>Tun Wain (tokyo) – Poem

>

ဧရာဝတီရဲ့ အတိတ်လှိုင်း
ထွန်းဝေ (တိုကျို)
စက်တင်ဘာ ၁၈၊ ၂၀၁၁


နွေခေါင်ခေါင် နေပူထဲမှာ
စစ်တုရင် မကစားဖူးတဲ့ တရုတ်စုတ်တွေရဲ့ဒဏ်
ပွဲပြီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ ငါ့ကံကြမ္မာက
မင်းလက်ထဲက မှောက်ဖဲတစ်ချပ်တဲ့လား။

လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့စွာ စီးဆင်းနေတဲ့
မိခင်ဧရာမြစ်ကြီးကို ခြစားခံရတော့မတဲ့
တရုတ်ကြီးရဲ့ အပြုံးက
သိန်းစိန်အမုန်းထက် ကြောက်ဖို့ကောင်းတယ်။

ပြည်သူတွေ အားကိုး ကျေးဇူးတရားကြီးမား
အတိတ်တွေ စီးဆင်းနေတဲ့
အမေဧရာဝတီရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်ရှုကြပ်ခဲ့ရတယ်
ဗိုလ်ချုပ်ကြီးများရဲ့ အိမ်မက်ဟာ
တရုပ်သိုင်းကားကြည့်ပြီး ခြောက်လှန့်ခံနေရဆဲပဲ။

ဘုရားသခင်ဖန်ဆင်းထားသလိုဘဲ
ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
အလွမ်းရဲ့ကြယ်တွေငိုတော့မယ်
မိုးတွေတေးဆိုတဲ့အခါ
ဧရာဝတီရဲ့အတိတ်လှိုင်းဟာ မေခနဲ့ မလိခမြစ်ပုရပိုဒ်မှာ
ကြေကွဲခြင်းဆိုင်းသံကို မကြာခင်တီးခတ်လိမ့်မယ်။

တိမ်ပြာတွေ မီးတောက်ခဲ့တဲ့
ဧရာဝတီရဲ့အတိတ်လှိုင်း
မြို့ရိုးမှာ
ခုနှစ်စဉ်ကြယ် အိပ်မက်တွေ
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက်ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါ ရင်ထုမနာ ဖြစ်နေဆဲဘဲ
အလွမ်းမျာနှင့် ဧရာဝတီရေ …။