>
BBC သတင်းဌာန
တက္ကသိုလ်ကျောင်းသား ဟက်ကာသည် အာဏာပိုင်တို့ထံ သွားရောက် အဖမ်းခံခဲ့သည်ဟု bangkokpost တွင် ဖော်ပြထားသည် (ဓာတ်ပုံ – bangkokpost)
ထိုင်းဝန်ကြီးချုပ်၏ Twitter အား ဖောက်ထွင်းဝင်ရောက်မိကြောင်း ၀န်ခံသည်ဟု ဆိုသော တက္ကသိုလ်ကျောင်းသားတဦးကို ထိုင်းအာဏာပိုင်တို့က ဗုဒ္ဒဟူးနေ့တွင် ထိန်းသိမ်းထားပြီး တရားစွဲလိုက်သည်။
ထိုင်းဝန်ကြီးချုပ်အား အရည်အချင်းမရှိသူဟု Twitter တွင် စွပ်စွဲရေးသားသွားသူမှာ အသက် ၂၂ နှစ်အရွယ် Aekawit Thongdeeworakul ဖြစ်သည်ဟု ဆိုသည်။
ကွန်ပျူတာအချက်အလက်များကို တရားမ၀င် ရယူမှုဖြင့် တရားစွဲခံထားရသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။
သူက ထိုင်းအစိုးရသည် နိုင်ငံအနှံ့ရေကြီးမှု ဖြစ်ပွားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းကို မှန်ကန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟုလည်း Twitter တွင် စွပ်စွဲရေးသားခဲ့သည်။
နောက်ဆုံး ရေးသားချက်မှာ “ကိုယ့်ရဲ့ Twitter အကောင့်ကိုတောင် လုံခြုံအောင် မကာကွယ်နိုင်ရင် နိုင်ငံကို ဘယ်လို ကာကွယ်ထိန်းသိမ်းမလဲ” ဟူ၍ ဖြစ်သည်။
ဟက်ကာ Aekawit ကို ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ဆက်သွယ်ရေးဝန်ကြီးနှင့်အတူ တွဲပြီး တွေ့ရသည်။
“ဒီလောက်အထိ ဖြစ်လာလိမ့်မယ် သူမထင်ခဲ့တဲ့အကြောင်း ကျနော့်ကို ပြောပြပါတယ်” ဟု ၀န်ကြီးက ပြောသည်။
နေကာမျက်မှန်တပ်၊ ဦးထုပ် ဆောင်းထားသော ဗိသုကာကျောင်းသားက တစုံတရာ ပြောဆိုခြင်း မရှိပေ။
ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က သူ၏ Twitter အကောင့် အဟက်ခံရခြင်းကို ပုဂိုလ်ရေးလွတ်လပ်ခွင့်ချိုးဖောက်မှုဟု ပြောဆိုလိုက်သည်။
ရင်လပ်သည် ဇူလိုင်လ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ ဝေဖန်သူတို့ကမူ သူ့ကို အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ရုပ်သေးဟု ဆိုကြသည်။