>Nargis, the forbidden apple


>

မစားကောင်းတဲ့ နာဂစ် အသီး
ညွန့်ထွေး
သြဂုတ် ၂၂၊ ၂၀၀၈


မိုးမခ၀ိုင်းတော်သားများသို့

နာဂစ် အရေးအခင်းမှာ စေတနာ့ဝန်ထမ်း ကူညီသူတွေကို စစ်အစိုးရက ဖမ်းဆီးပြီး အရေးယူလိုက်တဲ့နောက်ပိုင်း သာမန် ကိုယ့်အားကိုယ်ကိုး စေတနာရှင်တွေကော၊ အလှူရှင်တွေပါ စိတ်တွေ ထိခိုက်ခဲ့ရပါတယ်။ ပြည်တွင်းမှာ အခြေစိုက်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးများရဲ့ စစ်အစိုးရ သတ်မှတ်တဲ့ “ဘောင်”တွင်းကပဲ လုပ်ကိုင်သူများကိုသာ ၀ိုင်း “အားပေး” ရတဲ့ အခြေအနေပါ။

တချို့ အင်ဂျီအိုတွေရဲ့ လုပ်ငန်းလည်ပတ်စာရိတ်က ကြီးမားတဲ့အတွက် သူတို့ အခြေစိုက်တဲ့ နယ်တွေ မြို့တွေမှာ သူတို့ထိတိုင်း ရွှေဖြစ်ကုန်တယ်လို့ နယ်ခံတွေက မှတ်ချက်ပေးကြပါတယ်။ အိမ်ဈေးတွေ၊ လုပ်အားခတွေ၊ စက်ပစ္စည်း စရိတ်တွေက ခုန်တက်ကုန်ကြလို့ပါ။ တချို့ရွာတွေမှာ မြေဈေးက ပေနဲ့ တွက်ပြီး သိန်းဂဏန်းပေးရတယ်လို့ ဆိုပါတယ်။

ရွှေ မဖြစ်တာက နာဂစ်ဘေးသင့်တဲ့ လူတွေနဲ့ ရွာတွေပဲ ဖြစ်ပါတယ်။ သူတို့မှာ ရောင်းစရာ၊ လဲစရာ မရှိတော့ ရွှေရောင် မတောက်နိုင်ကြပါဘူး တဲ့။ အဖွဲ့အစည်းတွေ ပေးသမျှကို မိုးထဲ လေထဲမှာ တန်းစီပြီး တနေကုန် စောင့်နေကြရတော့ ကြွက်စုတ်ရုပ်သာ ပေါက်ကြရပါတယ်။ နူရာမှာ ၀ဲစွဲတာက တော်ပါသေးတယ် တဲ့၊ လဲရာ သူခိုးထောင်းတာက ပိုဆိုးပါသေးတယ်လို့ သူတို့က ပြောပါတယ်။

တမူးပိုရှုနိုင်တဲ့ ဒေသခံတချို့က အာဏာပိုင်တွေ၊ အင်ဂျီအိုတွေနဲ့ အချိတ်အဆက်မိတဲ့သူတွေ ဖြစ်ပါတယ်။ အစပိုင်းမှာ အဲဒီ ဒေသခံရွာလူကြီးတို့ ဘာတို့ညာတို့က တန်းစီတဲ့ နေရာမှာ ကိုယ်စားလှယ်လွှတ်ပြီး ပစ္စည်းကို လက်ခံပါတယ်။ ပြီးတော့ အလှူရှင်များ၊ လုပ်အားပေးများ စခန်းချရာကို သွားရောက်ပြီး တွေ့ဆုံဆွေးနွေးပြီး သကာလမှာ စစ်တပ် အတားအဆီးများ၊ အာဏာပိုင် အကန့်အသတ်များကို ကျော်လွှားနိုင်ဖို့အရေး “ရင်ကြားစေ့”ပေးတော့တာပါပဲ။

“တချို့” အဖွဲ့များကလည်း ရေရှည် အကျိုးစီးပွားကို ကြည့်ပြီး သူတို့ကို တရားမ၀င် “ကိုယ်စားလှယ်” ခန့်လိုက်တဲ့ နောက်ပိုင်းမှာတော့ ယနေ့ မြန်မာဗီဒီယိုကားများထဲက ဂျပန်ခေတ် ဖက်ဆစ်အလိုတော်ရိတွေ ရွာထဲမှာ ရင်ကော့ လမ်းလျှောက်သလို သူတို့တွေ သိပ်တောင် လေ့ကျင့်စရာမလိုဘဲ လမ်းသလားကုန်တော့တာပဲ။

သူတို့တွေကတော့ ရွှေဖြစ် ငွေဖြစ် ထွက်ရပ်ပေါက်ကုန်ကြပေမယ့် ရွာကလူတွေက ဘာမှ မပြောရဲပါဘူး။ ပေးသမျှကိုလက်သင့်ခံပြီးတော့ ကျေးဇူးတွေ ကြံဖန်တင်နေကြရတော့တာပါပဲ။ ငါတို့ကို ပေးဖော်ရရှာတယ်ပေါ့ဗျာ။ သူတို့ မပေးရင် ငါတို့ ငတ်သေကုန်မှာ ဆိုပြီးတော့ပေါ့။

အဲသည်လို နာဂစ်အသီးကြီးက စားကောင်းမှန်းသိကုန်တော့ ကွမ်းခြံကုန်းမြို့နယ်က “တချို့” ရွာတွေမှာဆို “ကော်မတီ” တွေတောင် စင်ပြိုင် ဖွဲ့ကုန်ကြတယ်လို့ သိရပါတယ်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ရွာမှာ နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး ကော်မတီက ၂ စုတောင် ဖြစ်ကုန်ပါတယ်။ သူတို့တွေက ဧည့်သည်များကို လက်ခံတွေ့ဆုံပြီး ဒုက္ခသည်များကို ကူညီရေးအတွက် စည်းကမ်းအဆင့်ဆင့်ကို သတ်မှတ်ပေးတာမျိုးတွေ လုပ်လာပါတယ်။

နာဂစ်သင့်ဒေသက နှစ်ရှည် စီမံကိန်းတွေနဲ့ ကယ်တင်စောင့်ရှောက်ကြရမှာ ဖြစ်လို့ အင်ဂျီအိုတွေက အကြာကြီးနေကြမှာ ဖြစ်ပါတယ်။ အားလုံးကလည်း မြန်မာငွေနဲ့ လုပ်အားခကို မတွက်ကြတော့ဘဲ အပြင်က ဒေါ်လာပေါက်ဈေးနဲ့ တိုင်းတာပြီး တောင်းပါတယ်။ ကျွဲကျောင်း နွားကျောင်းသား တယောက်က ယခင် ကျပ် ၂ သောင်းကနေ ကျပ် တသိန်း ဖြစ်သွားပါတယ်။ ဒေါ်လာ ၁၀၀ ပေါ့ ခင်ဗျာ။ အက်ဖ်အီးစီနဲ့ ပေးလို့ရသလားကိုတော့ သတင်းထောက်က မပြောသွားပါဘူး။

အလေ့အကျင့်ကောင်းများ၊ အကျင့်ကောင်းများကလည်း ကူးစက်လွယ်တယ်ဆိုတော့ တလောက သတင်းပို့ပေးခဲ့တဲ့ ဆိပ်ကြီးရွာက လုပ်အားပေးအစီအစဉ်မှာ ဆိုရင် ရွာခံတွေက ရွာနီးချင်းတွေကို မလိမ့်တပတ် ဆင့်ခေါ်ပြီးတော့ ထပ်ဆင့် လုပ်အားပေးခိုင်းခဲ့လို့ ဘေးက ရွာတွေလည်း အိုင်အယ်လ်အို တိုင်ဖို့အတွက် ခေါင်းစားခဲ့ကြရပါတယ်။ အဓမ္မလုပ်အားပေးခိုင်းသူက စစ်တပ်လား၊ ဆိပ်ကြီးက လူပေါ်နဲ့လူဇော်တို့ ရွာခံတွေလားဆိုတာ ခွဲရခက်ကုန်လို့ပါ။

နာဂစ်ကြောင့် ဘ၀တွေ ပျက်ကြရပါတယ်။ အဲဒါကို လူအများက စေတနာ ၃ တန် ပြဌာန်းပြီး လှူဒါန်းကူညီကြပါတယ်။ စေတနာရှင်များ အစုအဖွဲ့များကလည်း တတ်အားသမျှ ၀ိုင်းဝန်း ဆောင်ရွက်ကြပါတယ်။ သို့သော်လည်း ထိပ်ဆုံးက အာဏာပိုင်များကစပြီး အဆင့်ဆင့် ကန့်ကြ သတ်ကြတဲ့နောက်၊ တားမြစ် ဖမ်းဆီးတဲ့နောက် နာဂစ်ကြောင့် မှောင်ကျနေတဲ့ ဘ၀တွေကို အပြင်ကလူတွေ အရောက်လာနိုင်ကြဖို့ သတင်းမှောင်ကျနေရတာပါ ထပ်တိုးနေရပါတယ်။

ဒေသတွေ ပျက်စီးရပါတယ်။ ပွင့်လင်းလွတ်လပ်မှုမရှိတဲ့ စနစ်ကြောင့် ထိရောက်တဲ့ ပြန်လည်ထူထောင်ရေးတွေ နှောင့်နှေးရပါတယ်။ အထွေထွေ အကြပ်အတည်းများကြောင့် စာရိတ္တတွေလည်း ပျက်ကြရပါတယ်။ လူမှုတန်ဖိုးတွေလည်း ပျက်စီးကုန်ကြရပါတယ်။ ကျနော်တို့ကတော့ သတင်းပို့တဲ့အလုပ်ကို လုပ်ကြရမှာပဲ။ အော် … အင်ဂျီအို နံမယ်တွေကို ရွာက လူတွေ ပီအောင် မခေါ်တတ်သေးဘူးဗျ။ ဆင်းသည် ချီးတွင်း … တို့၊ ခဲစို့ မြန်မာ တို့ ဆိုပြီး သူတို့က အလွယ်ခေါ်ကြပါတယ်။ ရယ်စရာ မကောင်းလားဗျာ။

မရယ်ပါနဲ့ဗျာ။ ကျနော်တို့ မျက်ရည်နဲ့ ရေးတဲ့ စာ ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts