>
ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၂ တွင် လွတ်မြောက်လာမည်ဟု သတင်းထွက်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၂၊ ၂၀၁၀
ယမန်နေ့က မြန်မာပြည်၏ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုထိန်လင်းကို မြန်မာပြည်စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာပေးလိုက်ပြီးနောက် ယနေ့မနက်တွင် နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်၏လွှတ်ခွင့်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ရန်ကုန်မြို့မှ သတင်းများ ထွက်ပေါ်လာသည်။
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီကာလကတည်းက အင်န်အယ်ဒီပါတီဝင်များနှင့် ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာက ကြိုဆိုရန် ပြင်ဆင်လျက် ရှိသည်။ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တုန်းက တရားရုံးဆုံးဖြတ်ချက်၏ အကျယ်ချုပ်သက်တမ်း ပြည့်ပြီးနောက် ဆက်လက်ထိန်းသိမ်းခွင့်မရှိဘဲ လွတ်ပေးရမည် ဖြစ်သည်။ ဆက်လက်ဖမ်းဆီးထားလိုပါက ထပ်မံ အမှုတခု စွဲဆိုပြီး ထိန်းသိမ်းရန်၊ ဖမ်းဆီးရန် နှင့် တရားစီရင်ရန် လိုအပ်သည်ဟု ဥပဒေသမားတို့က မှတ်ချက်ပေးထားသည်။
စစ်အစိုးရ၏ အထူးမျှော်လင့်ထားသော ရွေးကောက်ပွဲရလဒ်မှာ ပြည်တွင်း ပြည်ပရှိ ပြည်သူမျာသာမက အစိုးရအဖွဲ့အစည်းများ၏ ဝေဖန်ပြစ်တင်ခြင်း၊ ကန့်ကွက်ခြင်းများနှင့် ရင်ဆိုင်နေရာချိန်ဖြစ်ရာ စစ်ခေါင်းဆောင်များအနေနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး နိုင်ငံတကာနှင့် ပြည်တွင်းရှိ နိုင်ငံရေးတင်းမာမှုများ၊ ထိပ်တိုက်ရင်ဆိုင်နေရမှုများကို လျှော့ပါးအောင်၊ အာရုံပြောင်းသွားအောင် လုပ်ပေးရန်သာ ရှိသည်ဟု ထင်မြင်ချက် ပေးသူများရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်များက ထုတ်ပြန်ထားရာတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ မသမာမှုများ၊ မတရားမှုများကို ဖော်ထုတ် မှတ်တမ်းတင်နိုင်ရန် ဆောင်ရွက်မည်ဟု ဆိုထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ထိုရွေးကောက်ပွဲ မတရားမှုများကို ဖြေရှင်းနိုင်ရန် စိတ်ဝင်စားသည်ဟု ဆိုကြောင်း ရှေ့နေကြီး ဦဥာဏ်ဝင်းက ဆိုထားခဲ့သည်။
“စစ်ခေါင်းဆောင်ကြီးတွေက နိုင်ငံရေးပါတီဝင်တွေအဖြစ် ပြောင်းသွားတာ မဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ဖွံ့ကို အနိုင်ပေးထားလိုက်တာကလည်း ရွေးကောက်ပွဲ ကော်မရှင်ဖြစ်တယ်။ အဲသည် ကြံ့ဖွံ့နဲ့ ထိပ်တိုက်တွေ့ကြမှာက ပြိုင်ဖက်ပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေ ဖြစ်တယ်။ စစ်ခေါင်းဆောင်ကြီးတွေက သူတို့နဲ့ တိုက်ရိုက်မဆိုင်သလိုမျိုး ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်မယ့် ပုံစံပြင်နေတယ်လို့ ထင်ပါတယ်”
ဟု ရန်ကုန်ရှိ စာနယ်ဇင်းဆရာတဦးက သုံးသပ်သည်။
“အာဏာရမယ်လို့ ဆိုတဲ့ ကြံ့ဖွံ့ပါတီက တပ်မတော်ကို ဘယ်လို အကူအညီပြန်တောင်းမှာလဲ။ စစ်ခေါင်းဆောင်ကြီးတွေကပဲ ကြံ့ဖွံ့ကို ကြိုးဆွဲမယ်ဆိုရင်လည်း ဘယ်လိုဆွဲကြမှာလဲ။ ကြံ့ဖွံ့တည်မြဲရေးအတွက် တပ်မတော်အင်အားစုတွေကို စစ်ခေါင်းဆောင်တွေက တိုက်ရိုက် အမိန့်ပေးလာမှာလား။ ကြံ့ဖွံ့က တပ်မတော်ကို ပြန်ပြီး ခိုင်းစေနိုင်မှာလား။ ဒါတွေကို အဖြေရှာရမယ်။”
ဟု သူက ပြောလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ ကော်မရှင်၊ အနိုင်ယူထားသည့် ကြံ့ဖွံ့ပါတီ စသည်တို့နောက်တွင် အကာအကွယ်ယူထားသည့် စစ်အာဏာရှင်ခေါင်းဆောင်တို့ကို ဒီမိုကရေစီအင်အားစုတို့က မည်သို့ ဦးတည်ပြီး ဆောင်ရွက်ကြမည်လဲဆိုတာကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသွားသည်။