>acting brings heart problem

>

ပီပြင်စွာ သရုပ်ဆောင်သည့် ၀ါဝါ၀င်းရွှေ နှင့် နေအောင် နှလုံးရောဂါ ဖြစ်ပွား
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၁၃၊ ၂၀၁၀

ဝါ၀ါဝင်းရွှေ၊ နေအောင် (ဓာတ်ပုံများ-အလင်းတန်းဂျာနယ်)


ဝါရင့် သရုပ်ဆောင်ကြီး ၂ ဦးသည် ပီပြင်စွာ သရုပ်ဆောင်သဖြင့် နှလုံးရောဂါ ဖြစ်ပွားခဲ့ရကြောင်း တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

အကယ်ဒမီ ၀ါဝါ၀င်းရွှေသည် ယခင်လက “စိတ်ရောကိုယ်ပါ နှစ်ပြီး သရုပ်ဆောင်ခဲ့တဲ့ ဒဏ်များ”ကြောင့် နှလုံးရောဂါ ပြန်လည် ခံစားနေရသည်ဟု ဆိုသည်။

ပြည်ပသို့ သွားရောက် ကုသမှု ခံယူရန် မိသားစုဝင်များက တိုက်တွန်းသော်လည်း ၀ါဝါ၀င်းရွှေက “လေယာဉ်ပျံ စီးရမှာကို ကြောက်စိတ် ရှိနေတဲ့အတွက် သွားလိုတဲ့ ဆန္ဒ မရှိဘူး” ဟု ဂျာနယ်တွင် ရေးထားသည်။

အကယ်ဒမီ နေအောင်လည်း နှလုံးသွေးကြောပိတ်သဖြင့် ဆေးကုခဲ့ရသည်ဟု ဆိုသည်။ သူက ဘန်ကောက်တွင် ကုသမှုခံယူခဲ့သည်ဟု သိရသည်။

ဒရာမာ ရုပ်ရှင်ဇတ်ကားများ ရိုက်ကူးစဉ်က “မျက်ရည်အစစ်ကျစေပြီး ရင်ထဲမှ ခံစားမှုအပြည့်နဲ့ သရုပ်ဆောင်ခြင်း” ကြောင့် ရောဂါဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆရာဝန်ကြီးများက သုံးသပ်ကြောင်း ရေးထားသည်။

ဆရာဝန်က သူ့ကို ရုပ်ရှင်သည့်အခါ မျက်ရည်အတု သုံးပြီး ရိုက်ရန် တိုက်တွန်းထားသည်ဟု ဆိုသည်။

၎င်းတို့၏ အသက်ကို ဂျာနယ်တွင် ဖော်ပြထားခြင်း မရှိပေ။