>
ကယ်လီဖိုးနီးယားပြည်နယ် ၀န်ကြီးချူပ်ကို တက္ကသိုလ်၊ ကောလိပ်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ
မိုးမခအထောက်တော် ၀၀၂၊ ဓာတ်ပုံ ခင်မောင်ဝင်း(လှည်းတန်း)
မတ် ၁၆၊ ၂၀၁၁
လွန်ခဲသည့် မတ် ၁၄က ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် ဆက္ကမန်ထရိုမြို့၊ ပြည်နယ်အစိုးရရုံးချူပ်ရှေ့တွင် ပြည်နယ်တ၀ှမ်းရှိ အစိုးရတက္ကသိုလ် ၂၃ ခုနှင့် ဒေသကောလိပ် ၁၁၂ ခုတို့က ကျောင်းသားအစည်းအရုံးများ၊ ကျောင်းသားဆီနိတ် (သမဂ္ဂလွှတ်တော်) တို့က ကျောင်းသား ထောင်နှင့်ချီပြီး သွားရောက် ဆန္ဒပြခဲ့ကြသည်။ လက်ရှိ ပြည်နယ်ဝန်ကြီးချူပ် မစ္စတာဘရောင်း၏ အစိုးရတက္ကသိုလ်များထံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ စီ ဖြတ်တောက်မည်ဟု ဘတ်ဂျက်တင်ပြချက်ကြောင့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများက ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၀ ခုနှစ် ခန့်ကတည်းက အမေရိကန်ပြည် စီးပွားရေး ကျဆင်းနေခဲ့ရာတွင် ကယ်လီဖိုးနီးယားပြည်နယ်သည် ဘတ်ဂျက်လိုငွေ အကြီးအကျယ်ပြနေခဲ့သည်။ တက္ကသိုလ် ကောလိပ်များအတွက် အစိုးရဖြည့်ဆည်းပေးနေသော ပညာရေးစာရိတ်များ၊ ကျောင်းသားများအတွက် ပေးအပ်သော ကျောင်းစာရိတ်အကူအညီများကို ပြည်နယ်နှင့် ဗဟိုအစိုးရတို့က နှစ်စဉ် ဖြတ်တောက်ခြင်း လျော့ချခြင်းတို့ ပြုလုပ်လျက်ရှိသည်။ ယခုနှစ်တွင် အသုံးစာရိတ်များ ထပ်မံဖြတ်တောက်ခြင်း၊ ကျောင်းစာရိတ်များကို ကျောင်းသားများထံက တိုးမြှင့် ကောက်ခံခြင်း၊ ကျောင်းဝင်ခွင့်များ ကန့်သတ်ခြင်း၊ အခြားကျောင်းစာရိတ်များ လျော့ချခြင်းတို့ကြောင့် ကျောင်းသားများသာမက ပညာရေးဝန်ထမ်းများပါ အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ လျော့ချခြင်း ခံနေရသည်မှာ ပိုပြီး ဆိုးလာသည်ဟု ဆိုသည်။
စီးပွားရေး ကျဆင်းသဖြင့် ပြည်နယ်နှင့် ဗဟိုတွင် အခွန်အတုပ်များ ရရှိမှု ကျဆင်းလျက်ရှိသဖြင့် အစိုးရထောက်ပံ့ကူညီ၊ လည်ပတ်နေသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည် နယ်ပယ်များအတွက် ဘတ်ဂျတ်များ ပြတ်တောက် လျော့နည်းလာခြင်းဖြစ်သည်။ ဘတ်ဂျက်များ လျော့ပါးသဖြင့် ပြည်သူများထံက တိုးတက်မရနိုင်တော့သည့် ၀င်ငွေခွန် စီးပွားရေးခွန်များအစား စားသုံးသူအခွန်၊ စည်ပင်သာယာအခွန် နှင့် ကျောင်းစာရိတ်၊ ၀န်ဆောင်မှုစာရိတ်များ တိုးမြှင့်ကောက်ခံပြီး အစိုးရကို လည်ပတ်နေရသည်ဖြစ်ရသည်။
ထိုအခါ နဂိုကတည်းက ကြပ်တည်းနေသော ပြည်သူတို့မှာ အခွန်အတုတ်ကြီးမြှင့်မှု၊ ကျောင်းနှင့် အစိုးရ၀န်ဆောင်မှု စာရိတ်တိုးမြှင့်လာမှုတို့ကို မကျေနပ်မှုများ တိုးပွားလာရခြင်း ဖြစ်သည်။ အခွန်အတုတ်များ ကြီးမြင့်လာခြင်း၊ စာရိတ်ကြီးမားလာခြင်းတို့ကို အကြောင်းပြပြီး ငွေကြေး ရင်းနှီးမြုတ်နှံသူများကလည်း စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ထူထောင်ရန် ၀န်လေးနေခြင်းကြောင့် တိုင်းပြည်စီးပွားရေးမှာ အဆိုးသံသရာလည်နေခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
“မြန်မာပြည်မှာ ပညာရေးစာရိတ်ကို နဂိုကတည်းက မြုတ်နှံကူညီခြင်းလည်း မရှိ၊ တာဝန်ယူခြင်း၊ သုံးသပ် ထုတ်ပြန်ခြင်း မရှိတဲ့အပြင် ကျောင်းသားတွေကို လွတ်လပ်မှု မရှိအောင် ဖိနှိပ်ချူပ်ချယ် နှိမ်နှင်းထားပြီး ဖြစ်တော့ အခုလိုမျိုး ပညာရေး ချွတ်ခြုံကျမှု ဖြစ်ရပ်မှန်ကိုတောင် ထုတ်ဖော်ခွင့် ဆွေးနွေးခွင့် မရဘူး ဖြစ်နေတယ်”
ဟု ဆန္ဒပြကန့်ကွက်ပွဲတွင် သွားရောက် ဆင်နွှဲခဲ့သူ ကောလိပ်ကျောင်းသား ခင်မောင်ဝင်း (လှည်းတန်း)က မိုးမခကို ပြောပြခဲ့သည်။