>Maung Swan Yi – Among the 100 of the World, there goes 2 out of that 100

>

ကမ္ဘာထဲက လူ ၁၀၀၊ လူ ၁၀၀ ထဲက လူနှစ်ယောက်
မောင်စွမ်းရည်
မေ ၂၅၊ ၂၀၁၀
တိုင်း မဂ္ဂဇင်းကြီးက နှစ်စဉ်နှစ်တိုင်း လူပုဂ္ဂိုလ်ထူး ၁၀၀ ရွေးပြီး အထူးထုတ်မဂ္ဂဇင်းတစောင် ထုတ်လေ့ရှိပါတယ်။ လူ ၁၀၀ ဆိုတာ သူတို့ရဲ့ အကျိုးပြုလုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့လူသားတွေအပေါ်မှာ သြဇာသက်ရောက်မှု အရှိဆုံး လူ ၁၀၀ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် မေလမှာ လူ ၁၀၀ အကြောင်း အထူးထုတ် မဂ္ဂဇင်းတစောင် ထုတ်ဝေပါတယ်။
လွတ်လပ်တဲ့ အာရှအသံမှာ အလုပ်လုပ်နေတဲ့ နေရိန်ကျော်တယောက် ဧပြီ ၂၇ က နယူးယောက်မြို့ကို ရောက်ရှိလာပြီး နောက်တနေ့မှာ ကျနော်နဲ့လာတွေ့မယ်လို့ ဖုန်းဆက်ပါတယ်။ သူလာရတဲ့အကြောင်းက ဗမာသတင်း သမားလေး နေဘုန်းလတ် ဆုပေးပွဲကို သတင်းယူဖို့ ဖြစ်ပါတယ်။ နေဘုန်းလတ်ဟာ ကဗျာဆရာသတင်း သမားလေး တယောက် ဖြစ်ပါတယ်။ နေဘုန်းလတ်ရဲ့သတင်းကို ကဗျာဆရာ သတင်းသမားလေး တယောက်ဖြစ်တဲ့ နေရိန်ကျော်က ယူရတာဖြစ်ပါတယ်။ ဒါကြောင့် နေဘုန်းလတ်ရဲ့သတင်းကို ကျနော်စိတ်ဝင်စားပြီး နေရိန်ကျော်အိမ်လာတော့ အနည်း အကျဉ်း မေးမြန်းထားလိုက်ပါတယ်။
ဒီနှစ်ကမ္ဘာထဲက လူ ၁၀၀ အကြောင်းပါတဲ့ တိုင်း မဂ္ဂဇင်းမှာ နေဘုန်းလတ်အကြောင်း ပါတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် တိုင်း မဂ္ဂဇင်းအထူးထုတ် ကျနော့်လက်ထဲရောက်လာတော့ နေဘုန်းလတ်အကြောင်းပါတဲ့ စာမျက်နှာကို အလောတကြီး လှန်လှောရှာဖွေမိပါတယ်။ စာမျက်နှာ ၁၄၄ မှာ တွေ့ရပါတယ်။ စာမျက်နှာတိုင်းရဲ့ထိပ်မှာ “တိုင်း ဟီးရိုး ၁၀၀” လို့ တပ်ထားပါတယ်။ အဲဒီစာမျက်နှာမှာ လူရည်ချွန် ဟီးရိုးသုံးယောက်အကြောင်း ပါရှိပါတယ်။
နေဘုန်းလတ်ရယ်၊  Chen Shu-Chu (ချန်ရှုချု) ရယ်၊ အခြားပုဂ္ဂိုလ်တယောက်ရယ် ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က ဂေါက်ရိုက်ဝိဇ္ဖာ တယောက်ဖြစ် လို့ ကျနော် စိတ်မ၀င်စားပါ။ ငယ်ငယ်တုန်းကတော့ ဂေါက်သီးအကြောင်းကို သိပ္ပံမောင်ဝရဲ့ စာထဲမှာ တွေ့ရဖူးလို့ ကြားဖူးရုံပဲရှိပါတယ်။ နောင်အခါ ကြီးလာတော့ ဂေါက်သီးတို့ ဂေါက်တံတို့ဆိုတာ အလွန်ဈေးကြီးလို့ ဗိုလ်ချုပ်တွေနဲ့ သူဌေးတွေ သာ ရိုက်လေ့ရှိတယ်လို့ ကြားရဖူးပြီး ကျနော်အဖို့တော့ ဂေါက်ကွင်းထဲကိုတောင် ဖြတ်မလျှောက်ဖူးပါ။ ဂေါက်သီးဆိုလို့ ဂေါက်ပင်ကသီးတာ မဟုတ်ဘဲ နိုင်ငံခြားက အထူးမှာယူတင်သွင်းရတဲ့ “မစားကောင်းသောအသီး” ဖြစ်တယ်ဆိုတာ လောက်ပဲ သိဖူးပါတယ်။ ဒါကြောင့် ဂေါက်ဝိဇ္ဖာအကြောင်းကို ကျနော်အနေနဲ့ စိတ်ဝင်စားခွင့်မရှိလို့ ချန်ခဲ့ပါတယ်။ ကျန်နှစ်ယောက်အကြောင်းကိုပဲ ဖတ်မိပါတယ်။
နေဘုန်းလတ်အကြောင်းကို စဖတ်ပါတယ်။ “မျိုးဆက်တခုရဲ့ ထောင်သွင်း အကျဉ်းချခံထားရတဲ့အသံ”လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ရေးတဲ့ပုဂ္ဂိုလ်ရဲ့အမည်ကို ဖတ်လိုက်ရတော့ “အလိုလေး”လို့ ကြက်သီးထသွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာရေးဆရာကြီးက ဒီနေ့ကမ္ဘာရဲ့ထိပ်သီးဝတ္ထုရေးဆရာကြီး အိန္ဒိယလူမျိုး Salman Rushdie (ဆာလမန် ရပ်ရှ်ဒီ) ဖြစ်နေလို့ပါပဲ။ မြန်မာစာဖတ်ပရိသတ်က ဒီစာရေးဆရာကြီးအကြောင်းကို မောင်သာနိုးမကြာခဏ ဖော်ပြဖူးလို့ သိနေကြမယ်ထင်ပါတယ်။ ဒီလိုကမ္ဘာ့ထိပ်တန်းဆရာကြီးရဲ့ ကလောင်နဲ့ ချီးကျူးဂုဏ်ပြုခံရတယ်ဆိုတော့ “နေဘုန်းလတ်ရေ့ မင်းတော့ နေပျော် သေပျော်ပြီ” လို့ အော်လိုက်ချင် ပါတော့တယ်။
စာရေးဆရာကြီး ဆာလမန်ရပ်ရှ်ဒီက နေဘုန်းလတ်အကြောင်းကို ခုလိုရေးထားပါတယ်။ နေဘုန်းလတ်ရဲ့ ဓာတ်ပုံ နှစ်ပုံကို သူသဘောကျမိပါတယ် တဲ့။ ပထမတပုံက နေဘုန်းလတ် စွန်လွှတ်နေတဲ့ပုံပါတဲ့။ တခြားတပုံကတော့ တံတိုင်း ကြီးတမျှ မြင့်တဲ့ ကင်းကောင်နဲ့ ဂေါ်ဇီလာကြီးနှစ်ကောင်ရင်ဆိုင်နေတဲ့ ပိုစတာကြီးရဲ့ရှေ့မှာ နေဘုန်းလတ် ရပ်နေတဲ့ ပုံဖြစ်ပါတယ်။ အဲဒီဓာတ်ပုံနှစ်ပုံကိုကြည့်ပြီးတော့ နေဘုန်းလတ်ဟာ ကဗျာဆရာ ဘတော့ဂါ (Bloger) တယောက် လည်းဖြစ်တယ်၊ ဗမာပြည်ကလည်းဖြစ်တယ်ဆိုရင် သူဟာ အကျဉ်းသားတယောက်လည်း ဖြစ်မယ်ဆိုတာ တဆက်တည်း တွေးလို့ရနိုင်ပါတယ် တဲ့။
ဝတ္ထုရေးဆရာကြီး ဆာလမန်ရပ်ရှ်ဒီ ဆက်ပြီးပြောတာက ဒီနှစ် PEN အသင်းကြီး (စာရေးဆရာအသင်းကြီး)ရဲ့ လွတ်လပ်ကလောင်ဆုကို (PEN/Barbara Goldsmith Freedom to Write Award) ဆုကို အသက် ၂၉ နှစ်အရွယ်ရှိ နေဘုန်းလတ်တယောက် ဒီနေ့ ဗမာမျိုးဆက်သစ်ရဲ့ အသံရှင်အဖြစ် ရရှိသွားကြောင်း ဖြစ်ပါတယ်။ ဗမာပြည်မှာ ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များ ဦးဆောင်တဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့ပါတယ်။  ဗမာပြည်သူတွေကို နှစ်ပေါင်းများစွာ ကြာအောင် ဖိနှိပ်အုပ်ချုပ် လာတဲ့ စစ်အစိုးရက ဒီဆန္ဒပြပွဲကြီးကို  သေနတ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ဒီသတင်း ဗမာပြည် အပြင်ဖက် မပေါက်ကြားရေးကိုလည်း ဗိုလ်ချုပ် တွေက ဂမူးရှူးထိုး ပိတ်ပင်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေမှာ နေဘုန်းလတ်က သူရဲ့ “ဘလော့”ကနေပြီး ဓာတ်ပုံသတင်းတွေကို အဆက်မပြတ် ထုတ်လွှင့်ပေးပါတယ်။ နိုင်ငံတကာသတင်းစာဆရာတွေလည်း ဒီသတင်းတွေကို သူ့ဆီကပဲ ရယူခဲ့ပါတယ်။ ဒါကြောင့်သူကို စစ်အစိုးရက ၁၂ နှစ် ထောင်ချလိုက်တယ်လို့ သိရပါတယ်။ (နောက်ထပ်သတင်းများအရ နှစ်ပေါင်း ၂၀ ကျော် ထောင်ချလိုက်တယ်လို့ သိရပါတယ်။)
ဆာလ်မန်ရပ်ရှိဒီက နိဂုံးချုပ်မျာ “အခုလို သမိုင်းမှာ အရေးကြီးလှတဲ့ နှစ်များအတွင်း ဗမာပြည်ရဲ့ အနာဂတ်ကို ပုံဖော်နေတဲ့အခါမှာ ဗမာပြည်အတွက် အထူးလိုအပ်နေတာက ဂေါ်ဇီလာလို ဘီးလူးသဘက်တွေရဲ့ ရှေ့မှာ ရပ်ပြီး စွန်လွှတ် နေတဲ့သူငယ်လေးတွေပါပဲ” တဲ့။ ဆာလ်မန်ရပ်ရှ်ဒီ ရေးထားတာက တလက်မခွဲလောက်ကော်လံထဲမှာ စာကြောင်းရေ ၃၅ ကြောင်းလောက်သာရှိပြီး ကဗျာလေးတပုဒ်လို အနှစ်ချုပ်ရေးသားထားခြင်းဖြစ်ပါတယ်။
နောက်တစ်ယောက်အကြောင်းကတော့ ထူးခြားတဲ့ကုသိုလ်ရှင် ချန်ရှုချု ခေါ် ဟင်းရွက်သည်မတယောက် အကြောင်း ဖြစ်ပါတယ်။ ချန်ရှုချုဟာ ထိုင်ဝမ်တောင်ပိုင်းက မြို့တမြို့ထဲမှာ ဈေးရောင်းတဲ့ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။ သူ့အကြောင်းကို တခြားစာနယ်ဇင်းတွေမှာလဲ ဖတ်ရပါတယ်။ အသက် ၆၀ ခန့်ရှိ တကိုယ် တည်း အပျိုးကြီး ဒေါ်ချန်ဟာ ဟင်းသီးဟင်းရွက်ရောင်းလို့ရတဲ့ ၀င်ငွေထဲ က ထိုင်ဝမ်ဒေါ်လာ  ၁၀ သန်းလောက် ကို လှူတန်းခဲ့ပါတယ်လို့ ဆိုပါတယ်။ (အမေရိကန်ဒေါ်လာ ၃၂၀,၀၀၀ လောက်ပါ။) သူ့အယူ အဆက ငွေဆိုတာ လိုအပ်တဲ့ နေရာမှာ အသုံးပြုမှ အကျိုးရှိပါတယ်တဲ့။ ကျမအနေနဲ့တော့ အလှူအတန်းကြီးကြီးကျယ်ကျယ် လုပ်တာ မဟုတ်ပါဘူးလို့ လည်း ပြောပါသေးတယ်။ သူ့အလှူထဲမှာ ကလေးများအတွက် ရန်ပုန်ငွေက ဒေါ်လာ ၃၂၀၀၀၊ ကျောင်းစာကြည့်တိုက် အတွက်က ဒေါ်လာ ၁၄၄,၀၀၀ တို့ ဖြစ်ပါတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးသုံးယောက် အတွက် ကျောင်းနေစရိတ်လည်း ထောက်ပံ့ထားပါတယ်တဲ့။ ခုလည်း ဆင်းရဲတဲ့ ကလေးသူငယ်များအတွက် ပညာရေးရန်ပုန်ငွေ တရပ် ပြုလုပ်ထားပါ သေးတယ်။
သု့ကို နယူးယောက်မှာ “တိုင်းလူရည်ချွန် ၁၀၀” ဂုဏ်ပြုပွဲမှာ ဖိတ်ကြားတဲ့အခါ သူနဲ့ အာလစကား Governor ဟောင်း ဆာရာပေါ်လင်း တို့ စကားလက်ဆုံကျကြကြောင်းသတင်းများလည်း ပါရှိပါတယ်။
ဒေါ်ချန်ဟာ ထိုင်ဝမ်တရုတ်ဖြစ်လို့ ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်ဟန်ရှိပါတယ်။ လှူချင်တန်းချင်တဲ့စိတ်လည်း ထက်သန်ပါတယ်။ သူ့အလှူဟာ အမေရိကန်ကုဋေကြွယ်သူဌေးတွေရဲ့ အလှူနဲ့စာရင် ညောင်စေ့လောက်ပဲရှိပါတယ်။ ဒါပေမဲ့ သူရဲ့ပြုမူချက် နမူနာက အလွန်ထူးခြားပြီး ညောင်ပင်ကြီးလောက် ကြီးကျယ်ပါပေတယ်။ သူလှူတာက ဘာသာရေးအလှူ တွေ မဟုတ်ဘဲ လူမှုရေးအလှူ၊ ပညာရေးအလှူတွေသာ ဖြစ်တာ တွေ့ရပါတယ်။ သူငယ်စဉ်က ညီအကို မောင်နှမ ရှစ်ယောက်ရှိတဲ့ မိသားစုမှာ လူဖြစ်လာခဲ့ရပြီး ပညာကောင်းကောင်း မသင်ရပဲ အသက် ၁၃ နှစ်လောက် အရွယ်ကစပြီး ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်မလေး ဖြစ်ခဲ့ရရှာပြီး လက်ထပ်တာလည်း အချိန်ရွှေ့ခဲ့ရလို့ တကိုယ်တည်း အပျိုကြီးဖြစ်ခဲ့ရပါတယ်။ သူငယ်စဉ်က ကျောင်းကောင်းကောင်း မနေခဲ့ရတာကို သတိရပြီး ပညာရေးအလှူတွေကို အထူးပြုနေတာ ဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် ဟင်းရွက်သည်မလေးရဲ့ အလှူဟာ ဘုရားရှင်လက်ထက်က မဟာဒုက်ရဲ့ အလှူလို ကမ္ဘာကျော်သွားခဲ့ပါပြီ။
တိုင်းမဂ္ဂဇင်း ၂၀၁၀ ခုနှစ် လူရည်ချွန် ၁၀၀ ထဲက နှစ်ယောက်မျှအကြောင်းကိုပဲ ဖောက်သည်ချ သတင်းပေး လိုက်ပါတယ်။ အတိုချုပ်ကလေးတွေပဲ ရေးထားတာတွေဖြစ်လို့ “ဆေးတအိုးကျွမ်း၊ ကွမ်းတယာညက်”မျှ အချိန်ရတိုင်း ဖတ်ကြည့်ကြဖို့ ကောင်းပါတယ်။ တကယ်ပဲ အားကျဂုဏ်ယူစရာတွေချည်းဖြစ်လို့ သုံးလေးနှစ်စာ မဂ္ဂဇင်းတွေထဲက ရွေးထုတ်ပြီး ဘာသာပြန်စာအုပ်တအုပ် ထုတ်ဖို့ ကောင်းလှပါတယ်။ ကောင်းချီးသြဘာ သာဓု အနုမောဒနာ ပြုနိုင်ကြပါစေသတည်း။ 
၂၀၁၀၊ မေ ၂၀၊နယူးယောက်
(photos – Internet and Times 100)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts