>ွှThakhin Ohn Myint 1 Year Passing

>

သခင်အုန်းမြင့်ကွယ်လွန်ခြင်းတနှစ်ပြည့် အခမ်းအနား နိုင်ငံရေး၊ စာပေမိတ်ဆွေများနှင့်အတူဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်
တာရာဝေယံ၊ စက်တင်ဘာ၁၈၊ ၂၀၁၁
ယမန်နေ့ မနက်ပိုင်းသခင်အုန်းမြင့်ကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊သုခ၀တီလမ်း၊ အမှတ် ၃ ဘီ နေအိမ်မှာ ကျန်ရစ်သူမိသားစုက ကျင်းပခဲ့ကြသည်။အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးဝင်းတင်၊မုံရွာအောင်ရှင်၊ ဦးအုန်းကြိုင်၊ ဖျာပုံနီလုံဦးနဲ့ အင်န်အယ်ဒီပါတီဝင်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ စာနယ်ဇင်းနယ်ပယ်ကမိတ်ဆွေများ စုစုပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ 

        “အဘကနိုင်ငံရေးအကျဉ်းသားတွေရဲ့ သာရေး၊ နာရေး ကိစ္စရပ်တွေမှာ အဖွဲ့မရွေး၊ လူတန်းစားမရွေး၊သွားလာကူညီ စောင့်ရှောက်ခဲ့တာ၊ ဒါကြောင့်မို့ သူ့အလှည့်မှာ အဖွဲ့တိုင်း၊ နိုင်ငံရေးသမားတိုင်းကလေးစားစိတ်နဲ့ အရောက်လာကြတာ၊ ဒါကြောင့် အဘရဲ့ ဈာပန၊ ရက်လည်၊ တလပြည့်၊ တနှစ်ပြည့်အခမ်းအနားတွေမှာ လူတွေ အရမ်းစည်တယ်လို့ ထင်ပါတယ်။”
        ဆိုပြီး နိုင်ငံရေးအကျဉ်းသူဟောင်းတဦးကပြောပြသည်။

  “ဦးလေးကခေတ်အဆက်ဆက်မှာ ပါခဲ့တဲ့ နိုင်ငံရေးသမားကြီးတယောက်ပါ။ ဒါပေမယ့် သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ဘယ်တော့မှ မပြောဘူး။ သတင်းစာသမားတယောက်လို့ပဲ ခံယူတယ်။ သူရဲ့ ကျော်လင်းစာပေကလက်ဝဲစာအုပ်တွေ အများကြီး ထုတ်ခဲ့တာပဲ။ သူကိုယ်တိုင်လည်း ဗိုလ်ချူပ်အောင်ဆန်း၊သခင်သန်းထွန်းတို့နဲ့ ရင်းနှီးခဲ့တဲ့ လက်ဝဲသမားပဲ။ ဒါပေမယ့် စစ်အစိုးရကိုဆန့်ကျင်ပြီး ဗမာပြည်ဒီမိုကရေစီရရှိရေးအတွက် ထိပ်ဆုံးကနေ ပါဝင်ခဲ့တယ်။အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေကို နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးရာအရ အများကြီးထောက်ပံ့ကူညီပေးနိုင်ခဲ့သူ တယောက်ပါ။”
       ဟု နိုင်ငံရေးသမားတဦးကသခင်အုန်းမြင့်၏ နိုင်ငံရေးစိတ်ဓာတ်ကို ရှင်းပြခဲ့သည်။

       သခင်အုန်းမြင့်၏နှစ်လည်အခမ်းအနား ကြွရောက်လာကြသူများကို နံနက်စာနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အိမ်အ၀င်လမ်းထိပ်မှာ အရင်ကလို ထောက်လှမ်းရေးဆိုင်ကယ်တွေ ရှုပ်ရှက်ခပ်နေအောင်နေရာယူကြတာကို မတွေ့ရတော့သော်လည်း တက်ရောက်လာသူများကို သတင်းတပ်ဖွဲ့က ဓာတ်ပုံရိုက်မှတ်တမ်းယူနေကြတဲ့ကြသည်ကို တွေ့ရသည်။