>Kumudra Journal repermitted to print again

>

ကုမုဒြာ ဂျာနယ် ထုတ်ဝေခွင့် ပြန်ရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၁
လွန်ခဲ့သည့် ၄နှစ်ဝန်းကျင်က ၀န်ကြီးဋ္ဌာနပိုင် ထုတ်ဝေခွင့်လိုင်စင်ကို ဆက်လက်မငှားခြင်းကြောင့် ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ရသည့် ကုမုဒြာဂျာနယ်ကို ယခုသီတင်းပတ်အတွင်း နောက်ဆုံး ထုတ်ဝေခဲ့သည့် ဦးဝေလျှံကပင် ပြန်လည်ထုတ်ဝေ လိုက်သည်။
ကုမုဒြာဂျာနယ် ထုတ်ဝေခွင့်၏ နကိုမူလ ပိုင်ရှင်မှာ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာနဖြစ်ပြီး ၀န်ကြီးဋ္ဌာနမှ တာဝန်ခံသူ ဗိုလ်မှူး မြတ်သူရနာမည်ဖြင့် ထုတ်ဝေသူလက်မှတ်တွင် ဖေါ်ပြထားပြီး ၂၀၀၂-၃ ခုနှစ်ဝန်းကျင်တွင် ဓနမဂ္ဂဇင်း ထုတ်ဝေသူနှင့် ပိုင်ရှင်ဖြစ်သည့် ဦးဝေလျှံက ငှားရမ်း ထုတ်ဝေခဲ့ရာမှ ၂၀၀၇ ခုနှစ်အကုန်တွင် ထည့်သွင်းဖေါ်ပြသည့် နိုင်ငံရေး သတင်းနှင့်ပတ်သက်ပြီး ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနမှ မနှစ်သက်သဖြင့် ထုတ်ဝေခွင့်ကဒ် ငှားရမ်းခြင်းကို ပြန်လည်သိမ်းယူစေခဲ့သည်။
ထို့သို့ ကဒ်ပြန်ရုပ်သိမ်းလိုက်သည့် အတွက်  ကုမုဒြာဂျာနယ်၂ လ၀န်းကျင် ရပ်နားထားခဲ့ရပြီး နိုင်ငံတကာ သတင်း အသားပေး မော်ဒန်ဂျာနယ်အား ပြည်တွင်း သတင်းအသားပေး ဂျာနယ်အဖြစ် ပြောင်းလဲထုတ်ဝေခဲ့သည်။
ထိုသို့ မော်ဒန်အဖြစ်ပြောင်းလဲထုတ်ဝေခဲ့ပြီး ၃နှစ်ကျော်အကြာတွင် ယခုကဲ့သို့ နောက်ဆုံး ငှားရမ်းထုတ်ဝေခဲ့သည့် မော်ဒန်ဂျာနယ်တိုက်မှ ထုတ်ဝေခွင့်ပြန်ရခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိ မော်ဒန်ဂျာနယ်ကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေလျက်ရှိပြီး ကုမုဒြာဂျာနယ်ကိုမူ အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်ဝေမည်ဟုလည်းဖေါ်ပြထားသည်။
 မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ပုံနှိပ် သတင်းမီဒီယာများအား နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်မပေးသေးသဖြင့် ဂျာနယ် တိုက်တစ်တိုက်လျင် အမည်အမျိုးမျိုးဖြင့် ၂ စောင်၊ ၃စောင်အထိ ထုတ်ဝေကာ စာဖတ်ပရိတ်သတ်အား နေ့စဉ်သတင်းစာ အရသာမျိုးပေးနိုင်အောင် ကြိုးစားလျက်ရှိကြသည်။
သို့ရာတွင် ဂျာနယ်တစ်စောင် ထုတ်ဝေဖြန့်ချိခြင်းမပြုမီ ၅ ရက်အလိုတွင် ပထမမူဟု ခေါ်ဆိုသည့် စာမျက်နှာ ၅၀ ရာခိုင်နှုန်းဝန်းကျင်ကို တင်ပြကြရပြီး နောက်၂ရက်အကြာတွင် ဒုတိယမူကို တင်ပြကြရသည်။ ထို့အတွက်ကြောင့် သတင်းတပုဒ်သည် မဖေါ်ပြမီ စာပေစိစစ်ရေးသို့ တင်ပြရခြင်းကြောင့် အနည်းဆုံး ၃ရက်မှ ၅ ရက်အထိ ခေါက်နေပြီး တခါတရံ ထူးခြားသည့် သတင်းအဖြစ်အပျက်မျိုးကို ဂျာနယ် မဖြန့်မီ တစ်ရက် အလိုထိ ညွှန်ကြားရေးမှူးထံ သွားပြပြီး ဖေါ်ပြကြသည်ဟု သိရှိရသည်။ ထိုသို့ ကြားဖြတ်အစီအစဉ်အနေဖြင့် ဖေါ်ပြသည့် သတင်းမှာ စာမျက်နှာအနည်းငယ်သာ ခွင့်ပြုသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ အုပ်ချုပ်ရေးဟု စစ်အစိုးရကခေါ်ဆိုသည့် အစိုးရသစ်ပေါ်ထွက်ရန် လုပ်ဆောင်နေသော်လည်း ယခင်ကချမှတ်ထားသည့် မီဒီယာကန့်သတ်ချက်များ အနက်သိသာသည့် လျော့ပေးမှုများ မမြင်တွေ့ရပဲ ယခုလက်ရှိကျင်းပနေသည့် လွှတ်တော် သို့ အစိုးရပိုင် သတင်းစာ၊ တီဗီမှလွဲ၍ မည်သည့် သတင်းသမားမှ ၀င်ရောက်ခွင့်မပြုသည်ကိုတွေ့ရသည်။