>
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဝါဒများနဲ့ အကောင်အထည်ဖော်မှုများ
မောင်ရဲ
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေကို ကျော်လွှားနိုင် ပြီးတော့ တူညီတဲ့၊ ညီညွတ်တဲ့ အမြင်နဲ့လုပ်ဆောင်မှုတခု ဖေါ်ဆောင်ရေး၊ ညီညွတ်ရေး တည်ဆောက်မှုတွေမှာ မလိုလားအပ်တဲ့ အခက်အခဲ၊ အတားအဆီးတွေ ယနေ့ထက်ထိ ဖြစ်ပေါ်နေတာကို တွေ့နေရပါတယ်။ ဒါတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း ကိစ္စတွေလို့ ပြောမယ် ဆိုလျှင် ပြောလို့ရပေမယ့် ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေတာမို့ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးဟာ ဒီမိုကရေစီတိုက်ပွဲရဲ့ အကောင်း၊ အဆိုးကို ဖန်တီးနိုင်စွမ်း ရှိနေတာမို့ ဗမာပြည်သားအားလုံးရဲ့ အရေးလို့ ဆိုချင်ပါတယ်။
ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒအဖြစ် ခိုင်ခိုင်မာမာ ဆက်လက် ဆွဲကိုင်ထားရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်မှုဆိုင်ရာ အနေအထား၊ အစရှိတဲ့ အချက်တွေဟာ ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အသံမတူ၊ အလုပ်မတူနိုင်သေးတဲ့ အကြောင်းအရာများပင် ဖြစ်ပါတယ်။ ဒီနေရာမှာ အထင်အရှားတွေ့ရတာက မတူညီကြတဲ့အမြင်၊ မကျေလည်တဲ့အချက်တွေကို ဖြေရှင်းနိုင်ရေးကိစ္စမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများ အတော်ကွာဟနေတာ တွေ့ရပါတယ်။
ဘယ့်အတွက်ကြောင့်များ ဒီလိုဖြစ်နေရတာလည်းဆိုတာ သိသာထင်ရှားစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံရေး၊ ချမှတ်ခဲ့တဲ့မူဝါဒများနဲ့ ယင်းမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ ခေါင်းဆောင်အဆက်ဆက်ရဲ့ ဦးဆောင်မှုပုံသဏ္ဍန် များကို ပြန်လည်လေ့လာမိပါတယ်။ တနည်းအားဖြင့် ယခင်ကမှားခဲ့တဲ့ မူဝါဒအမှားမျိုး ထပ်မဖြစ်ဖို့အရေးမှာ အဖွဲ့ချုပ်ပါတီဝင်များ သာမက ဗမာ့ အရေး စိတ်ဝင်စားကြသူများ၊ ဒီမိုကရေစီလိုလားသူများ အားလုံးမှာ တာဝန်ရှိတယ်လို့ ခံစားမိလို့ပါ။
အဖွဲ့ချုပ်ရဲ့ နိဒါန်းအစ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စအချိန်မှာ ခေါင်းဆောင်မှုကောင်းစွာနဲ့ တက်ကြွလှုပ်ရှားနေတဲ့ ပါတီဝင်အင်အား သိန်းနဲ့ချီ ရှိနေခဲ့ပြီး အဖွဲ့ချုပ်ရုံးတိုင်းမှာ ပါတီဝင်များ ပျားပန်းခတ်မျှ ဝင်ထွက်သွားလာနေခဲ့ကြပါတယ်။ နဝတရဲ့ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဖိနှိပ်မှုများ အကြားက မြို့နယ်ညီလာခံတွေလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီး မြို့နယ်အဆင့် ခေါင်းဆောင်များကို ဒီမိုကရေစီနည်းကျကျ ရွေးချယ် တင်မြှောက်နိုင်ခဲ့ပါတယ်။ အဖွဲ့ချုပ်ရဲ့ အင်အားကို အရှိန်အဟုန်နဲ့ တည်ဆောက်နိုင်ခဲ့ကြပါတယ်။ အခြား မိတ်ဖက်ပါတီများနှင့်လည်း ချိတ်ဆက် လှုပ်ရှားနိုင်ခဲ့ကြပါတယ်။
အဖွဲ့ချုပ်ခေါင်းဆောင်များကလည်း ရွေးကောက်ပွဲဝင်ရေးထက် ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်ဖို့ အဓိကကျတဲ့ ပတ်ဝန်းကျင်တခု နိုင်ငံအတွင်း ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ ကြိုးစား ဖန်တီးခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရေးကို ဦးတည်ခြင်းမရှိတဲ့၊ မတရားတဲ့၊ အမိန့်အာဏာများကို တစိုက်မတ်မတ် ထုတ်ပြန်နေတဲ့ နဝတကို တုန့်ပြန်နိုင်ဖို့၊ မဟတ္တမဂန္ဒီရဲ့ လူထုအားကို အခြေခံပြီး အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးလမ်းစဉ်ကို မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်တရပ်အဖြစ် ချမှတ် အကောင်အထည်ဖေါ်ခဲ့ကြပါတယ်။
ပြည်သူလူထုအကြား ကြောက်ရွံမှုကင်းဝေးပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်တခု ဖြစ်ပေါ်လာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါတယ်။ “နဝတ”ကို ဆွေးနွေးပွဲစားပွဲဝိုင်းထံ ရောက်လာစေမည့် နည်းလမ်းအဖြစ် သတ်မှတ်ပြီး အဖွဲ့ချုပ်က “အများပြည်သူ သဘောမတူတဲ့၊ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းကြောင်းကို ဖော်ဆောင် တိုက်ပွဲဝင်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မူဝါဒတရပ် ချမှတ်ခြင်းနဲ့ ယင်းမူဝါဒကို အကောင်အထည်ဖေါ်ခြင်း တို့ဟာ တထပ်တည်း ကျခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ပထမ မူဝါဒအပြောင်း
၁၉၈၉ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အစရှိတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီး၊ ထိမ်းသိမ်းခံခဲ့ကြရတယ်၊ အချို့ခေါင်းဆောင်များလည်း ခေတ္တတိမ်းရှောင်ကြရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဖွဲ့ချုပ်ရုံးမှာ နေ့စဉ်ရုံးထိုင်ပြီး ခေါင်းဆောင်မှု ဆက်လက်ပေးနိုင်ခွင့် ရရှိခဲ့သူများက ပါတီရဲ့ မူဝါဒဖြစ်တဲ့ အကြမ်းမဖက်သော၊ မတရားသည့် အမိန့်အာဏာများ ဖီဆန်ရေးမူဝါဒနဲ့ လုပ်ငန်းစဉ် အပေါ်မှာ ဆက်လက် ရပ်တည်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းများ အလျှဉ်းမရှိတော့ဘဲ နဝတစစ်အုပ်စုက တွန်းတင်ပေးလိုက်တဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲလမ်းကြောင်းအပေါ် အာရုံစိုက်လာခဲ့ကြပါတယ်။ တနည်းအားဖြင့် ချမှတ်ထားတဲ့ မူဝါဒနဲ့ အကောင်အထည်ဖေါ်တဲ့ လုပ်ငန်းစဉ်တို့ အကြား ကွဲပြားလာမှုတွေ စတင်ဖြစ်လာခဲ့တယ်လို့ ဆိုချင်ပါတယ်။
နဝတရဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာဥပဒေမှာ အာဏာလွှဲပြောင်းရေး ဆိုင်ရာ နည်းလမ်းနဲ့ လုပ်ငန်းအစီအမံများ မပါရှိနေတာကို သတိထားမိကြသူများရဲ့ ဝေဖန်ဆွေးနွေးမှုတွေ ရှိခဲ့သော်လည်း ပြင်ပမှာ ဆက်လက်လှုပ်ရှားနိုင်နေသေးတဲ့ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်အများစုက ဗိုလ်စောမောင်ရဲ့ ကတိစကားတွေအပေါ်မှာ ယုံကြည်မှုပိုခဲ့ကြပြီး မိမိတို့ရွေးကောက်ပွဲအနိုင်ရပြီးမှ ဆက်လက်ဆွေးနွေးမယ်၊ အဲဒီအချိန်မှာ “နဝတ”ဟာ အဖွဲ့ချုပ်နဲ့ မလွှဲမသွေကိုဆွေးနွေးလာရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တရပ်အပေါ် ရွေးကောက်ပွဲဝင်ရေးကို မူဝါဒသစ်အဖြစ်နဲ့ ချမှတ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အထိန်းသိမ်းခံ နေရတဲ့ ခေါင်းဆောင်များကလည်း ပြင်ပမှာ ဆက်လက်ဦးဆောင်မှု ပေးနေကြတဲ့ ခေါင်းဆောင် အများစုရဲ့ ဆန္ဒကို လေးစားတဲ့သဘော၊ အဖွဲ့ချုပ်ရဲ့ မူဝါဒအသစ်ကို လက်ခံတဲ့ သဘောအနေနဲ့ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ကော်မရှင်ထံ ၎င်းတို့၏ အမည်စာရင်း တင်သွင်းမှုများအပေါ် လက်ခံခဲ့ကြပါတယ်။ အမည်စာရင်းတင်သွင်းခြင်းခံရသူ အထိန်းသိမ်းခံ အဖွဲ့ချုပ်ခေါင်းဆောင်များအားလုံး ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရလို့ အမည်စာရင်းတင်သွင်းခံပိုင်ခွင့်ရှိသူများစာရင်းမှ အလိုက်အလျှောက် ပျက်ပြယ်သွား ခဲ့ပြီး အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကော်မရှင်ကလက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး။
သို့သော်လည်း လူထုကတော့ တာဝန်ကျေစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်သတ်ထောက်ခံမဲပေးခဲ့ကြပြီး အဖွဲ့ချုပ်ရဲ့ မူဝါဒအသစ်အပေါ် အားသစ်လောင်းပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက်ပိုင်းမှာ အာဏာကို အမှန်တကယ်လွှဲပေးလိုစိတ်မရှိတဲ့ “နဝတ”က သူ့ရဲ့ကတိစကားတွေကို ဖြည့်ဆီးဖို့ငြင်းဆန်ခဲ့ပါတယ်။ အာဏာလွှဲ ပြောင်းရေးဆိုင်ရာ လုပ်ငန်းအစီအမံများကိစ္စကို အရင်မရှင်းဘဲ ဗိုလ်ချုပ်စောမောင်ရဲ့ လေထဲက ကတိစကားတွေကိုယုံကြည်ခဲ့ကြပြီး “ရွေးကောက်ပွဲ အောင်နိုင်ရေးမူ”ကို ထိပ်တန်းဦးစားပေး လုပ်ခဲ့ကြတဲ့အတွက် ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်ခဲ့ရပါတယ်။
ဒုတိယ မူဝါဒအပြောင်း
ရွေးကောက်ပွဲအပြီး၊ နဝတရဲ့ မရိုးမဖြောင့်လုပ်ရပ်များ တနေ့တခြား ထင်ရှားလာခဲ့တဲ့အခါ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးတွက် အဖွဲ့ချုပ်အတွင်းမှာ သဘောထားကွဲမှုတွေ အပြင်းအထန် ပေါ်ပေါက်လာပြန်ပါတယ်။ ပြည်သူ့လွှတ်တော်ခေါ်ပေးရေး တောင်းဆိုရန်နှင့် နဝတမှ လွှတ်တော်ခေါ်ပေးရန် ငြင်းဆန်ပါက ပြည်သူက အပ်နှင်းထားသော အာဏာအရ မိမိအစီအစဉ်ဖြင့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး အဆိုကို ဗဟိုဦးစီးအဖွဲ့ရဲ့ ၄/၉၀ အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပါတယ်။
အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ဂန္ဒီခန်းမမှာကျင်းပတဲ့ အထူးအစည်းအဝေးကြီးကနေ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း)ကို အဖွဲ့ချုပ်က အသင့်ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ အခြားအဖွဲ့အစည်း အသီးသီးနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လိုကြောင်း၊ တိုင်းပြည်ရဲ့အခက်အခဲ အကြပ်အတည်းများအတွက် ဒီမိုကရေစီမူများကို အခြေခံကာ နဝတနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပန်ကြားခဲ့သလို၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်ကို ရေးဆွဲ၊ ပြဌာန်း၊ အတည်ပြုရန်နှင့် ယင်းပြဌာန်းလိုက်တဲ့ အခြေခံဥပဒေအသစ်နှင့် အညီ တိုင်းပြည်အာဏာကို ချောမွေ့စွာ လွှဲပြောင်ရေးတို့အတွက် နဝတမှ ပြည်သူ့လွှတ်တော်ခေါ်ပေးရေးတို့ကို အဖွဲ့ချုပ်ရဲ့ မူဝါဒကြေညာချက် အဖြစ် ဂန္ဒီခန်းမ ကြေညာစာတမ်းကို တိုင်းပြည်သို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တနည်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးစားပွဲကို မလာချင်လို့ နည်းအမျိုးမျိုးနဲ့ တိမ်းရှောင်နေတဲ့ နဝတကို ဆွေးနွေးရေးစားပွဲကို ရောက်လာစေဖို့ လူထုအင်အား၊ ရွေးကောက်ပွဲ အနိုင်ရ အင်အားတွေနဲ့ ကြိုးစားခဲ့ကြတာပါ။
ဂန္ဒီခန်းမကြေညာစာတမ်းပါ တောင်းဆိုချက်များကို တုန့်ပြန်ခြင်းမရှိတဲ့ န၀တနဲ့ပတ်သက်ပြီး ကြေညာစာတမ်းပါ အချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရန် ဗဟိုဦးစီးအဖွဲ့က အစည်းအဝေးတရပ်ကို စက်တင်ဘာလအတွင်း ကျင်းပခဲ့ကြပါတယ်။ အဖွဲ့ချုပ်ရဲ့ ၅/၉၀ ဗဟိုဦးစီးအစည်းအဝေးလို့ သိကြတဲ့ အလွန်အရေးကြီးတဲ့ အဲဒီအစည်းအဝေးရဲ့ ပထမနေ့ညမှာ ဗဟိုဦးစီးအဖွဲ့ဝင် ခေါင်းဆောင်အများစုကို နဝတက ဖမ်းဆီး ထိမ်းသိမ်းလိုက်ပါတယ်။ သူတို့အားလုံးဟာ ဂန္ဒီခန်းမကြေညာစာတမ်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး လုပ်ငန်းစဉ်များ အကောင် အထည်ဖေါ်ဆောင်ရွက်ကြဖို့ သဘောထားရှိကြသူများဖြစ်လို့ ဖြစ်ပါတယ်။
ပထမနေ့ည ဖမ်းဆီးမှုများကြောင့် အစည်းအဝေးရဲ့ ဒုတိယနေ့ကို ဆက်လက် တက်ရောက်နိုင်သူ ဗဟိုဦးစီးအဖွဲ့ဝင်များ လျော့နည်းသွားသလို့ အစည်းအဝေးရဲ့ ဦးတည်ချက်ကလည်း ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များက ယခင် ၄/၉၀ ဗဟိုဦးစီးအစည်းအဝေးမှာ ပယ်ချခံခဲ့ရတဲ့ ၄င်းတို့ရဲ့ နဝတအပေါ် အလျော့ပေး စေ့စပ်ရေး အဆိုကို ပြန်တင် လိုက်ကြပြီး ဂန္ဒီခန်းမကြေညာစာတမ်းပါ မူဝါဒနဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျောခိုင်းလိုက်တဲ့ မူဝါဒသစ်ကို ချမှတ် လိုက်ပါတော့တယ်။
ဒီလုပ်ရပ်အပေါ်မှာ မကျေနပ်ကြတဲ့ အဖွဲ့ချုပ်လူငယ်ခေါင်းဆောင် ၅၀ ကျော်ဟာ ဂန္ဒီခန်းမ မူဝါဒနဲ့ လုပ်ငန်းစဉ်များကို ဆက်လက် ဆွဲကိုင်ထားကြဖို့ ကျန်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင်များနဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များထံ ချဉ်းကပ်တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီခေါင်းဆောင်များက လိုက်လျောမှုမရှိတဲ့အတွက် အဖွဲ့ချုပ်လူငယ်ခေါင်းဆောင်များ အဖွဲ့ချုပ်ကိုစွန့်ခွာ နှတ်ထွက်သွားခဲ့ကြပါတယ်။
နောက်ပိုင်း မှာ အဖွဲ့ချုပ်အတွင်း ညီညွတ်မှု စုစည်းမှု ပျက်ပျယ်လာတာ၊ ဦးတည်ချက် ပျောက်လာတာတွေကို တွေ့လာရပြီးတဲ့ နောက် “နဝတ”က ကျန်ရှိနေ အဖွဲ့ချုပ်ခေါင်းဆောင် အားလုံးနီးပါးကို ထပ်မံထိန်းသိမ်းလိုက်ပြီး ရွေးကောက်ပွဲ အောင်နိုင်မှုကို အညွန့်ချိုး လိုက်ပါ တော့တယ်။
လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလကို ပြန်ပြောင်းသုံးသပ်ရင် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ပြီးကာစ အချိန်တွေဟာ အဖွဲ့ချုပ်အနေနဲ့ နဝတနဲ့ တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့၊ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းကို နဝတ လာထိုင်စေဖို့ရာ ဆောင်ရွက်ဖို့ အကောင်းဆုံး အခြေအနေများကို ပိုင်ဆိုင်ခဲ့တဲ့ အချိန်များ ဖြစ်ပါတယ်။ ဂန္ဒီခန်းမကြေညာစာတမ်း မထုတ်ပြန်နိုင်မှီက မိမိတို့ဆန္ဒနဲ့ သဘောထားအမြင်တွေ ဘယ်လိုပဲရှိကြသည် ဖြစ်စေ၊ အဆိုပါကြေညာစာတမ်းနဲ့ ရပ်တည်ချက်ကို ထုတ်ပြန်ပြီးတဲ့အချိန်မှာ မိမိဆန္ဒနဲ့ မကိုက်ညီသော်ငြားလည်း အများစုရဲ့ သဘောထား၊ မိမိရဲ့ အဖွဲ့အစည်းက ချမှတ်လိုက်တဲ့ မူဝါဒကို တဗိုလ်ကျ တဗိုလ်တက်စံနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြရမှာက အဖွဲ့အစည်းတခုရဲ့ အလုပ်ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို ဖြစ်မလာခဲ့ပဲ ကိုယ်လုပ်ပိုင်ခွင့်ပေါ်လာရင် ကိုယ်မူနဲ့ကိုယ် လုပ်ချင်ကြတဲ့ ဉာဉ်တွေ အဖွဲ့ချုပ် ခေါင်းဆောင်အချို့မှာ ရှိနေခဲ့တာကြောင့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအောင်မြင်မှု့ရလဒ်ကို နဝတက အညွန့်ချိုးလိုက်နိုင်ခြင်း ဖြစ်ပါတယ်။
၅/၉၀ ဗဟိုဦးစီး အစည်းအဝေးမှာ မူဝါဒ၊ လုပ်ငန်းစဉ် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာခဲ့ရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို ရွေးကောက်ပွဲအနိုင်ရ အဖွဲ့အစည်းတခုအတွက် မူဝါဒ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ မဟာအမှားဖြစ်ပါတယ်။
တတိယ မူဝါဒအပြောင်း
၁၉၉၁ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ခေါင်းဆောင်မှု့အသစ်က မူအသစ် ချမှတ်ပြန်ပါတယ်။ “အဖွဲ့ချုပ် ဆက်လက်တည်ရှိနေနိုင်ရေး” ကို ၎င်းတို့ရဲ့ အခြေခံမူအဖြစ် သတ်မှတ်လိုက်ပါတယ်။
ဒီလိုပြင်ဆင် ဖွဲ့စည်းပြီးမကြာခင်မှာ “နဝတ”ရဲ့ ပါတီစုံရွေးကောက်ပွဲကျင်းပရေးကော်မရှင်က အဖမ်းဆီးထိမ်းသိမ်းခံ အဖွဲ့ချုပ်ရဲ့ မူလခေါင်းဆောင်များ အားလုံး ကို အဖွဲ့ချုပ် ခေါင်းဆောင်များအဖြစ် သာမက၊ သာမာန်အဖွဲ့ဝင်များ အဖြစ်မှပါ ထုတ်ပယ်ခိုင်းခဲ့ပါတယ်။ ပါတီစုံရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည်လေ့လာကြမယ်ဆိုရင် ဒီလုပ်ရပ်ဟာ သူ့ကို အပ်နှင်းထားတဲ့ အခွင့်အာဏာထက် ကျော်လွန်ပြီး လုပ်ခွင့်၊ ပြောခွင့်မရှိတာကို လုပ်လိုက်တယ်ဆိုတာ အထင်အရှားသိနိုင်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အဖွဲ့ချုပ်က ဘာမှ မပြောပဲ ပါတီစုံရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ အမိန့်ကို အတိအကျလိုက်နာခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်က အဖွဲ့ချုပ် ဆက်လက်တည်ရှိနေနိုင်ရေးကို ရည်မျှော်ပြီး ဆိုတဲ့အကြောင်းပြချက်နဲ့ အထိန်းသိမ်းခံနေရတဲ့၊ ထောင်ဒဏ်ကျခံနေရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များ အားလုံးကို ပါတီမှ ထုတ်ပယ်လိုက်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ပြန်လည်မလွှတ်မြောက်လာမှီ ကြားကာလ ယာယီထိမ်းသိမ်းထားပေးရန် ရည်ရွယ်ပြီး တာဝန်ယူခဲ့ရပါတယ်လို့ ဆိုသော်လည်း ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးကြီး တဲ့ ဆုံးဖြတ်ချက်တွေကို အခါအားလျှော်စွာ ဆုံးဖြတ်လုပ်ကိုင်ခဲ့ရတာကို တွေ့ရပါတယ်။ အသိသာအထင်ရှားဆုံးကတော့ အဖွဲ့ချုပ်ရဲ့ ဂန္ဒီခန်းမ ကြေညာစာတမ်းပါ မူဝါဒနဲ့ လုပ်ငန်းစဉ်များကို ဘေးဖယ်ထား၊ လွှတ်တော်ခေါ်ပေးရေး တောင်းဆိုချက်ကို လှစ်လျူရှူ့ထားလိုက်တာပါ။
၁၉၉၃ခုနှစ်၊ ဇန္နဝါရီလမှာ “နဝတ”က ခေါ်ယူကျင်းပတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအချက်သည် ယနေ့နိုင်ငံရေး အကြပ်အတည်းဖြစ်ပေါ်လာစေခြင်းရဲ့ မူလဘူတပင် ဖြစ်ပါတယ်။ “နဝတ”က ၁/၉၀ ကြေညာချက်နဲ့ တိုင်းပြည်ကို ထုတ်ပြန် ကြေညာရာမှာ “၁၉၉၀ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ဖြစ်သည်။ နဝတမှ ပြည်သူ့လွှတ်တော် ခေါ်ယူပေးပါမည်။ ယင်းပြည်သူလွှတ်တော်သည် အခြေခံဥပဒေရေးဆွဲရန်သာ ဖြစ်သည်” လို့ဆိုထားပါတယ်။
အဖွဲ့ချုပ်က အမျိုးသားညီလာခံကို တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း၊ ပါဝင်တက်ရောက်လိုက်ခြင်းဟာ နဝတ ကို ပြည်သူ့လွှတ်တော် မခေါ်ပါနဲ့တော့၊ အမျိုးသားညီလာခံနဲ့ တို့ လုပ်ကြတာပေါ့လို့ ရွေးကောက်ပွဲ အနိုင်ရပါတီကြီးက တရားဝင် လိုက်လျောလိုက်သလို ဖြစ်ခဲ့ရပါတယ်။ ဂန္နီခန်းမအစည်းအဝေးကို တက်ရောက်ခဲ့ ကြတဲ့ အဖွဲ့ချုပ်ရဲ့ ထက်/လယ်/အောက် အဆင့်ဆင့်က ခေါင်းဆောင်တွေ၊ ရွေးကောက်တင်မြောက်ခံ ကိုယ်စားလှယ်တွေရဲ့ စုပေါင်းဆုံးဖြတ်ချက် ဖြစ်တဲ့ ဂန္နီခန်းမကြေညာစာတမ်းလည်း အမှိက်ပုံးထဲရောက်ခဲ့ရပါတယ်။
နဝတက ဖျောက်ဖျက်ပစ်ခြင်တဲ့ အဲဒီစာတမ်းကို အဖွဲ့ချုပ်က ကိုယ်တိုင် ဖျောက်ဖျက်ပေးလိုက်ရသလိုပါပဲ။ အဖွဲ့ချုပ်အနေနဲ့ ဆုံးရှုံးမှုကြီးမားစွာဖြင့် နဝတအလိုကျ လိုက်လျောခဲ့ရပေမယ့် အမျိုးသားညီလာခံမှာ ထင်တိုင်း မပေါက်ခဲ့ဘဲ ကိုယ့်ရဲ့အရှုံးသာ အဖတ်တင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာလည်း အလွယ်တကူ ဆောင်ရွက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ပါတီစုံရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဒီလို တိုးချဲ့ဖွဲ့စည်းမှုကို အသိအမှတ်မပြုနိုင်ကြောင်း ချိန်းခြောက်ခဲ့သလို၊ အဖွဲ့ချုပ်ညီညွှတ်ရေး မပြိုကွဲအောင်လည်း အတော်ကို ထိမ်းထိမ်းသိမ်းသိမ်း လုပ်ခဲ့ရတာပါ။
အခြေအနေတည်ငြိမ်ပြီဆိုတော့မှ အမျိုးသားညီလာခံနဲ့ ပတ်သက်တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီး အမျိုးသား ညီလာခံရဲ့ ဒီမိုကရေစီမကျတဲ့ လုပ်ထုံးလုပ်နည်း၊ အခြေခံမူများကိုပြင်ဆင်ပေးဖို့ ညီလာခံကျင်းပရေးကော်မတီကို ညီလာခံကိုတက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကတဆင့် အကြံပြုတင်ပြခဲ့ကြပါတယ်။
နဝတရဲ့ တုန့်ပြန်ချက်ကတော့ အဖွဲ့ချုပ်ကို ညီလာခံမှ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီး သူ့ရဲ့ “ဆွေးနွေးဖက်” အပေါ်ထားတဲ့ သဘောထားကို ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။ အပြင်က မတိုက်နဲ့ အတွင်း ကပူးတိုက်မှရမယ်ဆိုတဲ့ အတွေးအခေါ်ဆရာကြီးများအတွက် အကောင်းဆုံး သင်ခန်းစာယူစရာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကံကောင်းသွားတာက အမျိုးသားညီလာခံမှာ ဆက်လက်မပါဝင်တော့တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ သမိုင်းတရားခံတဦးဖြစ်မည့် အရေးမှသီသီလေး ရှောင်ရှားနိုင်လိုက်ခြင်းပါ။ သို့သော်လည်း ညီလာခံကို တက်ရောက်ခဲ့တဲ့ အတွက် ဒီညီလာခံရဲ့ တရားဝင်မှုကို အထောက်အပံ့ပေးရာ ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ့် နဝတ ကိုလည်း အသက်ရှုချောင်စေခဲ့ပါတယ်။ အကျိုးဆက် အဖြစ် နဝတ/နအဖက သူ့ရဲ့ အမျိုးသားညီလာခံကို သူ့ဘာသာပဲ ပြီးအောင် ဆက်လက်လုပ်ဆောင် သွားပြီး သူ့စိတ်ကြိုက်အခြေခံဥပဒေတရပ်ကို ရေးဆွဲအတည်ပြုလိုက်နိုင်တာပါ။
ဒီအတွက်ကြောင့် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို အစဉ် တစိုက်မတောင်းဆိုပဲ မူလရှိခဲ့တဲ့မူဝါဒနဲ့လုပ်ငန်းစဉ်တွေကို စွန့်လွှတ်ပြီး မူအသစ်နဲ့ အမျိုးသားညီလာခံကို ချီတက်ခဲ့ခြင်းဟာ အဖွဲ့ချုပ် ခေါင်းဆောင်များရဲ့အမှားပါ။ အမျိုးသားညီလာခံကို တက်ရေး၊ မတက်ရေးနဲ့ ပက်သက်ပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ခေါင်းဆောင်များက မိမိတို့သဘောနဲ့ မိမိတို့ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက အဖွဲ့ချုပ် အဖွဲ့ဝင်များရဲ့ သဘောဆန္ဒကို ကောက်ယူတောင်းခံပြီးမှ ဆုံးဖြတ်ချက် လုပ်ကိုင်ခဲ့ကြမယ်ဆိုရင် အမျိုးသားညီလာခံကို မတက်ရေး သဘောထားက အဖွဲ့ချုပ် အဖွဲ့ဝင်များအကြား အထင်အရှား ရှိနေခဲ့ကြ တာပါ။
စတုတ္ထ မူဝါဒအပြောင်း
ယခုနှစ် ဧပြီလနှောင်းပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ တိုင်းနှင့်ပြည်နယ် ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်တဲ့ မျက်နှာစုံညီ အစည်းအဝေးတရပ်ကို အဖွဲ့ချုပ်ရုံးချုပ်မှာကျင်းပ၍ အဖွဲ့ချုပ်ရဲ့ မူဝါဒ ရေးရာ ကြေညာစာတမ်းတစောင်ကို “ရွှေဂုံတိုင်ကြေညာစာတမ်း” အမည်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီကြေညာစာတမ်းမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ရပ်တည်ချက်တွေအဖြစ်
“၁) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ဒီမိုကရေစီအခြေခံမူတွေနဲ့ မကိုက် ညီတဲ့ အချက်အလက်တွေကိုပြင်ဆင်ပေးရေး။
၂) ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး။
၃) ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်လေးစား လက်ခံနိုင်လောက်တဲ့ အသိအမှတ်ပြုခြင်းခံရလောက်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြင်ဆင်ပေးရေး။” စတဲ့ချက်တွေနဲ့ပြည့်စုံပါမှ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကို အဖွဲ့ချုပ်အနေဖြင့် လက်ခံ စဉ်းစားမည် လို့ပါရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်လည် တည့်မတ်လာတာလို့ဆိုမှာပါ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း ပြန်လည်နိုးထလာတဲ့ လူထုလှုပ်ရှားမှုများနဲ့ ထပ်တူကျလာတာပါ။ တနည်းအားဖြင့် “အဖွဲ့ချုပ် ဆက်လက် တည်ရှိနေနိုင် ရေး” ကိုသာလုပ်ဆောင်နိုင်ခဲ့တဲ့ အနေအထားကနေ အင်အားရှိတဲ့ နိုင်ငံရေးပါတီတရပ်အဖြစ် နိုင်ငံရေးအရဦးဆောင်မှုပေး လှုပ်ရှားနိုင်ရေး လမ်းကြောင်းဖက် ပြန်လည်ဦးတည်လာပြီ လည်းလို့ဆိုနိုင်ပါတယ်။
“ရွှေဂုံတိုင်ကြေညာစာတမ်း”ပါ ရပ်တည်ချက်နဲ့ မူဝါဒများကို အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ လိုလား သူများက အင်တိုက်အားတိုက်ထောက်ခံခဲ့ကြတာကိုတွေရပါတယ်။
မူဝါဒနှင့် လုပ်ငန်းစဉ် တထပ်တည်းကျရန်လိုပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကာစကာလမှ ယနေ့အထိ ခေါင်းဆောင်မှု အပြောင်းအလဲအပေါ်မူတည်ပြီး အဖွဲ့ချုပ် ရဲ့ မူလဘူတမူဝါဒများအပေါ်မှာ အဖွဲ့ချုပ်ခေါင်းဆောင်များ မြဲမြံစွာရပ်တည်ဆုပ်ကိုင်ထားခြင်းမရှိဘဲ ပြောင်းလဲလုပ်ကိုင်လာခဲ့ကြတာ တွေ့ရပါ တယ်။ မပြောင်းမလဲမြင်နေရကတော့ ထိရောက်တဲ့ခေါင်းဆောင်မှုနဲ့ “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါမူဝါဒများကို အကောင်အထည် ဖော်ဆောင်ရေး အင်နဲ့အားနဲ့ ပြင်ဆင်ကြရမယ့်အစား အရာရာကို အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ်မှာသာ အားကိုးမှီခိုနေကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ယခင်ကလိုအမှားမျိုးထပ်မလုပ်ဘဲ ကိုယ်ချထားတဲ့ မူဝါဒများကို အောင်မြင် အောင် အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်များကို အချိန်မလင့်ခင် ရေးဆွဲဆောင်ရွက်ဖို့လိုနေပါပြီ။ ။