် ပြည့်နေခဲ့လေသည်။ တောင်ဇလပ်၊သစ်ခွ၊ သဇင် ပန်းပေါင်းစုံ ဖြူဖြူနီနီပန်းနုနုဝါ၀ါပန်းပေါင်းစုံမွှေးပံျ့နေခဲ့သည်။ တောဘဲ၊ ဟင်္သာ၊ ဗျိုင်းနှင့် ငှက်မျိုးစုံပျော်မြူးရာလည်း ဖြစ်ခဲ့သည်။ကျား၊ကျားသစ်၊တောဝက်၊ချေ၊စိုင်၊သမင်နှင့်မိချောင်းတို့ပင်ရှိခဲ့ဖူးလေသည်။
ဧရာဝတီလင်းပိုင်များကရွှေလီမြစ်တွင်းသို့လည်း ၀င်ရောက်နေထိုင်ကျက်စားလေ့ရှိကြသည်။ ရွှေလီမြစ်က မြန်မာနိုင်ငံထဲတွင်မူဆယ်၊ နမ့်ခမ်းနှင့် မိုးမိတ်မြို့တို့ကို ဖြတ်စီးသွားသည်။
အလွန်လှပသာယာသောရွှေလီမြစ်နှင့်ရွှေလီမြစ်ဖြတ်စီးရာ ဘေးဘက်ဝဲယာမြစ်ကမ်းနံဘေးက ရွာလေးတွေမှာ အခုအခါ ကပ်ဘေး စတင်ဆိုက်လို့နေချေလေပြီ။
ရွှေလီ၏ အဆုံး
အဘယ့်ကြောင့်မူရွှေလီမြို့ဟိုးဘက်တရုတ်ပြည်ထဲရှိ ရွှေလီမြစ်ပေါ်တွင် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ လည်ပတ်ဖို့ရေကာတာတခု ဆောက်လုပ်ခဲ့သောကြောင့်ပင်ဖြစ်သည်။ ရေကာတာဆောက်လိုက်သောကြောင့် ရွှေလီမြို့ပတ်ဝန်းကျင်နှင့်မြို့ရွာအတော်များများကတော့ မီးထိန်ထိန်ဖြစ်ခဲ့ကြပြီး စက်မှုလုပ်ငန်းများအတွက်တံခွန်နှင့်ကုက္ကားဖြစ်ခဲ့သည်။
ရေကာတာဆောက်ပြီးချိန်လောက်ကဘာမှမသိသာလှသော်လည်း မသိခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် ရွှေလီမြစ်၏ မူဆယ်ဘက်သို့ ရောက်လာသောအခါမြစ်ပြင်က ချိနဲ့စပြုလာပြီဖြစ်သည်။ သည်ဘက်ပိုင်းရှိ မြစ်ကမ်းဘေးတလျှောက်က ရွာတွေမှာရှိကြသောလူတွေက မြစ်ကြောင်းအနေအထားကို သတိထားလာမိခဲ့သည်မှာကြာပြီ။
ခါတိုင်းဘယ်အချိန် ထဖမ်းဖမ်း ရသော ငါးတွေ အရနည်းလာသည်။ မြစ်ထဲကငါးတွေ ဘယ်ရောက်ကုန်သည်မသိ။ မြစ်ရေပြင်ကအခါတိုင်းလို တပြင်တည်းတညီတည်းမဟုတ် မနက်ပိုင်းတက်ပြီး နေ့လယ်မှာကျချင်ကျသွားသည်။ တခါတခါနာရီဝက်တခါ ရေအတက်အကျရှိလာသည်။ ရေစီးက ပုံမှန်မဟုတ်တော့ ။ မြန်ချင်တဲ့အခါ ကသောကမျောပေါက်ချလာပြီးနှေးချင်သည့်အခါကျတော့လည်း ပျင်းရိပျင်းတွဲ မစီးချင်စီးချင်ဖြစ်လာသည်။ မြစ်ပြင်ကျယ်ကတဖြည်းဖြည်း ကျဉ်းကျဉ်းလိုက်လာသည်။ သောင်တွေပေါ်လာသည်။ ရေကတိမ်လာသည်။
ခက်တာကခုကရွှေလီမြစ်ဟိုးဘက် ယူနန်ပြည်ထဲရှိ ရာသီဥတုက သည်ဘက် မြန်မာပြည်နှင့်မတူ။ ဟိုးဘက်ထိပ်ကမိုးသည်းနေချိန်တွင် သည်ဘက်က မိုးနည်းနေတတ်လေသည်။ မိုးတွေ သည်းကြီးမည်းကြီးရွာချိန်၌သူရို့ဘက်က ရေကာတာတွင်ရေများ ပြည့်လျှံလာပြီး ဖောက်ချလိုက်တတ်ကြသည်။
သည်လိုဖောက်ချလိုက်မည်ဟုလည်းမကြေညာ။သည်ဘက်ကလူတွေကလည်းမသိ။သည်တော့မထင်မှတ်ဘဲ ရေတွေဒလဟောစီးလာပြီး သည်ဘက်ကရွာလေးတွေဆီ ရေလျှံရေကြီးတာတွေ ဖြစ်လာတော့သည်။မြစ်ပြင်က ဒေါသလှိုင်းများဖြင့်ပြေးလာတတ်သည်။
ပိုဆိုးစေတာက မြစ်ပြင်ရေကျချိန်ကာလတွင် သည်ဘက် မြစ်ကမ်းနံဘေးရွာလေးတွေဖြစ်သောနောင်ခေါ်၊ နောင်မွမ်း၊ နောင်ဟင်၊ ဟိုဆောင်၊ ပန်မွန်းဆိုင် စသည့်ရွာလေးတွေမှာ ရေကျချိန်ဟု ယူဆပြီး နှုံးတင်မြေနုများပေါ်တွင် စိုက်ပျိုးထားကြသောဖရဲ၊ သခွား၊ ကဇွန်း၊ အာလူး၊ မြေပဲ၊ ပြောင်းပင်၊ မုန်လာတို့ ရေမြုပ်ကုန်ကြခြင်းပဲဖြစ်လေသည်။
သည်ဒုက္ခအတွက်မည်သူကမှလည်း လာကူညီပေးတာမရှိ။ ကယ်ဆယ်ရေးလည်းမရှိ။ဟိုဘက် စိနရေကာတာ တာဝန်ရှိသူများကလည်းမသိ။ သိတောင်မှ သူတို့နှင့်မဆိုင်။ နေသာသမှ ရေညာကလို့ ပြောလိမ့်မည်ထင်သည်။ မြစ်ရေအထက်ပိုင်းကမဟုတ်လား။
တခါနွေအခါ စပါးစိုက်ကြသည့်အခါတွင်လည်း သူတို့ဘက်ကဘာမပြောညာမပြောနှင့် ရေလွှတ်ချင် လွှတ်တတ်လေရာ စပါးခင်းတွေ ရေမြုပ်ဆုံးရှုံးကြရပြန်လေသည်။
သည်ဘက်ပိုင်ကျောင်းကနေ ဟိုဘက် နောင်ခေါ်ရွာလေးဆီ ခေါက်တုန့်ခေါက်ပြန် သယ်ယူပို့ပေးနေသော ဇက်လေးမှာရွာကစုပေါင်းဝယ်ထားသောဇက်လေးဖြစ်ပြီး သည်ဇက်လေးက ရသောငွေလေးဖြင့် ရပ်ရွာအတွက် အသုံးချကြရလေသည်။
မြစ်ရေပြင်ကနာရီဝက်တခါလောက်အတက်အကျဖြစ်နေရာ ရေကြောင်းကလည်း မမှန်တော့သောကြောင့် ဇက်ကူးရတာ မဆင်မပြေဖြစ်လာသည်။ရေက နာရီဝက်တခါ အတက်အကျ ရှိနေရာ ဇက်ရေလယ်တွင်ရှိနေချိန် ရေကျသွားသောအခါ ဇက်၏၀မ်းဗိုက်ပြင်ကသောင်တွင် ညိတင်ကျန်နေတတ်လေသည်။ ထိုအခါ ဇက်က ဆက်သွားလို့ မရတော့ချေ။ လူတွေကလည်း ဟိုဘက်တရုတ်ပြည်ထဲကနေပတ်ပြီး မူဆယ်သို့ ဆိုင်ကယ်ဖြင့် ဖြတ်သွားကြတော့သည်။ သူတို့ဇက်သမားတွေက အလုပ်မဖြစ်တော့ချေ။
နာမကျန်းသည် မြစ်ရွှေလီ
ကျွန်တော်တို့ရင်ကွဲတောင် ပေါ်မှ ပြန်ဆင်းလာချိန်တွင်နေစောင်းနေလေပြီ။ ကိုရင်လေးတွေကို နှုတ်ဆက်ပြီးကားကို နမ့်ခမ်းဘက်ဆက်မောင်းခဲ့လိုက်သည်။
လမ်းဘေးကစပါးခင်းတွေကတော့စိမ်းမြနေသေးသည်။ သို့သော် မြစ်ပြင်က ဟိုးအဝေးကြီးဆီ ရောက်နေသည်။ ဟိုးအရင်ကလို မြစ်ပြင်ပေါ်ကဖြတ်တိုက်လာသောမြစ်ရေသင်းနံ့၊မြစ်ရေငွေ့သင်းသော လေလေးတွေမရတော့။ လမ်းပေါ်မှာ ရေငွေ့ကင်းသော တောနံ့တောင်နံ့လေကိုသာရလေသည်။
ဝန်းကျင်တခုလုံးကလည်းသွေ့ခြောက်နေသည်။ မြစ်ပြင်ကအဝေးမှာရှိနေလို့များလား။ လေတွေကိုက ခြောက်နေသည်။ စိမ်းစိုမြမနေဘဲခြောက်သယောင်းဖြစ်နေသည်။အရောင်တွေက လှီနေသည်။
ပိုင်ကျောင်းရောက်တော့ ကားလမ်းမညာဘက်ကိုကွေ့ချလိုက်သည်။ ဟိုးလွန်ခဲ့သော၈နှစ်လောက်က လာခဲ့သောလမ်းဖြစ်သည်။ကားကိုသည်လမ်းလေးထဲမောင်းတော့ အရင်ကဆို မြစ်ဆိပ်ရောက်ဖို့ ခဏလေးသာ မောင်းရသည်။ အခုတော့အတော်လေးကိုမောင်းနေရသည်။ မိုင်ဝက်လောက်တော့ ရှိမည်ထင်သည်။
ကိုဆန်းလင်းကဒီနေရာကစပြီး မြစ်ပြင်နေရာပေါ့ဟု ပြောလိုက်သောအခါ ကားက သဲလမ်းပေါ်မှာ အိကျသွားသည်။ သဲလမ်းဘေးဝဲယာမှာမြက်ပင်ကြီးတွေက လူတရပ်ကျော်ရှည်နေကြသည်။ အရင်ကရေအောက်မှာပေါ့။ ကားကမြက်ပင်ရှည်ရှည်တွေကြားထဲမောင်းနေရတာ ရုပ်ရှင်ကားထဲကလို ဖြစ်နေသည်။ လူဆိုးတွေလိုက်လို့ ထွက်ပြေးရသည့်အခန်းမျိုးဖြစ်မည်ထင်၏။ရင်တထိတ်ထိတ် အသည်းတယားယားပေါ့။
မြက်ပင်တွေကြားထဲကနေထွက်တော့ဘွားဆို မြစ်နံ့ကိုရလိုက်သည်။ ပြီးမှ ညိုညစ်ညစ် ကော်ဖီပြစ်ပြစ်ရောင်ကိုတွေ့လိုက်ရသည်။ကားကိုသဲစပ်မှာရပ်လိုက်ပြီး ဆင်းလိုက်တာနဲ့ လေအေးအေးတွေ ရင်ဝမှာလာတိုးသည်။
ကြည့်စမ်း။ဒီဘက်ကနေဟိုဘက်ကမ်း နောင်ခေါ်ရွာကိုတောင်လှမ်းမြင်နေရပြီပဲ။ ဇက်ကလည်း ဟိုကနေလာနေတာ ဟောရွှတ်ဆို သည်ဘက်ကမ်းရောက်လာပြီ။ ကျွန်တော် ကင်မရာကိုဆင်နေချိန် ၀ိုက်ဘဲလင့် ချိန်နေစဉ်မှာသည်ဘက်ကမ်းက နွားနှစ်ကောင်ကို ဇက်ပေါ်တင်နေသည်။
မြစ်ပြင်ကတော့တအိအိ လေသံတွေကတ၀ူးဝူး။ အနောက်ဘက်ကမ်းမှာ လိမ္မော်သီးနေလုံးကြီးက တစတစနိမ့်ဆင်းနေသည်။
ကိုဆန်းလင်းကသူ့ဖုံးဖြင့် မြစ်ပြင်ကိုရိုက်နေသည်။ အံမယ် သူကများ ဒီဘက်ကနေ ဟိုဘက်မန်ဟီးရိုးကိုဆိုင်ကယ်နဲ့နေ့တိုင်းအသွားအပြန်လုပ်နေတာ အခုတော့ အခုမှရောက်ဖူးတဲ့ တိုးရစ်လို ဖုံးနဲ့ဓါတ်ပုံရိုက်နေသေးတယ်။ကင်မရာဘောင်းထဲက မြစ်ပြင်အိတွဲတွဲကိုကျွန်တော်ငေးတွေကြည့်ရင်း စိတ်ထဲဝေနေသည်။
မြစ်ကြီးကနာမကျန်းဖြစ်နေလို့လေ။
ရွှေလီမြစ်ကသမိုင်းနဲ့ရာစုနှစ်တွေနဲ့ချီပြီးဂုဏ်ရောင်ပြောင်ခဲ့တာ အခုတော့ အားပျော့ ကျုံလှီနေလေပြီ။
ငါးတွေလည်းအရင်ကလိုလှိုင်လှိုင်မထွက်တော့။
နောင်ဆိုဟိုဘက်ကမ်းသည်ဘက်ကမ်း ဆိုင်ကယ်စီးဖြတ်လို့ ရတော့မည်လော။
လိမ္မော်သီးကြီးကတအိအိအောက်ကိုကျလေအမှောင်ထုက ကြီးစိုးလာလေဖြစ်သည်။
လေကပိုပိုမြလာသည်။မြစ်ပြင်ကတော့ ပျင်းရိပျင်းတွဲ တငြိမ့်ငြိမ့်စီးဆင်းနေသည်။
နောင်မွမ်းရွာကအဖွားနှိုင်းရွက်ခမ်းပြောသောစကားလေးကို သွားအမှတ်ရလိုက်သည်။
‘ဟယ်.. သူတို့တွေက ပိုက်ဆံရှိတာပဲလေ။ သူတို့လုပ်သလို ဖြစ်တာပဲ။ ငါတို့က ပိုက်ဆံမရှိဘူးလေ။ဘာပြောလို့ရမလဲ ဘာလုပ်လို့ရမလဲ ခံ ရတာပေါ့လေ ‘ တဲ့ ။
မြက်တောထဲရှိသဲလမ်းလေးက အိအိညက်နေသည်။
ရှေ့ကိုပီပီမမြင်ရ။
အိမ်အပြန်လမ်းကမှောင်ရီနေလေသည်။
(မေခ။ ၁၅ အောက်တိုဘာ ၂၀၁၁။ မနက် ၄ နာရီ ၂၀)


