>
ပြည်သူ့ဂုဏ်ရည်ဆန်ကာတင် ၅ဦး ရွေးချယ်ရန် ဆန္ဒခံယူပွဲနှင့် ရန်ပုံငွေဈေးရောင်းပွဲ
ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) က ပူးတွဲကျင်းပမည်
မိုးမခအထောက်တော် နယူးယောက်
ဧပြီ ၃၊ ၂၀၁၁
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူ များအား ၎င်းတို့၏ လုပ်ရပ် များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ဒုတိယအကြိမ် ရွေးချယ်ပေးအပ် ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ) ၌ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ပါသည်။
ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူများက မိမိနှစ်သက်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းများ တင်သွင်းလျှက်ရှိကြပါသည်။ ထိုအမည်စာရင်းထဲက နောက်ဆုံးဆန်ကာတင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ကို ပြည်သူ့ဂုဏ်ရည်ဆုပေးရေးတွင် ပါဝင်ကြသည့် မြို့နယ်အသီးသီးက ပဏာမအဆင့် ရွေးချယ်ကြမှာ ဖြစ်ပါသည်။ ထိုသို့ ရွေးချယ်ရာတွင် “လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက် ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင် လောက အတွက် စံပြဖြစ်မှု” စသည့်အခြေခံအချက်များအပေါ်တွင် မူတည်ပြီး မြို့နယ်အသီးသီးက ရွေးချယ်ကြမည်ဟု ဆိုပါသည်။
မြို့အသီးသီး၏ ပဏာမဆန္ဒပြုချက်များထဲက အများဆုံးဆန္ဒပြုခံရသူ ဆန်ကာတင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ ကို နိုင်ငံတကာရှိ မြန်မာအသိုင်းအ၀ိုင်းသို့ အသိပေးကြေငြာပြီး အင်တာနက်မဲဆန္ဒစနစ်ဖြင့် အများဆုံးမဲရရှိသူ တဦးကို ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) အဖြစ် ရွေးချယ် ဂုဏ်ပြုသွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ)က မြို့နယ်အနေဖြင့် ရွေးချယ်ပေးရမည့် ဆန်ကာတင် ငါးဦးကို နယူးယောက်မြို့နယ်တွင်းရှိ မြန်မာအသိုင်းအ၀ိုင်း၏ ဆန္ဒသဘောထားကို တောင်းခံပြီး ရွေးချယ်သွားနိုင်ရန်အတွက် ဆန္ဒခံယူပွဲ နှင့် ရန်ပုံငွေဈေးရောင်းပွဲတော်ကို မေလ ၁ရက် တနင်္ဂနွေနေ့တွင် 42-00 72nd St, Woodside ရှိ P.S 12 James B Colgate ကျောင်းတွင် ကျင်းပသွားရန် စီစဉ်လျက် ရှိသည်ဟု ကြားသိရပါသည်။
လက်ခံရရှိထားသော ပြည်သူ့ဂုဏ်ရည်အမည်စာရင်း တင်သွင်းခံထားရသူတို့၏ ကို်ယ်ရေး (အဖွဲ့အကြောင်း) အကျဉ်းများကို ပွဲတော်လာပရိသတ်တို့အား ဝေငှခြင်း၊ အများပြည်သူတို့၏ ဆန္ဒအရှိဆုံး ၅ ဦး ( ၅ ဖွဲ့) ၏ အမည်ကို ကောက်ခံခြင်းနှင့် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အတွက် ရန်ပုံငွေဈေးရောင်းပွဲတော်ကို ကျင်းပမည် ဖြစ်ရာ ၀ိုင်းဝန်း ထောက်ခံ အားပေးလိုသူ စေတနာရှင်များ၊ အလှူရှင်များနှင့် အစားအသောက်အလှူရှင်များထံ မေတ္တာရပ်ခံနှိုးဆော်ထားကြောင်းနှင့် အသေးစိတ်အစီအစဉ်များကို ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) မှ ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။