>Chigna Mai’s Sunday

>

ချင်းမိုင် တနင်္ဂနွေ
ဇာနည်ဝင်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀

[မူရင်း – IMyanmarGo.blogspot.com]

ချင်းမိုင်မြို့ကို တနင်္ဂနွေနေ့မှာ ရောက်လာရင် မသွားမဖြစ် သွားရမယ့် နေရာကတော့ တနင်္ဂနွေဈေး ဖြစ်ပါတယ်။ တနင်္ဂနွေတိုင်း ညနေ ၄ နာရီကျော်ကျော်ကနေ သန်းခေါင်နီးတဲ့အထိ ဖွင့်တဲ့ ကြည့်ချင်ဈေးပါပဲ။
ရှေးတုန်းက မြန်မာတွေ ၀င်တိုက်ခဲ့တဲ့ ဇင်းမယ်မြို့ ဒီကနေ့အခေါ် ချင်းမိုင်မြို့မှာ ကျုံးတခု ရှိတယ်။ မန္တလေးကျုံးလိုမျိုးပေါ့။ ရန်သူ အလွယ်တကူ မ၀င်နိုင်အောင် ရေတထပ်၊ မြို့ရိုးတထပ် ကာထားတာ။ ခုတော့ ဒီအရံအတားတွေက ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် သို့မဟုတ် နှောင်းလူတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ပြသစရာ ရိုးရာ အငွေ့အသက် ဖြစ်နေပါပြီ။
မြို့ရိုး ဂိတ်တံခါးတွေထဲက Thapae (ထပ်ဖယ်) ဂိတ်တံခါးကနေ အစပြုတဲ့ တနင်္ဂနွေဈေးဟာ
ကျုံးထဲက Ratchadamnoen လို့ ခေါ်တဲ့ လမ်းမကြီးတလျှောက် ရှည်လျားတဲ့ ဈေးကြီးပါ။
ဈေးကို မြေပုံဆွဲလိုက်ရင် ငါးတကောင်ရဲ့ အရိုးစုကို ဘေးတိုက်မြင်ရသလို ဖြစ်နေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ လမ်းသွယ်လေးတွေထဲပါ ဆိုင်လေးတွေ တိုးချဲ့နေကြလို့ပါ။ ကဲ – ပြောနေကြာတယ်၊ သွားကြစို့ – – ။


ဒေသထွက် ရိုးရာပစ္စည်း၊ လက်မှုပစ္စည်းတွေ ရှိသလို ဈေးတကာမှာ တွေ့နိုင်တဲ့ ပစ္စည်းတွေလည်း တွေ့ရမှာပါ။ အပျင်းပြေပဲ ဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာ အလှဆင်ဖို့ သို့မဟုတ်တဦးတယောက်ကို လက်ဆောင်ပေးဖို့ သွားသင့်တဲ့ ဈေး ဆိုပါစို့။ အပေါ်က ပုလွေဆရာဓာတ်ပုံက သက်တမ်း ၄ နှစ် ရှိပြီ။ သူ့ဆိုင်က ရိုးရာပစ္စည်းတွေ ရောင်းတယ်။ ဒါကြောင့် သူကိုယ်တိုင်လည်း ရိုးရာဝတ်စုံ၊ ရိုးရာတူရိယာနဲ့ပေါ့။ ဦးထုပ်ကလည်း ရိုးရာလို့ ပြောနိုင်ပါတယ်၊ ရှေးတုန်းက ထိုင်းတွေ ဒီလိုမျိုး ဦးထုပ်ဆောင်းကြတာ ဓာတ်ပုံတွေမှာ တွေ့ဖူးတယ်။

ဒီဈေးကို ကျနော် ၆ လ တကြိမ်လောက် ရောက်ဖြစ်တယ်။ ရောက်တိုင်း ဒီ ပုလွေဆရာကို တွေ့ရပါတယ်။ ဈေးကွက်သဘောအရ အရောင်းသွက်အောင် ဖျော်ဖြေရေးအစီအစဉ်ကို ကိုယ်တိုင် တင်ဆက်နေပုံပါပဲ။ ဒီဒေသရဲ့ အတီး အမှုတ် အက အခုန်တွေလည်း ရှိတယ်။ တဦးချင်း ဖြစ်စေ အုပ်စုလိုက် ဖြစ်စေ ကခုန်တီးမှုတ်ကြတယ်။ အလှူငွေ ထည့်နိုင်တယ်။
ဈေး ဘယ်က အစပြုသလဲ ဆိုတော့ ထပ်ဖယ်ဂိတ်ကနေ အစပြုတာပေါ့။ တက္ကစီ ငှားမယ် ဆိုရင် “ပိုင် ပတူး ထပ်ဖယ်” (ထပ်ဖယ်ဂိတ်ကို သွားမယ်) လို့သာ ပြောလိုက်ပါ။ ရောက်မှာပါ။ အပေါ်မှာ မြင်ရတဲ့ပုံက ညနေ ၅ နာရီ မထိုးခင် ဖြစ်မယ်။ လူမစည်သေးဘူး။ အလင်းရောင်လည်း အပြည့်။ မြို့ရိုးပေါ်တက်ပြီး ဓာတ်ပုံရိုက်ရင်တော့ အပေါ်စီးမြင်ကွင်းကို မှတ်တမ်းတင်နိုင်မယ်။ ခုတော့ ပေးမတက်တော့ဘူး။ ဘာကြောင့်လဲတော့ မသိ။ အပေါ်တက်တဲ့ အုတ်လှေခါးကို ပိတ်ထားတယ်။


ဒီဈေးဟာ မိတ်ဆွေတွေ ဆုံတဲ့နေရာလည်း ဖြစ်တယ်။ ဆုံပြီးတော့ အုပ်စုလိုက် ဈေးတန်းလျှောက် လမ်းသလားကြတယ်။ ဈေးဝယ်ကြတယ်။ ပြည်တွင်းပြည်ပခရီးသည်တွေ၊ ဒေသခံတွေကို စည်စည်ကားကား တွေ့ရမယ်။ တိုးဝှေ့သွားလာတာမျိုး မနှစ်သက်ဘူး ဆိုရင်တော့ စောစောသွားတာ ကောင်းမယ်။ မှောင်ပြီဆိုရင် တိုးဝှေ့ရပြီ။ တခွန်းဆိုင်တွေလည်း ရှိတယ်။ ဈေးဆစ်လိုသူတွေ စိတ်ကျေနပ်အောင် ထင်ပါရဲ့ တချို့ဆိုင်တွေက ပစ္စည်းတွေကို ဈေးနှုန်းကပ်မထားဘူး။ အမြဲတမ်း အရောင်းသွက်၊ တန်းစီစောင့်နေရတဲ့ ဆိုင်တွေကတော့ စားစရာ ရောင်းတဲ့ဆိုင်တွေပါပဲ။



ရှေးဟောင်းပစ္စည်း အစစ်၊ အတု ရောင်းတာတွေလည်း တွေ့ရမယ်။ ဈေးတန်းဘေးမှာ အနှိပ်ဆိုင်တွေလည်း ရှိတယ်။ အဲဒါက တကယ်နှိပ်တာနော်၊ ပုံမှာ တွေ့ရတဲ့အတိုင်းပါပဲ။ ချင်းမိုင်မြို့ နေရာအတော်များများမှာတော့ အနှိပ်ခန်းဗန်းပြပြီး ပြည့်တန်ဆာ လုပ်ငန်း လုပ်တာတွေလည်း ရှိနိုင်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ ဒီခေတ်မှာတော့ ဥပဒေပြုသူ အများစုက ခွင့်မပြုတာမို့ တခြားဆိုင်းဘုတ်တွေ တင်ထားရပေတာပေါ့ဗျာ။ ကဲ – လိုရင်းကို ပြန်သွားရရင်-

၆ နာရီဆို ဈေးတန်းလျှောက်တဲ့သူတွေ လမ်းမလျှောက်ကြတော့ဘူးး၊ ရောက်နေတဲ့ နေရာမှာ မလှုပ်မယှက် ရုတ်တရက် ရပ်လိုက်တာ တွေ့လိမ့်မယ်။ ဒါဆို ခင်ဗျားလည်း ရပ်လိုက်ပေတော့။ ညနေ ၆ နာရီ ဆိုတာ ရေဒီယို တီဗီ လမ်းဆုံလမ်းခွတနေရာ စသဖြင့်တို့ကနေ နိုင်ငံတော်သီချင်း လာတဲ့အချိန်ဗျ။ သူများရပ်သလို ရပ်လိုက်ပါ။ မြန်မာပြည် ရုပ်ရှင်ရုံထဲမှာ ဇာတ်ကားမပြခင် မတ်တပ်ရပ်သလိုပေါ့ဗျာ။ မရပ်လို့ မရဘူးလား ဆိုတော့ အင်း – ရပါတယ်၊ လိုက်ဖမ်းမယ့်သူမှ မရှိဘဲ။ ဒီအချိန်မှာ စက္ကန့် သုံးဆယ်လောက် (ထင်တယ်) ရပ်လိုက်တာ အပမ်းမကြီးပါဘူး။ ကိုယ်ရောက်တဲ့နေရာက ဥပဒေကို လိုက်နာတယ် ဆိုပါတော့ဗျာ။ ဒါက ဈေးထဲမှာမို့ပါ။ လူမစည်တဲ့ တခြား လမ်းတွေမှာဆို ၆ နာရီထိုးရင် နိုင်ငံတော်သီချင်းသံ ကြားချင်မှ ကြားရတာ။ သို့ကလို နေရာမျိုးမှာဆို ရပ်စရာ မလိုပါဘူး။

ပန်းချီဆွဲတာ စိတ်ဝင်စားရင်တော့ လက်စွမ်းပြနိုင်၊ လက်ဆော့နိုင်အောင်လည်း ဈေးလယ်ခေါင်မှာ အကျိုးဆောင်ပေးသူတွေ ရှိတယ်။ မလှုပ်မယှက် ကိုယ်ဟန်ပြနေသူက ကင်းဗတ်စ ဆိုပါစို့။ ခင်ဗျားက ပန်းချီဆရာ တဒင်္ဂ ဖြစ်နိုင်ပေတာပေါ့။


ကင်းဗတ်စ လူသားရဲ့ ရှေ့မှာ စုတ်တံတွေ ဆေးတွေ ချထားတယ်။ ပန်းချီဆွဲပြီးရင်တော့ အလှူငွေ အဆင်ပြေသလောက် ထည့်လိုက်ပေတော့။

ပန်းချီမဆွဲချင်ဘူး၊ ဆွဲပြီးသား ၀ယ်မယ်ဆိုရင်လည်း ရပါတယ်။ ပန်းချီကားတွေ လမ်းဘေးချရောင်းနေတာ တွေ့ရမယ်။ ဒေါ်အောင်ဆန်းစုကြည် ပုံတူတောင် တွေ့ရနိုင်တယ်။ ဟင့်အင်း – မကြိုက်ဘူး၊ ရယ်ဒီမိတ်ပန်းချီကားတွေ မကြိုက်ဘူး၊ ကိုယ့်ပန်းချီကား မရှိဘူးလား ဆိုတော့ ရှိနိုင်တာပေါ့။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် ဒီတခါ ပန်းချီဆရာကတော့ လိုက်နိုင်ပါတယ်။ အောက်ကပုံ ကြည့်ပါဦး။


ကဲ – ၁၅ မိနစ်၊ မိနစ် ၂၀ အချိန်ပေး၊ ဆိုက်ပေးလိုက်တာနဲ့ ခင်ဗျားရဲ့ ပုံတူပန်းချီ ရပါပြီ။ ပုံတူ အဆုံးသတ်ပြီးတဲ့အခါ ပန်းချီဆရာကိုလည်း ၅ ဒေါ်လာ (ဘတ် ၁၅၀) ထက် မနည်း ပေးသင့်ပါတယ်။ ဒါပဲဗျို့၊ တနင်္ဂနွေဈေးမှာ တွေ့ကြမယ်လေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts