>Citizen of Burma Award for Burmese volunteers by the Burmese overseas launched

>

မြန်ပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည် – အမေရိကန်ရောက်မြန်မာမိသားစုများ စုဝေးကြလျက် မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုကြမည်

မိုးမခအထောက်တော် ၀၀၁
မတ် ၂၄၊ ၂၀၁၀
ယမန်နေ့က အမေရိကန်ပြည်ရောက် မြို့ ၉ မြို့က မြန်မာမိသားစုတို့၏ စုဝေး ကြေငြာချက်တခု ထွက်ရှိလာသည်ကို တွေ့ရသည်။ မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း လှုမှုလုပ်ငန်း စွမ်းဆောင်သူများကို ဂုဏ်ပြု ကျေးဇူးတင်သည့် အစီအစဉ်အဖြစ် – Citizen of Burma Award (ပြည်သူ့ဂုဏ်ရည်) အစီအစဉ်တခုကို နှစ်စဉ် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာလိုက်ခြင်း ဖြစ်သည်။
၎င်းတို့ အင်တာနက်ဝက်ဆိုက်တွင် တင်ဆက်ထားချက်အရ – www.CitizenofBurma.org  ၂၀၀၉ ခုနှစ်အတွက် Citizen of Burma ကို မြို့အလိုက် မိတ်ဆွေများ၊ မိသားစုများ၊ အဖွဲအစည်းအသီးသီးမှ၎င်း၊ အင်တာနက်ပေါ်က ဆန္ဒပြုလွှာများ အွန်လိုင်း တင်သွင်းခြင်းဖြင့်၎င်း ဆန္ဒပြုကြမည် ဖြစ်ပြီး နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ဧပြီလလယ်တွင် အင်တာနက် ဆန္ဒမဲစနစ်ဖြင့် လက်ခံကာ ရွေးချယ်ကြမည်ဟု ဆိုသည်။
ပါဝင်ဂုဏ်ပြုကြမည့် မြို့များအလိုက် တမြို့လျင် အမေရိကန်ဒေါ်လာ ၅၀၀ အနည်းဆုံးဖြင့် မတည်ကြရန် သဘောတူထားကြသည်ဟု ဆိုသည်။ ရန်ပုံငွေ ရရှိအောင် မြန်မာမိသားစုများအချင်းချင်း တွေ့ဆုံဆွေးနွေး ရှင်းပြကြပြီး ရန်ပုံငွေ ပို့စကဒ်ရောင်းချခြင်း၊ တတ်အားသမျှ အလှူငွေ လက်ခံခြင်းတို့ ပြုလုပ်မည်ဟု စဉ်းစားထားကြသည်ဟု သိရသည်။
ပါဝင်လက်တွဲဆောင်ရွက်လိုသည့် စေတနာရှင်များ၊ အဖွဲ့အစည်းများကိုလည်း အမြဲတမ်း လက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ ၀ိုင်းဝန်းကြမည့် မြို့များ၊ စေတနာရှင်များ အစဉ်တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြို့များအလိုက် စေတနာရှင်လုပ်အားပေးများ၊ ဖြစ်မြောက်ရေးဆောင်ရွက်သူများဖြင့် ချိတ်ဆက်ဆောင်ရွက် သတင်းပေးနေမည်ဟု လက်ရှိဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူ ဆက်သွယ်ရေးအဖွဲ့က ရှင်းပြသည်။
မြန်မာပြည်သားတို့ အချင်းချင်း ယိုင်းပင်းကူညီ – ပြည်သူ့ဂုဏ်ရည်ဟူသော ဆောင်ပုဒ်ကို တင်ဆက်ထားသည်နှင့်အညီ ထိုကဲ့သို့ ဂုဏ်ပြုကျေးဇူးတင်သည့် အစီအစဉ်အပြင် မြန်မာ့ပြည် လူမှုရေးစွမ်းဆောင်သူများ၊ စွမ်းဆောင်ချက်များနှင့် လုပ်ငန်းများအကြောင်းကို လိုက်လံ စုံစမ်း စာရင်းပြုစုပြီး စိတ်ဝင်စားသူတို့ လေ့လာသိရှိ အားပေးကူညီမှုများ ဆောင်ရွက်နိုင်စေရန် သတင်းအချက်အလက်များ စုစည်းတင်ဆက်မှုများကိုလည်း စေတနာရှင်များအကူအညီနှင့် တင်ဆက်သွားမည်ဟု သိရသည်။
လက်ရှိတွင် မြို့ ၉ မြို့ကို အခြေခံ၍ ဂုဏ်ပြုအစီအစဉ်နှင့် ဆန္ဒသဘောထား ကောက်ခံမှုကို ပြုလုပ်မည် ဖြစ်ပြီး၊ ဆက်လက်လည်း တိုးချဲ့သွားမည်ဖြစ်သည်။ ကောက်ခံရရှိသည့် အလှူငွေကို ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်အတွက် သုံးစွဲမည် ဖြစ်ပြီး၊ နှစ်စဉ် အခမ်းအနားဖြင့် ကြေညာသည့် အစီအစဉ်ကို အိမ်ရှင်မြို့က သီးခြား ရန်ပုံငွေ ရှာပြီ့း မိတ်ဆွေမြို့များ၏ ၀ိုင်းဝန်းကူညီမှုဖြင့် ဆောင်ရွက်မည်ဟု ဆိုသည်။
လောလောဆယ်တွင် http://www.CitizenofBurma.org တွင် သတင်းထုတ်ပြန်ထားပြီး အင်တာနက် အွန်လိုင်းဖောင်ဖြင့် မိမိဂုဏ်ပြုလိုသည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဆန္ဒပြုလွှာ တင်သွင်းနိုင်သည်ဟု ဆိုသည်။ အီးမေး သို့မဟုတ် စာတိုက်က တဆင့် ဆန္ဒပြုလိုပါက ပုံနှိပ်ပြီး ဖြည့်စွက်ရန် ဖောင်ကိုလည်း ရယူနိုင်သည်ဟု ဆိုသည်။
          ယခုလက်ရှိ စာရင်းတင်သွင်းသည့် အမည်များ စတင်ရရှိနေချိန်တွင် ဆရာတော် ဦးဉာဏိသရ (သဲကုန်းဆရာတော်)၊ ဦးနာယက (ဖောင်တော်ဦးကျောင်းဆရာတော်)၊ ပိုင်းလော့ဆရာတော် (မိုးညှင်းသိင်္ဂီကျောင်းတိုက်)၊ နာရေးကူညီမှုအသင်း၊ ကိုကျော်သူ၊ ရွှေဇီးကွက် (ဒေါ်မြင့်မြင့်ခင်ဖေ)၊ ဒေါ်သန်းမြင့်အောင်၊ ကိုဇာဂနာ၊ မဖြူဖြူသင်း စသည့်အမည် ၉ ခု အဓိကလက်ခံရရှိနေကြောင်း ဆက်သွယ်ရေးတာဝန်ခံတဦးက မိုးမခသို့ ပြောကြားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts