>
အမေရိကန်မြန်မာကွန်မြူနီတီအားလုံး၏ အားကို ဒေါ်စုနှင့် မြန်မာပြည်က အလိုရှိသည်
အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ ညီညီအောင်နှင့် အင်တာဗျူး
မိုးမခ
နိုဝင်ဘာ ၁၃၊ ၂၀၁၀
၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲပြီးနောက် ရက်သတ္တပတ်အတွင်းမှာပဲ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်တွေကို နိုင်ငံတကာက ဒီမိုကရေစီအစိုးရများ၊ အဖွဲ့အစည်းများက ယုံကြည်မှု မရှိကြောင်း၊ လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောကြားကြသလို မြန်မာပြည်တွင်းမှာလည်း နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများနဲ့ စစ်အစိုးရတို့ကြား တင်းမာမှုများ ပဋိပက္ခများ တိုးပြီး ဖြစ်ပွားလာပါတယ်။ တဆက်တည်းမှာပဲ အကျယ်ချူပ်သက်တမ်းပြည့်ပြီဖြစ်တဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည့် ရက်ရောက်ပြီမို့ ပြည်တွင်း ပြည်ပက လူထုကြီးတရပ်လုံးကလည်း စိတ်အားတက်ကြွလို့ မျှော်လင့်ချက်တွေ မြင့်မားလို့ နေကြပါတယ်။
အဲသည်အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးလှုပ်ရှားသူများနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ သဘောထားနဲ့ လှုပ်ရှားနေမှုများကို မေးမြန်းခဲ့ပါတယ်။ ယမန်နေ့က တွေ့ဆုံစကားပြောဖြစ်သူကတော့ ၀ါရှင်တန်ဒီစီ မက်ထရိုဧရိယာမှာ နေထိုင်သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၂၀၀၉ ခုနှစ်က မြန်မာပြည်ကို အသွား လေဆိပ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရသူ၊ မြန်မာအရေး လှုပ်ရှားတက်ကြွသူ ကိုညီညီအောင်နဲ့ ဖြစ်ပါတယ်။
အမေရိကန်မြန်မာကွန်မြူနီတီတွေအနေနဲ့ ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ရလဒ်တွေကိုလည်း လက်မခံဘူးလို့ ကြေညာချက် ထုတ်ခဲ့ကြတယ်။ မြို့နယ် ၁၄ မြို့နယ်လောက်က စုပေါင်းပြီး ပြောခဲ့တာပေါ့။ အခုလက်ရှိ ရွေးကောက်ပွဲအလွန် ပဋိပက္ခတွေကို ဘယ်လို ပြောမှာလဲ။ ဘာတွေ လုပ်ကြမှာလဲ။
ကျနော်တို့ ၀ါရှင်တန်ဒီစီက မြန်မာကွန်မြူနီတီအနေနဲ့ အဲသည်တုန်းက ၁၄ မြို့နယ်ရဲ့ အများသဘောထားကို အမေရိကန်အစိုးရနဲ့ လွှတ်တော်အမတ်တွေဆီကို ကိုယ်စား ပေးပို့ခဲ့ပါတယ်။ မြန်မာပြည်က အမေရိကန်သံရုံးဆီကိုလည်း ပို့ခဲ့တယ်။ နောက်ပြီးတော့ အောက်တိုဘာ လကုန်မှာ ၀ါရှင်တန်၊ နယူးယောက်က ရွေးကောက်ပွဲသပိတ်မှောက် ဆန္ဒပြပွဲတွေမှာ သွားရောက်ပြီး ဆင်နွှဲခဲ့ကြပါတယ်။ အခု မြန်မာပြည်မှာ ရွေးကောက်ပွဲဟာ လူထုရဲ့ ယုံကြည်မှု လုံးဝမရှိတဲ့ ပွဲဖြစ်သွားပြီ။ နိုင်ငံတကာကလည်း လက်မခံနိုင်ဘူး လို့ ပြောနေကြပြီဆိုတော့ ဒီအရေးကို ပြည်ပရောက် မြန်မာတွေကလည်း တစိတ်တ၀မ်းတည်း ဖြစ်တယ်၊ စစ်အစိုးရကို ဆက်ပြီး အရေးယူကြဖို့ ၀ိုင်းပြီး တောင်းဆို လှုပ်ရှားကြရမယ်လို့ မြင်ပါတယ်။
နိုင်ငံတကာက ဆိုတာက အနောက်အုပ်စုတွေဖြစ်တဲ့ အမေရိကန်၊ ဥရောပ၊ ကနေဒါ၊ ဗြိတိန်၊ သြစတြေးလျ နဲ့ နယူးဇီလန်တို့က အသီးသီး ကန့်ကွက်တဲ့သဘော ပြောခဲ့တယ်။ ဒါပေမယ့် တရုတ်နဲ့ အာဆီယံတို့ကတော့ ရွေးကောက်ပွဲဟာ ကောင်းတဲ့ ရှေ့တလှမ်းလို့ ပြောတယ်။ ဒါကို မြန်မာကွန်မြူနီတီက ၀င်ပြီးတော့ ပြောဖို့ လိုသေးလို့လား။
လိုပါတယ်။ သူတို့က သူတို့အစိုးရပေါ်လစီအရ ထုတ်ပြောတာ၊ ပြန်ကြားတာ လုပ်ကြတာဖြစ်သလို နိုင်ငံတကာက မြန်မာမိသားစုတွေ၊ အသိုင်းအ၀ိုင်းတွေကလည်း စစ်အစိုးရရွေးကောက်ပွဲရလဒ်တွေ၊ ကြံ့ဖွံ့တွေ၊ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို လက်မခံပါဘူးဆိုတာကို တညီတညွတ်တည်း တသံတည်း ထုတ်ဖော်ပြောဆိုသင့်ပါတယ်။ ဥပမာ အမေရိကန်မှာ ကျနော်တို့ ရဲဘော်တွေ၊ မိတ်ဆွေတွေ လက်လှမ်းမီသလောက် ချိတ်ဆက်မိတဲ့၊ နားလည်မှုရှိတဲ့ မြို့နယ်တွေအားလုံးက ဒါကို တသဘောတည်းပဲလို့ ထုတ်ပြန်သင့်တယ် ထင်ပါတယ်။
ဒါဆိုရင် အဲသလိုမျိုး မြန်မာအဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ စစ်အစိုးရလုပ်ရပ်တွေကို လက်မခံဘူး ဆိုတာမျိုး ထုတ်ဖော်ပြောဆိုလိုက်တဲ့ အဖွဲ့တွေ ရှိပြီလား။ ခင်ဗျား သိသလောက်ပေါ့။
ရှိပါတယ်။ နိုဝင်ဘာ ၉ ရက်က NCGUB နဲ့ Burma Fund ရဲ့ ယူအင်န်ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာသောင်းထွန်းနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေ စုဝေးပြီးတော့ UN မှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီး မြန်မာ့အရေးကို ကုလက ၀င်ရောက် အရေးယူဖို့ တောင်းဆိုတဲ့အကြောင်း ထုတ်ဖော်ပြောဆိုတာ ရှိပါတယ်။
နောက်ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း မြန်မာ့ရွေးကောက်ပွဲဆိုးကျိုးအဖြစ် နယ်စပ်ဒေသတွေမှာ မတည်မငြိမ်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
ဒါကြောင့် အခုလို မြန်မာပြည်အတွက် အရေးကြီးတဲ့အချိန်မှာ မြန်မာကွန်မြူနီတီက ညီညွတ်တဲ့အသံကို ထုတ်ဖော်ဖို့ လိုတယ်လို့ ပြောချင်တာပါ။
ဘာတွေ ထုတ်ဖော်ပြီး ပြောမှာလဲလို့။ စာထုတ်ပြီး ပြောလိုက်ရုံနဲ့ ပြီးရောလား။
ပြောမှာကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့ မတရားမှု၊ ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရနဲ့ အပေါင်းအပါတွေကို ဆက်လက် ပိတ်ဆို့ အရေးယူရမယ်။ စစ်အစိုးရကိုလည်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင်နဲ့ အရေးယူနိုင်ဖို့ ဖြစ်အောင် လုပ်ရမယ်။ ပြည်တွင်းက စစ်မှန်တဲ့ နိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကို ထောက်ခံကြဖို့ ၀ိုင်းပြီး ရပ်တည်ကြဖို့ တိုက်တွန်းရမယ်လို့ ထင်ပါတယ်။
စာထုတ်လိုက်ရုံနဲ့တော့ မပြီးပါဘူးခင်ဗျ။ ကျနော်တို့ မြို့နယ်တွေအလိုက် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေဆီကို သည်စာတွေ ပေးပို့ရမယ်။ လက်မှတ်ထိုး၊ လိပ်စာရေးပြီးတော့ကို လူကိုယ်တိုင်ဖြစ်ဖြစ်၊ စာတိုက်ကဖြစ်ဖြစ် ပေးပို့စေချင်ပါတယ်။ ပြည်နယ်အလိုက်ဆိုရင်လည်း ပြည်နယ်က အထက်လွှတ်တော်အမတ်တွေဆီကို သူတို့ရုံးအဖွဲ့တွေဆီကို စာတွေ ပို့စေချင်ပါတယ်။ ဒါက အမေရိကန်ရောက် မြန်မာတွေရဲ့ တခဲနက်သော သဘောထားပေါ့လေ။ ဒါမျိုး ထုတ်ပြတဲ့အခါ သူတို့ဒေသခံ မြန်မာတွေရဲ့ အသံကို သူတို့က သိသွားတယ်။ ဒါကို လွှတ်တော်တို့၊ အစိုးရတို့က ထုတ်ဖော်ဆွေးနွေးရင် အဲသည်အမတ်တွေကလည်း ကျနော်တို့ကိုယ်စား သူတို့သိသလောက်ကို ၀င်ပြော ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သည်လိုစာမျိုး ထုတ်တယ်၊ ပို့ပေးကြတယ် ဆိုရင် အခြားနိုင်ငံတွေက မြန်မာတွေ၊ မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း ၀ိုင်းလုပ်မယ်။ သူတို့အကြောင်းကို ထုတ်ဖော်ပြောဆိုလာမယ်။ သတင်းတွေ ပြန့်သွားမယ်။ မီဒီယာတွေမှာ သတင်းတွေ ပါလာရင် အစိုးရတွေသာမက မြန်မာပြည်က လူတွေပါ ပိုသိသွားမယ်။ သူတို့တွေက ပိုပြီး အားရှိလာမယ်။ အမှန်တရားအတွက် ရပ်တည်လာရဲမယ် လို့ ထင်ပါတယ်။
ဒါဆိုရင် ကျနော်တို့ဆီက မိုးမခလိုမျိုးကလည်း ဒါကို သတင်းပြန်ကြားပေးရမှာပေါ့။ အခု ခင်ဗျားတို့ဆီမှာ စာတွေ ဘာတွေ ထုတ်ဖို့ အဆင်သင့်ရှိနေပြီလား။ ဖြန့်ချိနေပြီလား။ လူတွေလက်ထဲ အရောက်ပို့နိုင်ဖို့။
လောလောဆယ် မြို့နယ်တွေ၊ မိတ်ဆွေတွေနဲ့ လိုက်လံညှိနှိုင်းနေတုံးပဲ ရှိပါတယ်။ အကြမ်းကတော့ ပြင်ထားပြီးပါပြီ။ ဒါက တယောက်တလက် တနိုင်တပိုင် လုပ်ကြဖို့ပါပဲ။ အစုအဖွဲ့ အလိုက်လည်း လုပ်နိုင်ပါတယ်။ ကျနော်တို့ကို ဆက်သွယ်ဖို့က ဟိုတခါ ထုတ်ထားတဲ့အီးမေးနဲ့ အားလုံးကို ဆက်နိုင်တယ်လေ။ freeburma2010@freeburma.info
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ကော ဘာတွေ စဉ်းစားနေသလဲ။ ဘာတွေ လုပ်နေသလဲ။
လက်ရှိကတော့ ရွေးကောက်ပွဲကို ထောက်ခံတဲ့ တရုတ်တို့ အာဆီယံတို့သံရုံးတွေကို ကျနော်တို့က သွားပြီးတော့ ကန့်ကွက် ဆန္ဒပြလို့ ရတာပေါ့လေ။ မြန်မာစစ်သံရုံးတွေ၊ ကုလသမဂ္ဂရင်ပြင်တွေမှာလည်း ရွေးကောက်ပွဲ ရလဒ်တွေ၊ လုပ်ရပ်တွေကို ကန့်ကွက် ရှုတ်ချမှုတွေ လုပ်နိုင်ပါတယ်။ အဲဒါနဲ့တပါတည်းပဲ အခုရက်အတွင်း လွတ်ရမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျနော်တို့တတွေ စုဝေးနိုင်သလောက် စုဝေးပြီး ဆန္ဒတွေ ထုတ်ဖော်ပြသကြဖို့ လိုမယ် ထင်ပါတယ်။
မြန်မာပြည်တွင်းက မြန်မာတွေကိုယ်တိုင်က ရန်ကုန်မြို့မှာ စုဝေးပြီး ဒေါ်စုကို သွားစောင့်နေကြပြီ။ ဒေါ်စုကို လွတ်မြောက်လာရင် ကြိုဆိုဖို့ ပြင်ဆင်နေကြပြီ။ ပြည်ပက မြန်မာတွေကလည်း အိမ်တွေက ထွက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စုဝေးပြီး အင်အားတွေ ထုတ်ပြနိုင်ကြဖို့ လိုတယ်လို့ ထင်ပါတယ်။
နောက်ပြီးတော့ သည်ရက်အတွင်းမှာ လွတ်ချင် လွတ်၊ မလွတ်ချင်နေ – ကျနော်တို့ မြန်မာမိသားစုတွေ တယောက်တလက်၊ တဦးချင်းအနေနဲ့ လုပ်နိုင်တဲ့ လူထုဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုက ဘာလဲဆိုတော့ ဒေါ်စုရဲ့ အိမ်လိပ်စာကို လိပ်မူပြီးတော့ ဒေါ်စုလွတ်မြောက်ရေး ဆုတောင်းစာတွေ၊ ပို့စကဒ်တွေ ပေးပို့ကြရင် ကောင်းမယ် ထင်တယ်။ ကျနော်တို့ဆီက လူ ၁ ထောင်က ပို့စကဒ် တထောင် မြန်မာစာတိုက်တွေဆီကို ရောက်သွားရင် မြန်မာစာတိုက်ဝန်ထမ်းတွေက တဆင့် မြန်မာပြည်သူတွေ စိတ်လှုပ်ရှား ၀မ်းသာသွားမယ်။ ဒီထက်ပိုပြီး ပို့ချင်ရင် မြန်မာပြည်က အမေရိကန်သံရုံးကိုပါ စာတိုက်ကနေ ပို့ပေးလိုက်လို့ရတယ်။
ဒေါ်စုကို လွတ်ပေးသင့်ရက်နဲ့ မလွတ်ပေးရင် သည်စာတွေက မြန်မာပြည်ကို နောက်တပတ်မှာ ရောက်သွားမယ်။ လူတွေကြားထဲ ပိုပြီး ပြန့်နှံ့သွားမယ်။ ကမ္ဘာကြီးက ဒေါ်စုနဲ့အတူ မြန်မာပြည်သူတွေနဲ့အတူ ရှိတယ်ဆိုတာကို သက်သေပြလိုက်တယ်။
ဒေါ်စုကို လွှတ်ပေးလိုက်ပြီဆိုရင်တော့ အဲသည်လာမည့်တပတ်မှာ ဒေါ်စုအိမ်မှာ တကမ္ဘာလုံးက ဒေါ်စုနဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် နှုတ်ဆက်တဲ့ ၀မ်းမြောက်ဂုဏ်ယူတဲ့စာတွေ လှိုင်းကြီးတွေလို ပုံပြီး ရောက်လာလိမ့်မယ်။
ကျနော်တို့ ပြည်တွင်း ပြည်ပက မြန်မာတွေ၊ မြန်မာပြည်ချစ်သူတွေရဲ့ ဆန္ဒကို အင်အားကို ထုတ်ဖော်ပြသရာရောက်တယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ လိပ်စာတွေက ဘယ်လိုဖြစ်မလဲ။
သို့ – ဒေါ်အောင်ဆန်းစုကြည်
အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ဒါမှမဟုတ် နောက်တခုက …
သို့ – ဒေါ်အောင်ဆန်းစုကြည်
မှ/တဆင့် အမေရိကန်သံရုံး
၁၁၀ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ အဲသလိုဖြစ်မယ် ထင်ပါတယ်။