>Baby elephant tortured into submission before illegal smuggling from Burma to Thailand

>

ထိုင်းသို့ တင်ပို့မည့် မြန်မာ့ဆင်ပေါက်ကို နှိပ်စက်နည်း
ဘာသာပြန်အင်တာဗျူး
မတ် ၃၊ ၂၀၁၁

ရိုက်ချက်ကို ရှောင်တိမ်းရန် ကြိုးပမ်းနေသည့် ဆင်ပေါက်လေး။
မြန်မာနိုင်ငံ ကရင်ကျေးရွာတခုရှိ ဆင်ဖမ်းဆီးလေ့ကျင့်ရေးစခန်းသို့ ရောက်ခဲ့သည့် ဓာတ်ပုံဆရာ Brent Lewin က မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းများတွင် အသုံးပြုမည့် ဆင်များကို မြန်မာပြည်ဘက်မှ မှောင်ခိုထုတ်လျက်ရှိရာ တပတ်လျှင် တကောင်နှုန်း တင်ပို့နေသည်ဟု ခန့်မှန်းကြသည်။

မေး – ဒီဓာတ်ပုံ ဘယ်လိုရိုက်ခဲ့တာလဲ။ ဘာ အခက်အခဲတွေ တွေ့ခဲ့လဲ။
ဖြေ – အာရှဆင်တွေ ကြမ္မာငင်နေတဲ့အကြောင်း နဲ့ သူတို့ရဲ့ ဆင်ဦးစီးတွေ အကြောင်းကို ၂၀၀၇ နှစ်ကတည်းက ကျနော် မှတ်တမ်းတင်နေတာပါ။ စစချင်းတော့ ဘန်ကောက်မှာ လမ်းတကာလှည့်ပြီး တောင်းစားတဲ့ ဆင်တွေ၊ ဆင်ထိန်းတွေနောက် လိုက်ရတာပေါ့။ အဲဒီမှာ ဒီ ဆင်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းမှာ ပြဿနာတွေ တပြုံကြီး ရှိတယ်ဆိုတာ သိလိုက်ရတာပဲ။ ထိုင်းမှာ ဆင်ကောင်ရေ တဖြည်းဖြည်း နည်းလာတာ ကြာပြီဆိုတော့ လိုတဲ့ ဆင်တွေကို နယ်စပ်ဖြတ်ပြီး၊ မြန်မာပြည်ဘက်ကနေပေါ့နော်၊ သွင်းရပါတယ်။

ကျနော် မြန်မာပြည်ဘက်ကို ခဏခဏ ရောက်ပါတယ်၊ ဆင်တွေကို ဘယ်လို ကျုံးသွင်းသလဲ ဆိုတာကို ဓာတ်ပုံရိုက်နိုင်ဖို့ ကြိုးစားပါတယ်။


ဆင်စခန်းမှာ ဒီ ဆင်လေးရဲ့ အမေကိုလည်း ထူးခတ်ထားတယ်။ သူ့ကလေးကို ဘယ်လိုဘယ်လို လုပ်နေတယ် ဆိုတာကို သူ မြင်နေရတာပေါ့။ ဆောက်တည်ရာမရ ဖြစ်နေတယ်။ ဆင် အဲဒီလို အော်တာမျိုး ကျနော် တခါမှ မကြားဖူးဘူး။ မြေကြီး တုန်သွားသလားတောင် ထင်ရတယ်။ ခတ်ထားတဲ့ သံကြိုးတွေ ပြုတ်ထွက်သွားမတတ်ပဲ။ ဆင်ဦးစီးတွေနဲ့ ကျနော့်ဆီ ပြေးလာပြီး တိုက်ခိုက်တော့မလိုပဲ။ ဆင်ထိန်းတွေလည်း ကြောက်တာပေါ့၊ ဒီဆင်မကြီး ကြိုးပြုတ်သွားမလားပေါ့လေ။ ဒီတော့ သေချာအောင် သံကြိုးတွေ ဘာတွေကို ပြန်စစ်တယ်။ ပြီးတော့ ဆင်ကလေးကို စပြီး ယဉ်အောင် ကျင့်တယ်။

ဆင်လေးက ကြောက်ပြီး အော်ငိုပါလေရော။ ကျနော်လည်း သူ့ကို အဲဒီလို မလုပ်ကြဖို့ ဘယ်လိုမှ တားလို့ မရဘူး။ နောက်ဆုံးတော့ ဒီ ဆင်မလေး ငြိမ်ကျသွားပါတယ်၊ အဲဒီ အခိုက်အတန့်မှာ သူ့ဘ၀ သေသွားပြီ ဆိုတာ သူ့မျက်လုံးမှာ အတိုင်းသား ပေါ်နေတယ်။ ကျနော် ပြန်ပြီး မြင်မြင်နေတာကတော့ ဒီဆင်မလေးရဲ့ အဲဒီတုန်းက အကြည့်ပေါ့ဗျာ။

မေး – ဆင်တွေကို ဒီလိုမျိုး လုပ်နေကြတာပဲလား။
ဖြေ – ဒီနည်းက ရိုးရာနည်းပဲ။ ဒီတိုင်းပဲ လုပ်ကြတာပဲ။ နှိပ်စက်ပုံ နှိပ်စက်နည်းတော့ ကွာတာပေါ့လေ။ တချို့ ဆင်စခန်းတွေမှာတော့ ရိုက်တဲ့နှက်တဲ့နည်းကို မသုံးဘူး။ အချိန်ယူပြီးတော့ စိတ်ရှည်ရှည်နဲ့ ယဉ်ပါးအောင် လုပ်တဲ့နည်းကို သုံးကြတယ်။ ထိုင်းမှာလည်း အရင်တုန်းက ဒီလိုမျိုး အကြမ်းနည်းသုံးတာကို နိုင်ငံခြားသားတွေ ကြုံဖူးပါတယ်။ ဒါပေမယ့် အကျည်းတန်လွန်းတာကြောင့် ခုဆိုရင် နိုင်ငံခြားသားတွေ ဒီနည်းလမ်းကို မြင်ရဖို့ မလွယ်တော့ဘူး။

မေး – ဆင်တွေကို ဒီလို လေ့ကျင့်တာကို တားမြစ်တဲ့ အဖွဲ့အစည်းတွေ ဒီဒေသထဲမှာ ရှိသလား။
ဖြေ – ထိုင်းက ဆင်တွေကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းကောင်းတွေ ရှိပါတယ်။
Nature Park နဲ့ Elephant Conservation Network တို့ ဆိုရင် ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးကြပါတယ်။

မေး – ထိုင်းကို ခရီးသည်တယောက် သွားမယ် ဆိုရင် ဒီပြဿနာထဲ ပါနိုင်သလား၊ ဒါမှမဟုတ် ပြဿနာကို ဖြေရှင်းပေးနိုင်မလား။
ဖြေ – ဆင်နဲ့ပတ်သက်တဲ့ ခရီးသွားလုပ်ငန်း လုပ်တဲ့ထဲမှာ ခေတ်မှီတိုးတက်တဲ့ နည်းလမ်းတွေကို သုံးတဲ့ ကုမ္ပဏီတွေ ရှိပါတယ်၊ ရှားတော့ ရှားတာပေါ့လေ၊ အဲဒီလိုမျိုး ကုမ္ပဏီတွေနဲ့ ဆက်သွယ်သင့်တာပေါ့။ ဆင်တွေကို ဆပ်ကပ်ထဲ ခိုင်းသလိုမျိုး ခိုင်းတတ်ကြတဲ့ ခရီးသွားလုပ်ငန်းမျိုး ဆိုရင်တော့ အားမပေးနဲ့ပေါ့ဗျာ။ အဲဒီလိုနေရာမျိုးတွေ ဆိုရင် ဆင်တွေကို တနေကုန် ချုပ်ထား၊ တကောင်ချင်း သီးခြားစီ ချုပ်ထားတတ်ကြတယ်။ ဆင်တွေ အနှိပ်စက်ခံရတယ် ဆိုရင် ကန့်ကွက်ပေါ့ဗျာ၊ ပိုင်ရှင်ကို ပြောပေါ့။

လာမယ့်နှစ်တွေမှာတော့ ထိုင်းရဲ့ ဆင်အခြေခံ ခရီးသွားလုပ်ငန်းက ပြောင်းလဲ တိုးတက်လာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

photoblog.msnbc.msn.com မှ အင်တာဗျူးကို ဆီလျော်အောင် ဘာသာပြန်သည်။