>Maung Yit – Obama, Birth Cert, Osama, Pakistan, Suu and Depeyin

>

 အိုဘားမားနဲ့ မွေးစာရင်း၊ ဘင်လာဒင်နဲ့ ပါကစ္စတန် ပြီးတော့ ဒေါ်စုနဲ့ ဒီပဲယင်း

မောင်ရစ်
မေ ၉ ၊ ၂၀၁၁
စကားလုံးနဲ့လည်း လူသတ်လို့ ရတယ်
တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့။ စာတွေထဲမှာ ဖတ်ဖူးတာ အစကတော့ သိပ်နားမလည်ပါဘူး။ မြန်မာပြည်မှာက မင်းရေးကျယ်တယ်ဆိုတာ ပစ်ထည့်လိုက်တဲ့ သေနတ်သံက အကျယ်ကြီး၊ ပြီးတော့ တကယ်ကို လူတွေကို ပစ်သတ်လိုက်တာ။ ဒါပဲ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအလုပ်ဆိုတာဟာ တကယ်ကို ကျယ်ပြောတဲ့ အလုပ်ဆိုတာ နဲနဲသဘောပေါက်လာတယ်။ နိုင်ငံရေးမှာ အာဏာရှင်တွေက သေနတ်ပြောင်းကနေ လူသတ်တယ်။ အချို့နိုင်ငံကြီးတွေကတော့ သေနတ်နဲ့ လူသတ်ရုံတင်မဟုတ်ဘူး၊ စကားလုံးတွေနဲ့ပါ လူသတ်တယ်။
ဘာရိမ်းမှာ အုပ်စိုးသူတွေက ဆော်ဒီစစ်တပ်ကို ခေါ်ပြီး တိုင်းသူပြည်သားတွေကို နှိမ်နင်းတယ်။ ယူအန်မှာ စကားလုံးအပြည့်နဲ့ ကောင်းကင်။ အခု ဆီးရီးယားမှာ သမ္မတက ပြည်သူတွေကို ပစ်သတ်နေတာပဲ။ နိုင်ငံကြိးတွေက စကားလုံးတွေနဲ့ ပြန်ပစ်နေတယ်။ သူတို့စကားလုံးတွေ အပြန်အလှန်ကြားမှာ အပြစ်မဲ့တဲ့ ပြည်သူတွေ အလဟသသေကျေပျက်စီး နေရတယ်။ လစ်ဗျားမှာလည်း အာဏာရှင်ရဲ့ အစွမ်းကုန် ယုတ်မာရိုင်းစိုင်းမှုအောက်မှာ၊ ကဒါဖီရဲ့ စကာလုံးမာယာတွေအောက်မှာ ပြည်သူတွေ သေတယ်။ နိုင်ငံတကာက စစ်တပ်တွေဟာ ပြည်သူတွေကို အပြည့်အ၀ မကာကွယ်နိုင်ဘူး၊ ကျည်ဆံတွေကို မတားဆီးနိုင်ဖူး၊ လစ်ဗျားအာဏာရှင်ရဲ့ ကျည်ဆံတွေဟာ အဲသည်ကြားထဲကနေ သူပြည်သူတွေကို တဖျောက်ဖျောက် မှန်နေတယ်။
အိုဘားမားနဲ့ မွေးစာရင်း
အမေရိကန်နိုင်ငံရေးမှာတော့ သေနတ်တွေနဲ့ လူမသတ်ဘူး။ စကားလုံးတွေနဲ့ သတ်တယ်။ အိုဘားမားဆိုတဲ့ သမ္မတကို တဖက်က အတိုက်အခံပါတီက နည်းမျိုးစုံနဲ့ ဝေဖန်တိုက်ခိုက်တာပဲ။ သူ့အမှားဖြစ်ဖြစ် အမှန်ဖြစ်ဖြစ်ကို ထိုးနှက်နေတော့တာပဲဖြစ်တယ်။ အထင်ရှားဆုံးကတော့ အိုဘားမားဟာ အမေရိကန်ပြည်မှာမွေးတဲ့ မွေးရာပါနိုင်ငံသားမဟုတ်ဘူး။ သူ့မှာ အမေရိကန်မွေးစာရင်းမရှိဘူးလို့ အကြီးအကျယ် ၂၀၀၈ ကတည်းက တောက်လျောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်။ အိုဘားမားက မွေးစာရင်းအတိုချူံးဖောင်ကို တင်ပြတယ်။ မရဘူး။ သမ္မတ၀င်အရွေးခံချိန် ၂၀၀၈ က စလို့ အခု ၂၀၁၁ အထိ ဒီကိစ္စက ရှိနေတယ်။ စစ်တမ်းအရ အမေရိကန်မှာ အိုဘားမားကို လက်မခံတဲ့သူ ၂၀ % ကနေ ၃၀ % လောက်ရှိတယ်လို့ သတင်းမီဒီယာစစ်တမ်းတွေမှာ ပြောကြလေ့ရှိတယ်။ ပြိုင်ဖက် အတိုက်အခံရှေးရိုးစွဲတွေထဲက ၄၅%က အိုဘားမားက ပြည်ပမှာမွေးတဲ့သူလို့ စိတ်ဒုံးဒုံးချထားတယ်။
ဒီလိုနဲ့ သမ္မတဖြစ်လာတဲ့ အိုဘားမားဟာ ၂ နှစ်ခွဲလုံးလုံး သည်အရေးအခင်းကို ဘေးကထိုင်ကြည့်နေတော့တာပဲ။ အဲသည် အပြန်အလှန်ပစ်ခတ်မှုတွေကြားမှာ မီဒီယာတွေက ပြောလိုက်၊ ရီပတ်ဘလစ်ကန်တွေက ဝေဖန်ပစ်ခတ်လိုက်နဲ့ နောက်ဆုံး လွန်ခဲ့တဲ့ လ၊ ဧပြီလကုန်ပိုင်းမှာမှ အများက တစာစာတောင်းနေတဲ့ မွေးစာရင်း အပြည့်အစုံကို အိမ်ဖြူတော်က ဟာဝိုင်အီဆေးရုံက တောင်းပြီး ထုတ်ပြန်လိုက်တယ်။ ၂၀၁၂ အတွက် ဒုတိယသက်တမ်း သမ္မတအဖြစ် အရွေးခံမယ်လို့ အိုဘားမားက ကြေညာပြီးချိန်၊ ဝေဖန်သံတွေ တိုက်ခိုက်သံတွေ သည်းသည်းလှုပ်လာချိန်မှာမှ တဖက်အတိုက်အခံတွေကို အချိန်ကောင်းစောင့်ပြီး ဒေါက်ဖြုတ်လိုက်တယ်လို့ သုံးသပ်သူတွေက ပြောကြတယ်။
ရှေးရိုးစွဲ၊ ရီပတ်ဘလစ်ကန်တွေ၊ တီးပါတီအက်တီဗစ်တွေ၊ ၀င်ပြိုင်မယ့် သမ္မတတွေထဲမှာ အစွာဆုံးဖြစ်လာတဲ့ မီဒီယာစူပါ သူဌေးကြီး ဒေါ်နယ်ထရန့်က အကြီးအကျယ် နယ်ကျွံပြီး စွပ်စွဲလာတော့မှ ထုတ်ပြန်လိုက်တာဖြစ်လို့ ချက်ကောင်းမှန်တယ်လို့ ဆိုကြတယ်။ လူမည်းသမ္မတ ပထမဦးဆုံးဖြစ်လာတဲ့ လူဖြူတို့တိုင်းပြည် အမေရိကန်ပြည်ထောင်စုမှာ လူနည်းစုတွေ၊ အခြားအသားအရောင်မတူသူတွေ တိုးပွား များပြားလာချိန် ဒီမွေးစာရင်းအရေးအခင်းဟာ ဘာပြနေသလဲဆိုတော့ ကမ္ဘာလူတွင်ကျယ်ကြီး အမေရိကန်သားတွေ သူငယ်နာမစင်သေးဘူး၊ ကလေးဆန်တုန်း၊ သဘောထားမကျယ်သေးဘူးဆိုတာ ပြနေတယ် လို့ ဆိုကြတယ်။
အိုဘားမားကတော့ ပြုံးပြီးတော့ ဒေါ်နယ်ထရန့်ကို ပြောတယ်။ အမေရိကန်တွေထဲမှာ အူကြောင်ကြားတွေ ပေါများတာကတော့ ပြောမနေနဲ့တော့တဲ့။ အမေရိကန်တွေ လပေါ်ရောက်တာကို မယုံသေးတဲ့သူတွေ ရှိသေးတယ်။ ယူအက်ဖ်အိုတွေ ရှိတယ်ဆိုတာကို မဟုတ်ဘူးဆိုပြီး ဖင်ပိတ်ငြင်းနေသူတွေ ရှိသေးတယ်။ အမေရိကန်ပြည်မှာ နိုင်ငံရေး စီးပွားရေးတွေ အရေးပေါ်နေတာတွေကို ဦးစားမပေးနိုင်ဘဲ ဒါတွေနဲ့ အချိန်တယ်ကုန်ချင်တာပဲတဲ့။
လက်မလျော့သူတွေကတော့ ပြန်ပြောတယ်။ အိုဘားမားရဲ့ မွေးစာရင်းကို မယုံတာ မဟုတ်ပါဘူးတဲ့။ အိုဘားမားရဲ့ အတွေးအခေါ်၊ လုပ်ကိုင်ပုံတွေ၊ ပေါ်လစီတွေဟာ “အမေရိကန်မဆန်” လို့ သူ့ကို အမေရိကန်အဖြစ် လက်မခံနိုင်တာ၊ အမေရိကန်သမ္မတကြီးအဖြစ် မယုံတာတဲ့။ ကဲ …

 
ဘင်လာဒင်နဲ့ ပါကစ္စတန်
       ဆက်ပြောမယ်။ အမေရိကန်မဆန်တဲ့ သမ္မတကြီး အိုဘားမားဟာ ယခင် ရီပတ်ဘလစ်ကန်သမ္မတကြီး ဂျော့ခ်ျဘွတ် ၂၀၀၁ ကနေ ၂၀၀၈ အထိ ရှာဖွေ မနှိမ်နင်းနိုင်ခဲ့တဲ့ အယ်လ်ကိုင်ဒါအကြမ်းဖက်ခေါင်းဆောင်ကြီး အိုစာမားဘင်လာဒင်ကို သူသမ္မတသက်တမ်း ၂ နှစ်ခွဲအတွင်းမှာ ခြေရာခံ ရှာဖွေတွေ့ရှိပြီး အသေပစ်သတ် တရားစီရင်လိုက်တယ်။ မေလ ၁ ရက်နေ့မှာ ငါတို့ အမေရိကန်တွေအတွက် တရားစီရင်ခဲ့ပြီ၊ အိုစာမားကို အသေဖမ်းဆီးလို်က်ပြီ တဲ့။ ကြေညာပစ်လိုက်တယ်။
        အမေရိကန်က ကွန်ဆာဗေးတစ်သတင်းဌာနတွေ၊ ရှေးရိုးစွဲရေဒီယိုဌာနတွေ အိုးနင်း ခွက်နင်း ဖြစ်သွားလိုက်တာများ၊ အံ့သြကုန်နိုင်ဖွယ်။ အိုစာမားဘင်လာဒင်လို့ ပြောရမယ့်အစား၊ ပုံနှိပ်ရမယ့်အစား အိုဘားမားဘင်လာဒင်လို့ ရေးသူရေး၊ ပြောသူပြော၊ အိုဘားမားသေပြီ၊ အိုဘားမား သေပြီ တဲ့။ သတင်းတွေမှာ ကြေညာနေလိုက်တာ။ အိုးနင်းခွက်နင်း။ ထားပါတော့လေ။ သူတို့အကြောင်းကတော့ လစ်ဘရယ်၊ ပရိုဂရက်ဆစ် ဆိုတဲ့ အပြောင်းအလဲသမားတွေနဲ့ ကွန်ဆားဗေးတစ်၊ တီးပါတီ ဆိုတဲ့ ရှေးရိုးစွဲတွေရဲ့ တဖက်နဲ့ တဖက် မကြည်ဖြူမှုတွေက သမိုင်းနဲ့ ချီတော့၊ မျက်မှောက်ခေတ်မှာ ဒဏ္ဍာရီလိုဖြစ်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်ကို သတ်ပစ်လိုက်ပြီ ဆိုတော့ ယုံတယ်လို့ ပြောရမှာ လည်ပင်းထဲ ဆို့နေတာ မဆန်းပါဘူး။
            ဆန်းတာက ဘင်လာဒင်က သူရှောင်ပုန်းနေတဲ့ အာဖဂန်ပြည်ထဲမှာ အသေပစ်ခတ်ဖမ်းဆီး မိတာ မဟုတ်ဘဲ၊ တဖက်က ပါကစ္စတန်ပြည်က စစ်တက္ကသိုလ်ရှိရာ မြန်မာပြည်က မေမြို့လိုနေရာမှာ ၂၀၀၅ ခုနှစ်လောက်ကတည်းက ပြောင်းရွှေ့ ပုန်းခိုနေတာ တဲ့ဗျား။ ပါကစ္စတန်စစ်တပ်ကြီးနဲ့ ပင်စင်စားတို့ မြို့တော် မေမြို့လိုမျိုးမှာ အမေရိကန်ဒေါ်လာ ၁ သန်းတန် အိမ်တော်ကြီးထဲမှာ မိန်းမတွေ၊ ကလေးတွေ၊ နောက်လိုက်လူယုံတွေနဲ့ ပုန်းအောင်း ခိုလှုံနေနိုင်ပုံကတော့ အံ့သြကုန်နိုင်ဖွယ် ဖြစ်ပါတယ်။
          ဆက်လက်ပြီး အံ့သြစရာက ဒီထောက်လှမ်းရေးသတင်းကို ဘွတ်သမ္မတကြီးလက်ထက် ကတည်းက စီအိုင်အေက သတင်းပို့ခဲ့ပြီးပြီ။ လက်ဆုပ်လက်ကိုင် မရှိခဲ့ဘူး၊ သို့သော် အယ်ကိုင်ဒါဆရာကြီးတွေ မိလိုက်တိုင်း ပါကစ္စတန်မေမြို့နား မှာချည်းပဲ။ အိန္ဒိယပြည်ကလည်း ငါတို့ပြည်ထဲ အကြမ်းဖက်သမားတွေ ၀င်တိုက်နေတာ ပါကစ္စတန်က လာတာလို့ စွပ်စွဲတိုင်း ပါကစ္စတန်က အခြေအမြစ်မရှိဘူးလို့ ငြင်းနေတာ ဖြစ်ပါတယ်။
           သည်တော့ အမေရိကန်နိုင်ငံခြားရေး ပေါ်လစီက ဘာထူးခြားသလဲ။ ဒါကို သံသယရှိရဲ့သားနဲ့ ပါကစ္စတန်ကို အကူအညီတွေ ပေးနေတာ တနှစ် ၅ ဘီလျံ အမေရိကန်ဒေါ်လာ ရှိတယ်။ ယခင်တိုင်းပြည်ခေါင်းဆောင် ဗိုလ်ချူပ်ကြီးမူရှာရက် ပြောသမျှ အမေရိကန်က ခေါင်းတငြိမ့်ငြိမ့်ပဲ။ သတ်စရာ ပစ်စရာရှိရင်တော့ ပါကစ္စတန်ပြည်ထဲမှာ အဝေးပစ် ဒုံးတွေ၊ မောင်းသူမဲ့ လေယျာဉ်တွေ လွှတ်ပြီး အယ်ကိုင်ဒါတွေ တယ်လီဘန်တွေကို ပစ်သတ်နေတာကတော့ တဖျောဖျောပဲ။ နောက်ရွေးကောက်ပွဲမှာ အရပ်သားအစိုးရတက်လာတော့လည်း စစ်တပ်ကော၊ အစိုးရကိုပါ စကားတွေ တပြောပြောနဲ့ ထောက်လှမ်းရေးနဲ့ အကြမ်းဖက်သမားသုတ်သင်ရေးကို အမေရိကန်က လုပ်မြဲ လုပ်ဆဲပါ။
         အိုဘားမားက ၂၀၁၀ သြဂုတ်မှာ သဲလွန်စတွေရနေပြီ သိနေပြီလို့ ဆိုတယ်။ သည်နောက် ၂၀၁၁ ဧပြီလကုန် (ဒေါ်နယ်ထရန့်နဲ့ အပေါင်းအပါတွေကို မွေးစာရင်းအရှည်ကို ပြပြီး ဟာသလုပ်နေချိန်မှာ) စစ်ဆင်ရေးလုပ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်။ ၀င်တိုက်နေတဲ့ အချိန်ပြီးတော့မှ ပါကစ္စတန်ကို အသိပေးတာ ဖြစ်တယ်။ မယုံလို့တဲ့ … ကြိုတောင် မပြောလိုက်ဘူး။ ဖြစ်ပုံများ။
         အိုစာမာဘင်လာဒင်နဲ့ ပါကစ္စတန် ဖြစ်ရပ်ဟာ သုခမိန်တွေ၊ ထောက်လှမ်းရေးတွေ၊ နိုင်ငံရေး သုံးသပ်သူတွေ၊ ဆရာကြီး ဆရာလေးတွေအတွက် သင်ခန်းစာမှတ်တိုင်ဖြစ်ပါတယ်။ အိုဘားမားက မှားလို့ကတော့ သူကိုယ်တိုင် အပြုတ်ဖြစ်တယ်။ အမေရိကန်ပြည်ကို်ယ်တိုင်လည်း နိုင်ငံတကာ တွံတွေးခွက်မှာ ပက်လက်မျောမှာဖြစ်တယ်။ လောင်းကြေးက အဲသည် ကာလတိုကလေးမှာ အလွန်ကြီးတယ်။ ပြီးတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ပါကစ္စတန်လို တိုင်းပြည်ကို မီးစတဖက် ရေမှုတ်တဖက်နဲ့ နှစ်ရှည်လများ ဆက်ဆံပေါင်းသင်းနေရဲတဲ့ ပေါ်လစီကလည်း အလွန် ကြည်ညိုချင်သူများ ကြည်ညိုနိုင်ကြပြီး၊ အလွန်အော့နှလုံးနာချင်သူများအတွက် အော့အန်ချင်စရာ ဖြစ်ပါတယ်။ အနီးကပ် အယုံသွင်းပေါင်းပြီးက နောက်ကျောကနေ ဒါးနဲ့ ထိုးလိုက်ပုံများ  …
           ပါကစ္စတန်လို အမေရိကန်နဲ့ လက်တွဲပြီး အကြမ်းဖက်နှိမ်နှင်းတဲ့ တိုင်းပြည်တခုဟာ သူတို့ရဲ့ တိုင်းပြည်တွင်းမှာ ဘက်လိုက်မှု၊ အားနည်းမှု၊ ခြစားမှု၊ အစွန်းရောက်မှု၊ စတဲ့ ရှုပ်ထွေးမှု မျိုးစုံနဲ့တိုင်းပြည် ဖြစ်နေတယ်ဆိုတာကို ၀တ္တုဇာတ်လမ်းတခုလိုမျိုး တွေ့ရှိရသလို၊ အစွန်းရောက် အကြမ်းဖက်သမားတွေကို စွန့်လွှတ် စွန့်စားပြီး အမေရိကန်နဲ့ အနောက်အုပ်စုကို ချေမှုန်းဖို့ ညွှန်ကြားသူ ဆရာကြီး ဦဘင်လာဒင်က အခြားတိုင်းပြည်တခုရဲ့ မေမြို့လို နေရာမှာ ဇိမ်ကျကျနဲ့ စီမံနေနိုင်တာဟာလည်း သိုင်းဝတ္တုထက် ဆန်းကြယ်၊ ကိုးရီယားကားများထက် သာတယ်လို့ ပြောရမယ် ထင်ပါတယ်။
          မြင်မိတာကို ပြောရရင်၊ နေရတကာမှာ အင်ဖောမေးရှင်းတွေ သတင်းတွေ အချက်အလက်တွေ စုံလင်အောင် သိထားဖို့က အရေးကြီးတယ်။ သတင်းမှန်၊ အချက်အလက်မှန်တွေ ပြောတာနော်။ ပြီးတော့ သုံးသပ် စိစစ် ခွဲခြမ်း စိတ်ဖြာပြီး ကောက်ချက်ဆွဲတဲ့ဆီမှာ၊ ပေါ်လစီတွေ အစီအစဉ်တွေ ဆွဲတဲ့ဆီမှာ မျက်မွေးတဆုံး၊ မျက်စိတဆုံးတွေ အဖက်ဖက်က ပြင်ဆင် သင့်တယ်။ ကိုယ့်ဥာဏ်လေး တထွာတမိုက်၊ ကိုယ့်ပတ်ဝန်းကျင်က လူလက်တဆုပ်စာကလေးနဲ့ ဟိုက ဒီက အတင်းလေး အဖျင်းလေး သတင်းအတိုအစလေးတွေနဲ့ လူကြား သူကြားထဲ မိုးပြောလိုက် ချိုးပြောလိုက်၊ ချိုမိုင်မိုင်ကလိုက်၊ ကာရာအိုကေဆိုပြလိုက်နဲ့ကတော့ သိပ်မနိပ်ဖူး ဆိုတဲ့ သဘော။

ဒေါ်စုနဲ့ ဒီပဲယင်း
      နောက်ဆုံး ရေးမှာက ဒေါ်စုနဲ့ ဒီပဲယင်း။ ၂၀၀၃ မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုကြီးဟာ ပြည်သူလူထုတွေသာမကဘူး၊ နိုင်ငံတကာအတွက်ပါ သတင်းမှောင်ချခံလိုက်ရတဲ့ လုပ်ကြံမှုကြီး တခုဖြစ်ပါတယ်။ ၂၀၀၃ ကနေ အကျယ်ချူပ်ခံရသူ ခေါင်းဆောင် ၂ ဦးဟာ ၂၀၁၀ ကျမှ အသီးသီး အပြင်လောကကို လွတ်မြောက်လာရတယ်။ အဲသည် ၇ နှစ်မှာ ဒီပဲယင်း လွတ်မြောက်လာသူတွေရဲ့ ကို်ယ်တွေ့ဖြစ်ရပ်တွေ၊ မှတ်တမ်းတွေကြောင့် ဒီပဲယင်းရဲ့ ရက်စက်ကြမ်းတမ်း ယုတ်မာရိုင်းစိုင်းမှုကို သိကြရပေမယ့် အဓိက ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ အင်န်အယ်ဒီ ဦးဆောင်သူများနဲ့ ကာယကံရှင် ဒေါ်စုနဲ့ ဦးတင်ဦးတို့ရဲ့  အဆုံးအဖြတ်၊ သဘောထားနဲ့ တုန့်ပြန်မှု အစီအစဉ်ကို ကျနော်တို့တတွေ လွန်ခဲတဲ့ တပတ်ကမှ ဒေါ်စုကိုယ်တိုင် ထုတ်ဖော်ပြောဆိုချက်နဲ့ သိကြရတာ ဖြစ်တယ်။
          စစ်အုပ်စုနဲ့ ဘယ်လို ဆွေးနွေးခဲ့တာ ရှိတယ်။ ဘယ်လိုအချက်တွေကို ထုတ်ဖော်ပြောဆိုတယ်။ အမျိုးသားညီလာခံကို တက်ဖို့ သဘောတူကြတယ်။ ပြီးတော့ စစ်အုပ်စုဖက်က ဒေါ်စုကို လွှတ်မပေးလို့ ဒါတွေ ပျက်ပြယ်သွားခဲ့ရတယ်။
ဒါတွေကို အပြင်မှာ ကောလဟာလတွေ၊ အထင်အမြင်တွေ မျိုးစုံ ထွက်ပေါ်ခဲ့တယ်။ အချင်းချင်းတွေထဲမှာလည်း အငြင်းအခုံတွေ ဖြစ်ကြရတယ်။ ချည်းကပ်ပုံတွေ ကောက်ချက်ဆွဲပုံတွေ မျိုးစုံ ဖြစ်ကြရတယ်။
 အဲသည်အတွက် ၂၀၀၃ နောက်ပိုင်းမှာ လွတ်မြောက်လာသူ ၈၈ မျိုးဆက် ကျောင်းသားလူငယ်တွေဟာ အမျူိးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကို တင်ပြီး သီးခြား လှုပ်ရှားမှုတွေ ဖော်ခဲ့ရတယ်။ ၂၀၀၃ ဒီပဲယင်းကို ဆက်စပ် ဖော်ဆောင်တဲ့ လှုပ်ရှားမှု မဖြစ်ခဲ့သော်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ အခုချိန်မှာ ပြန်ကြည့်ရင် ဒေါ်စု၊ ဦးတင်ဦးတို့ သဘောထားနဲ့ မျှတယ်လို့ ပြောနိုင်တယ်။ သို့သော်လည်း ဆက်စပ်မှုနဲ့ နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာနိုင်ရန် စစ်အုပ်စုဖက်က မကြိုးစားဘဲ တင်းမာစွာ တုန့်ပြန်ခဲ့လို့ ၂၀၀၇ လောင်စာဆီ အရေးအခင်း၊ သံဃာ့အရေးအခင်းတွေ ဖြစ်ပွားခဲ့ရတယ်။ ၂၀၀၈ နာဂစ်အရေးအခင်းမှာလည်း ပြည်သူတွေ နစ်နာပျက်စီးရတယ်၊ စစ်အုပ်စုက တဖက်သတ် အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ဖြစ်ရပ်ကြီးလည်း ဖြစ်ပွားခဲ့ရတယ်။
ဒေါ်စုနဲ့ ဒီပဲယင်း ဖြစ်ရပ်ရဲ့ နောက်ပိုင်းမှာ လူထုမြင်ကွင်းနောက်ကွယ်မှာ လှုပ်ရှားမှုတွေ ရှိတယ်ဆိုတာ ကျနော်တို့ ခုတော့ သိကြပါပြီ။ ၂၀၀၇ ရွှေဝါရောင်အပြီးမှာတုန်းကလည်း ဒေါ်စုနဲ့ပဲ စစ်အုပ်စု ဆွေးနွေးဖို့ အားလုံးက တိုက်တွန်းခဲ့တာပါ။ ဒေါ်စုဟာ လူထုတရပ်လုံးကို ကိုယ်စားမပြုဘူး၊ တိုင်းပြည်ကို ကိုယ်စားမပြုဘူးလို့ ပွက်သူတွေ ပွက်ခဲ့ဘူးတယ်။
၂၀၀၉  ယက်တောအမှုဖြစ်တုန်းကလည်း စစ်အစိုးရ ၀တ်စုံပြည့် ထိုးစစ်ဆင်တော့မှ အတိုက်အခံတွေ အငိုက်မိခဲ့ကြပါတယ်။ ယက်တောက လွန်ခဲ့တဲ့ ၁ နှစ် (၂၀၀၈) ကလည်း ဒေါ်စုအိမ်ကို ချည်းကပ်ခဲ့ပြီးပြီ ဆိုတာ အစိုးရပြောမှ သိတာပါ။ အတိုက်အခံတွေက ထုတ်ပြောလို့ သိတာ မဟုတ်ဘူးလေ။ အဲသည်တုန်းက စစ်အုပ်စုနဲ့ ယုံကြည်မှုတည်ဆောက်နေတဲ့ ဒေါ်စုက စစ်အစိုးရကို အကြောင်းကြားပြီးသား၊ ဒေါ်စုနဲ့ တွေ့ဆုံခွင့်ရသူ အင်န်အယ်ဒီက သက်ဆိုင်ရာတွေလည်း သိခဲ့ကြပြီး ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အခုတော့ ဒေါ်စု၊ ဦးတင်ဦး နဲ့ ဦင်္းဝင်းတင်တို့ ခေါင်းဆောင်တွေနဲ့ အင်န်အယ်ဒီခေါင်းဆောင်တွေ အကျဉ်းထောင်တွေ၊ အကျယ်ချုပ်တွေက လွတ်မြောက်လို့ ၂၀၁၀ ကြံ့ဖွံ့ရွေးကောက်ပွဲလွန်ကာလမှာ နိုင်ငံရေးဦးဆောင်မှု မျက်နှာစာသစ်ကို စတင်နေပြီ ဖြစ်ပါတယ်။
ပြည်သူတွေနဲ့ တိုက်ရိုက်ကို ထိတွေ့နေပြီး ဦးဆောင်မှုပေးနေတဲ့ ထူးခြားတဲ့ မျက်မှောက်ကာလမှာ သံသယတွေ၊ သုံးချက်တွက်တွေ၊ နှစ်လုံး သုံးလုံး အတိတ်ဖော်တာတွေ၊ ဟိုချောင် ဒီချောင်က သံသေးသံကြောင်တွေ နောက်လိုက်ပြီးတော့ နားဝေး အနေဝေး၊ သွေးအေးနေကြစရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။
လောလောဆယ် ဘာလုပ်မှာလဲ မိတ်ဆွေ၊ ကိုယ်တိုင်က ခေါင်းဆောင်ဆိုပြီး တင်ထားတဲ့သူ ခိုင်းတာကို ကိုယ်လုပ်နိုင် တတ်နိုင်တယ်ထင်ရင် လုပ်လိုက်ရုံသာ ရှိတာပေါ့။ လောလောဆယ် လက်မှတ်ထိုးပေးကြပါလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောတော့လည်း လက်မှတ်ထိုးလိုက်ရုံသာ။
နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ်တယ်။ အဲဒါဟာ ခေါင်းဆောင်တွေနဲ့ ဆိုင်ပါတယ်။ ပြည်သူလူထုထဲက သာမန်လူသားတဦးကတော့ သူယုံကြည်တဲ့ ခြေလှမ်းတွေ အတူတကွ လှမ်းနေကြရုံပဲ ရှိပါတယ်။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts