>Burmese Internet is at his slowest

>

မမြန်သော မြန်မာ့ အင်တာနက် နှေးကွေးနေဆဲ

မိုးမခအထောက်တော် (ရန်ကုန်)

ဧပြီ ၁၁၊ ၂၀၀၉

နကိုကတည်းက မမြန်ဆန်သည့် မြန်မာ့ အင်တာနက် ကွန်ရက်မှာ လာမည့် သောကြာနေ့ အထိ နှေးကွေးနေဦးမည် ဟု စတုတ္တ အကြိမ်မြောက် အသိပေး ကြေညာထားသည်ကို တွေ့ရှိရသည်။

မြန်မာတနိုင်ငံလုံး၏ အင်တာနက် ၀န်ဆောင်မှုပေးရာ မြန်မာတယ်လီပို့တ်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကို ဖြတ်သန်းသွားပြီး ရေအောက်မှတဆင့် သွယ်တန်းထားသည့် ဆီမီဝီ ၃ (SEA-ME-WE 3) ဟု ခေါ်ဆိုသည့် ဖိုင်ဘာအော့ပတစ် ကေဘယ်ကြိုးကို ပုံမှန် ပြုပြင် ထိန်းသိမ်းမှု လုပ်မည်ဟု ဆိုကာ မတ်လ ၂၁ရက်မှ စတင် နှေးကွေးခဲ့ရာမှ ပထမ ခန့်မှန်းသည့် နေ့ရက် ၂၅ရက်နေ့တွင်လည်း မပြီးစီးဘဲ အကြိမ်ကြိမ် ပြင်ဆင်ကြေညာ အသိပေးခဲ့ရာမှ ယခုတဖန် ဧပြီ ၁၇ ရက်နေ့ နောက်ပိုင်းတွင်မှ ပြီးစီးလိမ့်မည် ဖြစ်သည်ဟု သိရှိရသည်။

ယခုနောက်ဆုံးကြေငြာချက်တွင် ဆီမီဝီ ၃ ကေဘယ် ပြုပြင်မှုမှာ ပြီးစီးသွားသော်လည်း အခြား ချွတ်ယွင်းချက် တခုကို ပင်မ စတေရှင် အနီးထပ်မံတွေ့ရှိရပြန်သောကြောင့် သတ်မှတ်ထားသည့် အချိန်တွင် မပြီးစီးနိုင် ဖြစ်ခဲ့ရသည်ဟု ဖေါ်ပြထားသည်။

ယခုကဲ့သို့ အကြိမ်ကြိမ် ရွှေ့ဆိုင်း ကြေညာနေသည့် အဖြစ်ကို အချို့သော အင်တာနက် သုံးစွဲသူများက အမှန်တကယ် လိုင်းပြုပြင် ထိန်းသိမ်းခြင်း ဟုတ်မဟုတ် သံသယ၀င်လျက်ရှိသည် ဟုလည်း ကြားသိရသည်။ ထိုသို့ အင်တာနက်လိုင်းများ နှေးကွေးနေစဉ် ရက်များအတွင်း နိုင်ငံရေး လှုပ်ရှားသူတချို့ ပြင်ပအဖွဲ့အစည်းများနှင့် ဂျီတော့ခ်မှ ဆက်သွယ်မှုကြောင့် အဖမ်းခံရသည့် သတင်းများလည်း ထွက်ပေါ်လျက် ရှိသောကြောင့် အင်တာနက်နှေးကွေးခြင်းသည် နိုင်ငံရေးလှုပ်ရှားသူများကို ခြေရာခံလိုက်ရန် အတွက် ထောင်ချောက် တခုများလားဟု တွေးဆပြောဆိုမှုများလည်း ရှိသည်ဟု သိရသည်။

အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ ယခုရက်များအတွင်း ဂျီမေးလ် ၀က်ပေ့ခ်ျမှာ အခြားသော ၀က်ပေ့ခ်ျများထက် ပိုပြီး နှေးကွေးနေသည် ဟုလည်း ဆိုသည်။ ဂျီမေးလ်သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော ၀က်မေးလ် (webmail)တခု ဖြစ်နေပြီး အင်တာနက် ဆိုင်များမှာလည်း ဂျီမေးလ်၊ ဂျီတော့ခ် သုံးစွဲသူများကို အားကိုး ရပ်တည် နေကြရသည့် အနေအထားဖြစ်သည် လည်းတွေ့ရှိရသည်။

အင်တာနက်ဆိုင် ဖွင့်လှစ် လုပ်ကိုင်သူများ အနေဖြင့် မတ်လ မကုန်မီမှ စတင်လိုက်သည့် အင်တာနက် နှေးကွေးမှုမှာ ဧပြီလလယ်ကို ကျော်လွန်သွားသဖြင့် တလတာ နီးပါး ၀င်ငွေနစ်နာ နေသည်ဟုလည်း ပြောဆိုလျက်ရှိသည့်အပြင် ယခုကဲ့သို့ အင်တာနက်နှေးခြင်း၊ အင်တာနက် ဖြတ်တောက်ထားခြင်း ရှိနေသော်လည်း အင်တာနက် သုံးစွဲခ လစဉ်ကြေး၊ မြန်မာသတင်းနှင့် နည်းပညာဖွံ့ဖြိုးရေး ကော်မတီတို့သို့ လစဉ် ပေးဆောင်ရသည့် ပီအေစီ လစဉ်ကြေးတို့ကိုမူ လုပ်ငန်း လျှော့ပေါ့ပေးမည့် လက္ခဏာ တစုံတရာ မတွေ့ရဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် အင်တာနက် သုံးစွဲသူ ဦးရေ သုံးသိန်းကျော်ရှိသည်ဟု အချို့သော ခန့်မှန်း စာရင်းဇယားများ အရ သိရှိရပြီး အရှေ့တောင်အာရှ နိုင်ငံများအနက် အင်တာနက် ၀န်ဆောင်ခ ဈေးအကြီးဆုံးနှင့် ၀န်ဆောင်မှု အညံ့ဆုံး အဖြစ်လည်း ထင်ရှားသည်။ အင်တာနက် ၀န်ဆောင်မှုတွင် မြန်မာ့ဆက်သွယ်ရေး နှင့် မြန်မာတယ်လီပို့တ် နှစ်ခုရှိသော်လည်း စစ်ဗိုလ်များ ကိုယ်တိုင် စီမံခန့်ခွဲသည့် မြန်မာတယ်လီပို့တ်ကသာ အဓိက ချုပ်ကိုင်ထားသည် ကိုတွေ့ရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts