>
အားလုံး မင်္ဂလာပါ။
အခုတင်ပြမယ့် အကြောင်းအရာက ဧရာဝတီမြစ်ကြီးအကြောင်းပါပဲ။ အခုပြောမယ့် အချက်အလက်တွေဟာ ဧရာဝတီမြစ်ကြီးကိုကာကွယ်ဖို့ကြိုးပမ်းနေကြတဲ့ ပြည်တွင်းပြည်ပက ဧရာဝတီချစ်သူများရဲ့စိတ်ဆန္ဒတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
အခုအချိန်မှာ “ဧရာဝတီကို ကယ်တင်ကြ” ဆိုတဲ့ ကြွေးကြော်သံက “စစ်အာဏာရှင်စနစ် ဖြုတ်ချကြ” ဆိုတဲ့အသံနဲ့ ထပ်တူပဲ အရေးပါ ရှေ့ တန်းရောက်လာတယ်လို့ ယူဆပါတယ်။ အခြေအနေ၊ အချိန်အခါအရလည်း ဧရာဝတီကယ်တင်ရေးဟာ၊ နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်လာတယ်လို့ ထင်မြင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုလှုပ်ရှားနေတဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတိုက်ပွဲဟာ၊ ခုလတ်တလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံခင်းတမန်ခင်း နည်းပရိယာယ်တွေ၊ စိတ်ဓာတ်တော်လှန်ရေး လုပ်ဟန်တွေ၊ အင်တာဗျူးတွေ၊ မိန့်ခွန်းတွေက သိပ်ပြီးတော့ သွက်လက်ရွေ့ လျားနေတာ ဆိုတော့၊ တိုက်ပွဲကို မျက်ခြည်ပြတ်မသွားအောင်မျက်စိနဲ့နားကို အစွမ်းကုန် ဖွင့်ထားစွင့်ထားရတဲ့ အခြေအနေပါ။
ဒါကိုတော့ ၀န်ခံရမယ်။ ကျနော်လည်း အခြားသူတွေလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနေ့  မိန့်ခွန်းနောက်ကို မနည်း အမီလိုက်နေရတာပါ။ ခုတလော အစိုးရနဲ့အတိုက်အခံကြားက အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေက သိပ်ပြီး လျင်မြန်လွန်းနေလို့ပါ။ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ လူထုက တိုင်းပြည်တခုလုံး၊ တမျိုးသားလုံး၊ တဘ၀လုံးကို ဒေါ်အောင်ဆန်းစုကြည်ထံမှာ ပုံအပ်ပြီးသား ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်နောက်က မမှိတ်မသုန်လိုက်ဖို့ ဆုံးဖြတ်ထားတဲ့လူထုလို့ ပြောရပါမယ်။
ဒီတော့ – နိုင်ငံမှာအစိုးရနဲ့ အတိုက်အခံကြား၊ တိုးတက်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့ လူထုက မျှော်လင့်တကြီး စောင့်စားနေတာပါ။ ဘယ်လို အပြောင်းအလဲ လဲ။ တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမယ့် အပြောင်းအလဲလား၊ တိုင်းပြည်နဲ့လူမျိုး အကျိုးယုတ်မယ့် အပြောင်းအလဲလား။ ဒါကိုတော့ လူထုက ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကိစ္စက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့ အစိုးရ သမ္မတကြီးဦးသိန်းစိန်တို့ နှစ်ဦးရဲ့ တွေ့ ဆုံဆွေးနွေးမှု အပေါ်မှာ မူတည်နေလို့ပါပဲ။
ကျနော်တို့ လူထုကတော့ အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားဆောင်ရွက်နေတာတွေကို အပြည့်အ၀ ထောက်ခံ အားပေးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနေ့ မိန့်ခွန်းမှာ၊ အပြောင်းအလဲ ဖြစ်ပေါ်လာရင်၊ ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေဖို့ ဒီမိုကရေစီဘက်တော်သားတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့လိုတယ် လို့ ပြောသွားပါပြီ။
နှစ်ပေါင်းနှစ်ဆယ်ကျော်(နှစ်ဆယ့်သုံးနှစ်) ဒီမိုကရေစီတိုက်ပွဲ အတွေ့ အကြုံတွေအရတော့၊ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်အမိန့်နဲ့ ညွှန်ကြားချက်ကို တသဝေမတိမ်း လိုက်နာဖို့ အမြဲ အသင့်ဖြစ်ပြီးသားလို့ ပြောနိုင်ပါတယ်။ ဒီလိုနိုင်ငံရေးလှုပ်ရှားမှု၊ ဒီမိုကရေစီတိုက်ပွဲ လှုပ်ရှားမှုဟာ ကျနော်တို့ ပြည်သူတွေအတွက် မွေးရာပါ တာဝန်၊ မွေးရာပါအလုပ် ဆိုတော့၊ ဘယ်အခြေရောက်ရောက်၊ ကျနော်တို့ တသက်လုံး လုပ်ခဲ့တဲ့ ဒီအလုပ်ကို၊ အခုလည်း မဆုတ်မနစ် ဆက်လုပ်နေကြတာပဲ မဟုတ်လား။
စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲဟာ၊ ကျနော်တို့က မတိုက်လည်း၊ သူက ကိုယ့်ကို တိုက်မှာဆိုတော့၊ ပြည်သူတိုင်းဟာ တိုက်ပွဲ စည်းဝိုင်းထဲမှာ၊ ရန်သူကိုမျက်နှာချင်းဆိုင်ပြီးသားလို့ ကျနော် ယူဆပါတယ်။
ခုတလောမှာ“အပြောင်းအလဲ” ဆိုတဲ့စကားက၊ အပြောင်းအလဲတခု ဖြစ်နေပါတယ်။ အပြောင်းအလဲတိုင်းဟာ ကောင်းတဲ့ဘက်ကိုချည်း ဦးတည်တာမဟုတ်ဘူး ဆိုတာကိုတော့၊ ကျနော်တို့ သတိပြုရပါမယ်။ မြွေအရေခွံလဲတဲ့ အပြောင်းအလဲမျိုးဟာ၊ ကျနော်တို့ လိုချင်တဲ့ အပြောင်းအလဲ မဟုတ်ပါဘူး။
စစ်အစိုးရကနေ အရပ်သားအစိုးရပြောင်းတယ် ဆိုတာက တကယ် အပြောင်းအလဲလား။ အခု လက်တွေ့ က လွှတ်တော်ထဲမှာ နိုင်ငံရေးပြောင်းလဲချင်တဲ့သူတွေ ဘေးရောက်နေပြီး၊ မပြောင်းလဲချင်တဲ့သူတွေက ကြီးစိုး ချယ်လှယ်နေတာ မျက်မြင်ပဲ မဟုတ်လား။
အခုတော့ အဲဒီလွှတ်တော် ဆိုတာကြီးထဲကို ကျနော်တို့ ဧရာဝတီမြစ်ကြီး ရောက်ရှိလို့သွားပါပြီ။ လွှတ်တော်ထဲမှာ ဧရာဝတီမြစ်ကြီးဟာ အဆုံးအဖြတ်ခံဖို့ ဆန့်ငင်ဆန့်ငင်နဲ့ပါ။ စစ်အာဏာရှင်စနစ်ကတော့၊ တိုင်းပြည် ရှိနေရင်၊ လူမျိုးရှိနေရင်၊ တိုင်းပြည်နဲ့လူမျိုးအသက်နဲ့အမျှ၊ ဒီစစ်အာဏာရှင်စနစ်ကြီး မကျဆုံးမချင်း တိုက်သွားလို့ ရပါသေးတယ်။ ဧရာဝတီကတော့၊ မြစ်မင်းဧရာကတော့၊ သူမရှိတော့ရင် တိုင်းပြည်ကော၊ လူမျိုးပါ အစတုံး ပျောက်ကွယ်သွားမှာ ဆိုတော့ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီး ကျောပိုးပြီး၊ ဧရာဝတီကိုကယ်တင်ဖို့ လုပ်ရတော့မယ့်အခြေ ဆိုက်နေပါပြီ။
စစ်အာဏာရှင်စနစ်ဆိုးကြီးကို အပြုတ်တိုက်နိုင်ရင်တော့၊ ကျနော်တို့မြစ်ကြီးဧရာဝတီလည်း အသက်ပြန်ရှင်လာမယ်လို့ တွက်ဆနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အပြုတ် မတိုက်နိုင်ခဲ့လို့၊ နောက်ထပ် နှစ်ပေါင်းနှစ်ဆယ်(နှစ်ဆယ့်သုံးနှစ်) ဆက်လက် ဖိနှိပ်ခံနေရတုန်း မဟုတ်လား။
ဒီတော့ – ဧရာဝတီကယ်တင်ရေးတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး တိုက်ပွဲဟာ မဖြစ်မနေ တပြိုင်နက်တည်း ဆင်နွှဲရမယ့် အရေးအကြီးဆုံး စိန်ခေါ်မှုပါပဲ။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ကိုယ်ကျနော်တို့ မညာတမ်း ပြန်မေးရမယ့်မေးခွန်းက “ဧရာဝတီကို နှစ်နှစ်ကာကာ ချစ်ပါရဲ့လား” ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။
မြစ်ဆိုတာ မချစ်တတ်ရင် သေသွားတတ်ပါတယ်။ ဒီလိုသေသွားဖူးတဲ့ မြစ်တမြစ်အကြောင်း၊ ကဗျာဆရာ ငခါး(ကွမ်းခြံကုန်း) ရေးဖွဲ့ ခဲ့ဖူးပါတယ်။ ဒီအကြောင်း ဆက်ပြောပါဦးမယ်။
နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။
အောင်ဝေး
စက်တင်ဘာ၂၃-၂၀၁၁
ဆောင်းဦးပေါက်တဲ့နေ့ ။
