>Long Line of Cars for Petrol Rations cuased Traffic jam in Rangoon

>

 ဓါတ်ဆီ တန်းစီသည့် ကားများကြောင့် ရန်ကုန် မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု တိုးလာနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၈၊ ၂၀၁၁
နံနက်မိုးလင်းသည်မှ စပြီး ညနေခင်း စက်သုံးဆီရောင်းဆိုင်များ ပိတ်သည့်အထိ တဆိုင်ဝင် တဆိုင်ထွက် တန်းစီကာ တဆင့်ပြန်ရောင်းချခြင်းတို့ကြောင့် ရန်ကုန်မြို့ရှိ အသွားအလာများသည့် လမ်းများတွင် တနေကုန်နီးပါး ယာဉ်ကြောပိတ်ဆို့လျက်ရှိသည်ဟု ရန်ကုန်မြို့နေထိုင်သူများနှင့် ကားမောင်းသူများက ပြောဆိုသည်။
လက်ရှိသုံးစွဲနေသည့် ကားများအပြင် ယခင်က မသုံးစွဲပဲ ရပ်နားထားသည့် မိုဒယ်ဟောင်းကားများ၊ ၊ အသုံးမတည့်တော့သည့် မာဇဒါလေးဘီးကားများ အစီးရေ ရာနှင့်ချီပြီး လမ်းပေါ်ထွက်လာသဖြင့် ယာဉ်ကြော ပိတ်ဆို့လာခြင်း ဖြစ်သည်ဟု နေ့စဉ်မောင်းနှင်သွားလာနေသည့် ကိုယ်ပိုင်ကားပိုင်ရှင်တဦးကပြောသည်။
”အခုဒီလို ဓါတ်ဆီတန်းစီပြီး ပြန်ရောင်းတဲ့ အလုပ်ပေါ်လာတော့ နှစ် ၂၀လောက် မသုံးပဲ ရပ်ထားတဲ့ မာဇဒါ၊ ဖင်မလီယာ၊ ဖိယက်လိုကားတွေ၊ ဓါတ်ဆီသုံးတဲ့ ဂျစ်ကားဟောင်းတွေ၊ ဟိုင်းလပ် အစုတ်တွေ အားလုံးထွက်လာကြတယ်။ ဒီဆိုင်ပြီးရင် နောက်တစ်ဆိုင်သွားတယ်။ အခုလိုတန်းစီခါစက ဆိုင်တဆိုင်မှာ ၁နာရီသာသာစီရင် အလှည့်ရောက်ခဲ့ပေမယ့် အခုနောက်ပိုင်း တချို့ဆိုင်တွေမှာ ၂နာရီ ၃ နာရီစောင့်ရတဲ့ အထိဖြစ်နေပြီ အဲဒီကားတွေထွက်လာတာကြောင့်လည်း လမ်းမှာကားများလာပြီး ယာဉ်ကြောတွေ ပိတ်ကုန်တာ” လို့သူကပြောပါတယ်။
ပြီးခဲ့သည့် ဇွန်လ မတိုင်မီ အစိုးရက ရောင်းချစဉ်က ကားတစ်စီးအနေဖြင့် တစ်ရက်ကို ၂ ဂါလံသာ ထုတ်ခွင့်ရှိပြီး အများအားဖြင့် ၃ ရက်တကြိမ်သာ သွားရောက်ထုတ်ယူလေ့ရှိသော်လည်း ယခုလို ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ ရောင်းချသည့်နောက်တွင် ဆိုင်တစ်ဆိုင်၌ ကားတစီးအနေဖြင့် တရက် တကြိမ်ထုတ်ခွင့်ရှိ၍ တန်းစီနိုင်ပါက တန်းစီနိုင်သလောက် ဆိုင်အတော်များများ ထုတ်ယူခွင့်ရှိသည့် သဘောလည်းဖြစ်သည်။ ထို့ကြောင့် ဓါတ်ဆီတန်းစီထုတ်ရောင်းသည့် ကားများမှာ တနေကုန်တနေခန်း တဆိုင်ပြီးတဆိုင် တန်းစီပြီး ထုတ်ရောင်းနေကြခြင်း ဖြစ်သည်။
တော်လှန်ရေး ပန်းခြံအနီး ဦးဝိစာရလမ်းပေါ်မှ ဓါတ်ဆီဆိုင်တွင်တန်းစီသည့် ကားတန်းမှာ ဓါတ်ဆီဆိုင်မှ လှမြန်မာ(ရွှေဘ ) ထမင်းဆိုင်ကို တပတ်ပတ်ပြီး ဓမစေတီလမ်းပေါ် ၀ိဇယရုံ မီးပွိုင့်ထိပ်အထိရောက်ကာ ရောင်းချသည့် ဓါတ်ဆီဆိုင်ကို တပတ်ပတ်လုနီး အထိရှည်လျားသည်ကိုတွေ့ရသည်။ ထို့အတူ သိမ်ဖြူလမ်းအထက်ပိုင်း တင်းနစ်ကွင်းရှေ့၊ ကန်တော်ကြီးကရ၀ိတ် ၀င်ပေါက်အနီး ၊ ရန်ကုန်ဘူတာကြီးရှေ့၊  ဦးဝိစာရလမ်း တပ်မတော် ခန်းမအနီးနှင့် ပုဇွန်တောင်ကြက်တန်း ၅၆ လမ်းဓါတ်ဆီဆိုင်တို့မှာ တန်းစီသည့်ကားများပြားသည့် ဆိုင်များဖြစ်သည်ကိုတွေ့ရသည်။
ထိုသို့ တန်းစီသည့်ကားတန်းများကလည်း ယာဉ်အသွားအလာများသည့် လမ်းမကြီးများ၏ ယာဉ်ကြောတစ်ကြောစာကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်ဟု ကားမောင်းသူများ၏ ပြောဆိုချက်အရ သိရသည်။ ရန်ကုန်မြို့တွင် လွန်ခဲ့သည့်လများက ကုန်သည်လမ်းတွင်ယာဉ်ကြော ပိတ်ဆို့မှုကိုမြင်တွေ့ရလေ့ မရှိသော်လည်း ယခုအခါ နေ့ခင်းအချိန်များတွင် မြို့တွင်းလမ်းတွင်သာမက အချို့သော လမ်းဆုံမီးပွိုင့်များတွင်လည်း ယာဉ်ကြော ပိတ်ဆို့ပြီး ကားတန်းရှည်များကို မြင်တွေ့ရလေ့ရှိသည်။
ပုဂ္ဂလိကပိုင် စက်သုံးဆီဆိုင်များတွင် မီးလောင်အားကောင်းသည့် ၉၂ အဆင့် အော့တိန်းဓါတ်ဆီကို တစ်ဂါလံ ကျပ် ၃၂၀၀မှ ၃၄၀၀ အကြား လွယ်လွယ်ကူကူဝယ်ယူနိုင်သော်လည်း အရောင်မရှိသည့် ပြည်တွင်းထုတ်   ဓါတ်ဆီကို တဂါလံ ၂၅၀၀ ကျပ်ဖြင့် ၀ယ်ယူလိုသဖြင့် အချိန်ကုန်ခံ တန်းစီနေကြခြင်းဖြစ်သည်။
ဆိုင်မှ ၂၅၀၀ ကျပ်ဖြင့်ဝယ်ယူရသည့် ဓါတ်ဆီကို ပြင်ပဈေးကွက်တွင် ကျပ် ၃၂၀၀ ၀န်းကျင်ဖြင့် ပြန်ရောင်းလျင် တဂါလံ ကျပ် ၆၀၀ အမြတ်ရပြီး ကုမ္ပဏီမတူသည့် ဆိုင်များတွင် လှည့်လှည်တန်းစီလျင် တစ်ရက်မှာ ဂါလံ ၂၀ ၀န်းကျင် ထုတ်နိုင်သည့်အတွက် အမြတ်ကျပ် ၁သောင်းကျော် ရမည်ဖြစ်သည်ဟု ဓါတ်ဆီတန်းစီသူများ၏ ပြောဆိုချက်အရ သိရသည်။
မြန်မာစစ်အစိုးရ၏ စွမ်းအင်ဝန်ကြီးဋ္ဌာနက ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအား ဓါတ်ဆီခွဲတမ်းဖြင့် ရောင်းချပေးနေပြီး ခွဲတမ်းလျော့ချလိုက်ခြင်းကြောင့်လည်း ရန်ကုန်တွင်သာမက နယ်မြို့များတွင်ပါ ဓါတ်ဆီဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ အစိုးရက ဓါတ်ဆီရိုးရိုး ကိုတဂါလံ ကျပ် ၂၅၀၀ ထက်ပိုမရောင်းရန် သတ်မှတ်ထားသည်ကို တွေ့ရသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts