>
အယ်လ်မြန်မာကွန်မြူနီတီ၏ နှစ် ၉၀ မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ ကျင်းပပြီးစီး
မိုးမခအထောက်တော် အယ်လ်အေ
ဒီဇင်ဘာ ၆၊ ၂၀၁၀
ယမန့်နေ့ နေ့ခင်းက အယ်လ်အေမြို့၊ အောင်ဇေခမ်းမတွင် ကျင်းပသော နှစ် ၉၀ မြောက် အမျိုးသားနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲကို စာရေးဆရာများဖြစ်ကြသော မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မေငြိမ်းနှင့် ခက်မာတို့ကို ဖိတ်ကြားပြီး ကျင်းပခဲ့ကြသည်။
စာပေဟောပြောပွဲကို အယ်လ်အေမြန်မာမိသားစုများနှင့်အတူ မန္တလေးဂေဇက် သတင်းစာအဖွဲ့၊ အယ်လ်သြဂနိုက်ဇာဖော်ဘားမားအဖွဲ့ တို့က ကမကထပြု စီစဉ်ခဲ့ကြသည်။ ဧည့်ပရိသတ်ပေါင်း ၁၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ပွဲစီစဉ်သူများက မြန်မာမုန့်ပဲသွားရေစာများဖြင့် ပရိသတ်ကို တည်ခင်းဧည့်ခံခဲ့သည်။
အယ်လ်အေ၏ နှစ်စဉ်ကျင်းပနေကျဖြစ်သော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲက ၀င်ကြေးအခမဲ့ဖြစ်ပြီး ပွဲစီစဉ်သူများ၊ ဧည့်ပရိသတ်များ၏ ၀ိုင်းဝန်းထည့်ဝင်မှုဖြင့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့် ဆုငွေများ ပေးအပ်နိုင်ခဲ့သည်။
တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာအသင်း ရဲ့ ဥက္ကဋ္ဌ ဦးဇော်ထွန်းက အောင်ဇေခမ်းမကို မေတ္တာဖြင့် အသုံးပြုခွင့်ပေးကြောင်း သိရသည်။
ဆရာမ ခက်မာက ဟောပြောရာတွင် တဦးကို တဦး ကိုယ်ချင်းစာတရားရှိကြရန်၊ ကျေးဇူးရှိသူကို ကျေးဇူးတင်ကြ၊ အသိအမှတ်ပြုကြရင် လောကအလှဖြစ်လိမ့်မည်၊ မိမိတို့ လူ့ဘောင်တွင် ညီညွတ်ချစ်ခင်ကြမည်ဟု ဟောပြောခဲ့သည်။
ဆရာဦးစွမ်းရည်က ရာပြည့်စာရေးဆရာကြီးများထဲက လူထုဦးလှ၏ စာပေကျေးဇူးကြီးမားပုံကို တင်ဆက်ဟောပြောသွားသည်။
ဆရာမ မေငြိမ်းက လူငယ်နှင့် အနုပညာခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လူကြီးတွေက လူငယ်များကို အနုပညာခံစားတတ်အောင် မျှဝေလက်ဆင့်ကမ်းသင့်ကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။
ဆရာဦးဝင်းဖေက စာပေနှင့် အနုပညာခေါင်းစဉ်ဖြင့် ဆရာမြို့မငြိမ်း၏ သီချင်းတွေ၏ အနုပညာပြောင်မြောက်မှု၊ ဂီတကို စာပေအလှဆင့်လိုက်သည့်အခါ အနုပညာပြောင်မြောင့်မှု တုနှိုင်းစရာ မရှိအောင် လှပပုံတို့ကို ဟောပြောသွားသည်ဟု သိရသည်။
“ဧည့်ပရိသတ်နဲ့ စာရေးဆရာတွေနဲ့ လမိုင်းကပ်တယ်။ အရမ်းပျော်စရာကောင်းတယ်။ ဆရာကြီးတွေ ဆရာမတွေက မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ သူတို့အားလုံးရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းသာ ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောသွားကြတယ်။ အလွန်ကြည်နူးစရာ ကောင်းတယ်”
ဟု ပရိသတ်တဦးက မိုးမခသို့ ပြောကြားခဲ့သည်။