>Khin Nadi – the wish – poem

>

တောင်းဆု
ခင်နဒီ
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
တချောင်းသောလက်ညှိုး
လျှောက်ထိုးဝေသံ
သင့်သဘောမမှန်လည်း
ငါ နှစ်နှစ်ကာကာ
ထင်ခဲ့ပါတဲ့
ဖြူစင်မေတ္တာ မြသစ္စာက
ညစ်နွမ်းမပီ ဖြူစင်လေ၏။

သုံးသည့်စကား
ချိုသာငြားလည်း
အသည်းမည်းညစ်
သင့်စိတ်ဖြစ်စဉ်
သင် မြင်မှာပါ
ငါ လေးစားအရေးထားစိတ်ကို
ခွဲခြမ်းစိတ်ဖြာ
အဖြေမရှာနဲ့ 
ဆင်းရဲချမ်းသာ
လူကိုသာဘဲ
လေးစားမြဲ။

သင်ငါးပါးသီလတရားမြတ်မှ
တပါးသောတရား
မုသာစကားဆို
ကုန်းချောတဲ့အကျင့်ကို
ဖျောက်ပစ်ဖို့ လိုပြီ။


ငါခြောက်ခြားသွေးပျက်
ခံရချက်ပြင်းထန်
သင့်မုသားဒဏ်ကြောင့်
ဘဝနလံမထူ
ရင်အသဲပူငြား
စကားလက်ဆောင်ပါးပါရစေ။

ဘဝမြေမှာ မှန်သောအကျင့်

သင့်သောအယူ
ဖြူသောနှလုံး
သင်ကျင့်သုံးရင်
ခုနှစ်ပါးရတနာ ပြည့်စုံတာထက်
ကြီးကျယ်မြင့်မြတ်
လူနတ်ချစ်ခင်
ဂုဏ်အင်မညှိုး
အကျိုးကြီးပါတယ်။

ရှစ်စပ်ကဂျင်ဂျင်လည်
ဘဝနယ် လူနပ်

သင်သာပဲ
မြတ်တယ်ဆို
လူတကာကို အလေးမထား
နှုတ်ဖျားနဲ့ စော်ကားချင်
သင့်လုပ်ရပ် အမှန်ထင်ရင်
သင်သာလျှင်ပျက်သုဉ်း
လူတကာမုန်းလိမ့်။

ငါ ကိုးစားယုံကြည်

ခံယူသည်မှာ
လူသာလျှင် ပဓါန
လူသာလျှင် အမြတ်ဆုံး
လူ့နှလုံးလှမှ
ကမ္ဘာမြေလှပ။

ငါ ဆယ်ဖြာသောလက်

ဦးထိပ်ယှက်ကာ
ဆုတောင်းပါသည်
ယခုဘဝ နောင်ဘဝနဲ့
ဘဝဆက်တိုင်း
ဘဝတိုင်းမှာ
မုသားလက်နက်
စကားစက်ဖြင့်
သူတပါးဘဝ
ပျက်သုဉ်းရအောင်
ကြံဆောင်လေသူ
ထိုလူများနှင့်
မဆုံမတွေ့
ဝေးပါရစေ
ဝေးပါရစေ … …
(ဇန်န၀ါရီ ၂၂၊ ၂၀၁၀)