>Reactions on the journals from Burma on new grovernment

>

 အစိုးရသစ် အပေါ် ပြည်တွင်း မီဒီယာများရဲ့ ဖေါ်ပြချက်

မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၃၊ ၂၀၁၁
အသစ် ဖွဲ့စည်းလိုက်သည့် အရပ်ဝတ် အစိုးရနှင့် သမ္မတသစ် ဦးသိန်းစိန်မိန့်ခွန်းအပေါ် ပြည်တွင်း သတင်းဂျာနယ်များက ဝေေ၀ဆာဆာ ဖေါ်ပြကြသည်။ အချို့သော သတင်းဂျာနယ်များက အစိုးရသစ် ထွက်ပေါ်လာမှုအပေါ် အန်အယ်လဒီ သဘောထား၊ အန်အယ်ဒီ၏ မှတ်ချက်တို့ကို ဖေါ်ပြရန် ကြိုးစားသော်လည်း စိစစ်ရေးခွင့်ပြုချက်မရဟုလည်း ကြားသိရသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး၏ အရေးပါသော အင်အားစုဖြစ်သည့် အန်အယ်လ်ဒီ၏ ရပ်တည်ချက် သဘောထားကို ပြည်တွင်းထုတ် စာစောင်များတွင်  မဖတ်ရှုရပေ။
သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ပါရှိသလို စတုတ္ထမဏ္ဍိုင် စာနယ်ဇင်း ကဏ္ဍ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြု တဲ့သဘောလား ၊ စာပေစိစစ်ရေးရဲ့ မူဝါဒတွေ မပြင်ဆင်ရသေးလို့လားတော့ မသိပါ။ လောလောဆယ် စာနယ်ဇင်း လွတ်လပ်ခွင့် သိသိသာသာ မထူးခြားလာသေးတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ 
တတိယ အုပ်စုလို့ ခေါ်ဆိုကြတဲ့ အုပ်စုဝင်တစ်ဦးဖြစ်သူ ဒေါက်တာနေ၀င်းမောင်ကတော့ သူ့ရဲ့ သည်ဗွိုက်စ် ဂျာနယ်မှာ ၀မ်းမြောက်ဝမ်းသာစွဖြင့် ကြိုဆိုနေသည်ကို ဖတ်ရှုရပေလိမ့်မည်။ မြန်မာပြည်သူတွေက သမ္မတသစ်နဲ့ အစိုးရသစ်ရဲ့ ပြောဆိုချက်ကို ကြားဖို့ သိစိတ်ထဲမှ ဖြစ်စေ၊  မသိစိတ်ကဖြစ်စေ ဒါမှမဟုတ် တိတ်တခိုးမျှော်လင့်နေသော ပြည်သူများရဲ့ အသံကို အစိုးရက သိတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။
သူ့ရဲ့ အရေးအသားကို ဖတ်ရတဲ့အခါ သတင်းစာဆရာ ရဲ့ ရပ်တည်ချက်ထက်ကို စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ဖွဲ့စည်းထားတဲ့ အစိုးရသစ်ကို အရောင်းမြှင့်တင်ရေးလုပ်ပေးနေသလို ခံစားရပါတယ်။ သတင်းစာဆရာရပ်တည်ချက်မှနေပြီး ရေးသားတဲ့ ခေါင်းကြီးပိုင်းဆိုရင် အစိုးရရဲ့ ပြောဆိုချက်တွေကို ဝေဘန်ဆန်းစစ်တဲ့ ရှုထောင့်မှ သုံးသပ်ပြီး ဘယ်လိုဟာတွေ လိုအပ်တယ်၊ လက်တွေ့ဆောင်ရွက်ဖို့ အရေးကြီးတယ် စသဖြင့် ထောက်ပြဖို့ တာဝန်ဟာ စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ပါ။
ယခု ပြောကြားသည့် မိန့်ခွန်းဟာ ပြည်သူလူထုကို ရည်ရွယ်ပြောဆိုတဲ့ မိန့်ခွန်းတွေမဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကိုသာ ရည်ရွယ် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်နေပါတယ်။ ဒီအတွက် ဒေါက်တာနေ၀င်းမောင်က “ပြည်သူလူထုကြီး ခင်ဗျား´´လို့ ရည်ညွှန်းပြောဆိုတဲ့ မိန့်ခွန်းကြားချင်တဲ့ အကြောင်း ရေးထားပါသေးတယ်။ 

 
အခြား အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ မက်ဆင်ဂျာ ဂျာနယ်ကတော့ သမ္မတ မိန့်ခွန်းကို လူငယ်အများစု စိတ်ဝင်စားစွာ ကြည့်ရှုနားထောင်ခဲ့တယ်လို့ ဖေါ်ပြထားတာ ဖတ်ရပါသေးတယ်။ သတင်းရေးသူက လူငယ် ၂ယောက်ကိုမေးပြီး သတင်းရေးထားလို့ လူငယ်အများစုဆိုတာ လူငယ်ဘယ်လောက်ရာနှုန်းဆိုတာ မဖေါ်ပြထားပါဘူး။ 
 
ထိုနေ့က မိန့်ခွန်းထုတ်လွှင့်နေတုန်း စားသောက်ဆိုင် တစ်ဆိုင်မှာ စားသောက်နေတဲ့ ၀ိုင်းလေးဝိုင်းမှာ လူငယ်အများအပြားပါဝင်တဲ့ ၀ိုင်းကြီးတ၀ိုင်းက မိန့်ခွန်း ထုတ်လွှင့် နေတာကို လှည့်တောင်မကြည့်ကြပဲ စားကြသောက်ကြ စကားတွေ ပြောနေကြတာတွေ့ရပါတယ်။ 

လူကြီးပိုင်း လူလတ်ပိုင်း စိတ်ဝင်စားကောင်း စိတ်ဝင်စားကြမှာ မှန်ပေမယ့် လူငယ် အများစု စိတ်ဝင်စားတယ်ဆိုတာတော့ သံသယရှိစရာပါ။ 
အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ `ပထမအဆင့် အောင်မြင်သွားပြီ၊ မျှော်မှန်းထားသလို သလို ဖြစ်လာပြီလို့ ပြောလို့ရပါတယ်´ လို့ဆိုထားပါတယ်။အဲဒါကို  ရှင်းလင်းပြောဆိုတာ ဖေါ်ပြထားတာ မတွေ့ရလို့ စိစစ်ရေးကပဲ ဖြုတ်လိုက်သလား၊ ဦးခင်မောင်ဆွေကပဲ ဒိလောက်ပဲ ပြောတာလားဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။ 
ကမ္ဘာ့ နိုင်ငံရေးတွေ ဝေဘန်သူ ဦးကိုကိုလှိုင်ကတော့ `အခုချိန်မှာ အစိုးရသစ်အပေါ် ဘာထင်မြင်ချက်မှ ပေးလို့မရသေးပါဘူး၊ သမ္မတကြီးရဲ့ မိန့်ခွန်းကိုတော့ ဘာပြောစရာမှ မရှိပါဘူး´ လို့ဆိုပါတယ်။ နိုင်ငံတကာ နိုင်ငံရေးကို ဝေဘန်ချက်ပေးရတာ အန္တရာယ်ကင်းပေမယ့် ပြည်တွင်းနိုင်ငံရေးကို ဝေဘန်တာ အန္တရာယ်များလို့ ဘာဝေဖန်ချက်မှ မပေးတာလား မသိပါ။ 

သတင်းဂျာနယ်ဖြတ်ပိုင်းများကို တင်ဆက်လိုက်ပါတယ်။ မောက်စ်ကို နှိပ်ပြီး အကြီးချဲ့ဖတ်ရှုနိုင်ပါပြီ။