၂၄ နာရီအတွင်း အစအဆုံး အကုန်နေခဲ့သူ
ဇာနည်ဝင်း
ဇူလိုင် ၁၀၊ ၂၀၀၈
ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ဘာလုပ်ခဲ့သလဲ ဟု မေးလျှင် ထိုင်းမြန်မာနယ်စပ်ရောက် ကိုတင်အေးတွင် ပြောစရာ အများအပြား ရှိနိုင်သည်။ အတိုချုပ်ပြောပါ ဟုဆိုလျှင်လည်း သူပြောနိုင်သည်။
ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထောင်ထဲတွင် ၁၆ နှစ် ကြာခဲ့သည်။
၁၆ နှစ်ဟူသောအချိန်ကို ထောင်ထဲတွင် ကုန်ဆုံးရန် မည်သို့ ဖြတ်သန်းရမည်နည်း။ အချိန်ကာလကို မီးရထားကြီးနှင့် တင်စားသည့်အခါ အချိန်ရထားကြီးက တရွေ့ရွေ့ ခုတ်မောင်းသွားသည်ဟု ဆိုကြပြောကြမည်။ ကိုတင်အေးအဖို့တော့ သူ့ရထားကြီးကို အားစိုက်ပြီး တွန်းခဲ့ရပုံရှိသည်။
ကိုတင်အေးက ၁၉၈၇ ခုနှစ် စက်တင်ဘာငွေစက္ကူအရေးအခင်း မတိုင်ခင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ပြန်လည်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းခဲ့၊ စတင်ဖွဲ့စည်းသူများထဲတွင် ပါဝင်ခဲ့သည်။ ယခုတော့ ဗကသ နိုင်ငံခြားရေးရာကော်မတီတွင် ရှိနေသည်။
ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရသူ အသက် ၂၀ ကျော်လူငယ်တယောက် ကြုံတွေ့ခဲ့ရပုံ သို့မဟုတ် အကြောင်းအရာတခုခုကို မိုးမခအတွက် ရေးပေးပါဟု သူ့ကိုပြောမိသည်။ စာသမား၊ ကဗျာသမားလည်း ဖြစ်သူမို့ သူ့တွင် ရေးစရာ ပြောစရာတွေ အများအပြား ရှိမည်။
သို့သော်လည်း သူက လောလောဆယ် စာရေးသားဖွဲ့နွဲ့ဖို့ အချိန်မလုံလောက်ဟု ဆိုသည်။ သုံးလိုရာသုံး ဆိုပြီး အဆင်သင့်ရှိနေသည့် ကဗျာတပုဒ်တော့ ထုတ်ပေးလိုက်သည်။ ကလောင်အမည်က အေး။ ကဗျာခေါင်းစည်းက “ငါ ရှိသည်”။
“ငါ ရှိသည်”
ကောင်းကင်တစ်ခုလုံး အတည့်အတိုင်းထားပြီး
အတိတ်ကို ဟိုရွှေ့ ဒီရွှေ့ လုပ်ကြည့်တယ်။
(၂၄)နာရီအတွင်း အစအဆုံး အကုန်နေရတဲ့ဘဝ
ဘောင်မကြပ်မိတဲ့ ပန်းချီကားတစ်ချပ်ထဲက
ထွက်ကြလာတဲ့ အန်ဖတ်တွေ
ငါ့အန်ဖတ်တွေကို ငါ ပြန်မမြိုချင်ပါဘူး
အခုထိ ချစ်တယ်။ ။
အေး
မနက်(၆)နာရီခန့်၊ ၁၇.၅.၂၀၀၈
ကဗျာက တိုသည်။ ပြောစရာရှိတာ အကုန်ပြောသွားပုံရသည်။ ဒီထက်ပိုပြောဖို့လည်း လိုအပ်မည်မထင်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီမဂ္ဂဇင်း အင်တာနက်စာမျက်နှာတွင် သူ့အကြောင်း ရေးထားသည့်ဆောင်းပါး အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထွက်ပေါ်လာသည်။ “ခိုင်မြဲသော အချစ်များ” ဆောင်းပါးတွင် ၁၆ နှစ် ကန္တာရခရီးနောက်ပိုင်း သူ့ဘ၀ကို ဖော်ကျူးထားသည်။
ဆောင်းပါးရှင် ကျော်စွာမိုးက ပြီးခဲ့သည့်အနှစ်၂၀အတွင်း ဖြစ်ပွားခဲ့သည့်၊ ယခုတိုင် မပြီးဆုံးနိုင်သေးသည့် လူမသိသူမသိ ဖြစ်ရပ်အချို့ကို ပုံဖော်ထားခြင်းဖြစ်သည်။
“……… ကိုတင်အေးကော အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ချစ်သူ မနိုဘယ်အေး (ခေါ်) မနှင်းမေအောင် ပါ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ခိုင်ခိုင်မာမာ သံန္နိဌာန်ထားရှိသူများ ဖြစ်ကြပြီး သူတို့ နှစ်ဦး၏ အချစ်ရေးထက်ပင် ပို၍ လေးနက်စွာ ရှေ့တန်းတင် ထားသူများ ဖြစ်ကြသည်။
မနိုဘယ်အေးမှာ ၁၉၉၈ ခုနှစ်တွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ထောင်အတော်များများ သို့ ပြောင်းရွှေ့ ထိန်းသိမ်းထားခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် နိုင်ငံရေး လှုပ်ရှားမှုများ တက်ကြွစွာ လုပ်ဆောင်နေသောကြောင့် သူ့အမေပါ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။
ကိုတင်အေးက ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ပေးခံရသည်။ ထောင်ထဲတွင်သူ ၁၆ နှစ်တာ နေခဲ့ရ၏။
(photo:irrawaddy)
မနိုဘယ်အေးကော ကိုတင်အေးပါ ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာကြသည်။ နောက်တနှစ်တွင် သူတို့ နှစ်ဦးစလုံး ရန်ကုန်ရှိ မဂ္ဂဇင်းတိုက်တခုတွင် အယ်ဒီတာအဖွဲ့ဝင်များအဖြစ် ဝင်ရောက် လုပ်ကိုင်ကြရင်း စတင် ဆုံတွေ့ခဲ့ကြသည်။
သူတို့နှစ်ဦး၏ နိုင်ငံရေးခံယူချက်၊ လှုပ်ရှားမှုအတွင်း အတွေ့အကြုံများနှင့် ထောင်တွင်းအတွေ့အကြုံများ ကြောင့် အချိန်အနည်းငယ်အတွင်း ပို၍ နီးစပ်လာခဲ့သည်။
တဦးနှင့် တဦး နှစ်နှစ်ကာကာ စုံမက်မိကြ ခြင်းမှာလည်း တဦး အပေါ်တဦး အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုတို့ကြောင့် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။
ကိုတင်အေးက “သူ့ကိုချစ်မိတာကြောင့်တော့ သူ့ရဲ့ နိုင်ငံရေးကိစ္စကို အနှောင့် အယှက် မဖြစ်စေရဘူး။ ပြီးတော့ ကျနော့်အတွက်လည်း တိုင်းပြည်အရေးနဲ့ ယှဉ်လာရင် သူက ဒုတိယဖြစ်မှာပဲဆိုတာ တခါက သူ့ကိုပြောဖူးတယ်” ဟု ပြန်ပြောင်းပြောပြခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ တံခါးကို လာခေါက်နေပြီ။ ဖမ်းဆီးခံခဲ့ရပြီ။ နောက်တော့ မနိုဘယ်အေးကို စစ်အာဏာပိုင်များက အင်းစိန်ထောင်တွင် ချုပ်နှောင်ထားလိုက်ကြသည်။ သူတို့ချစ်သူ နှစ်ဦး မည်မျှကြာရှည် ခွဲခွာကြရမည်မသိ။
ကိုတင်အေးက မနိုဘယ်အေးအတွက် ဂုဏ်ယူသည်ဟု ပြောသည်။ တိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းရင်း ယခုကဲ့သို့ ချုပ်နှောင်ခံခဲ့ရသည့်အတွက် သူဂုဏ်ယူသည်။
မနိုဘယ်အေးက ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစုတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက လောင်စာဆီဈေးများ ရုတ်ချည်း မတန်တဆ မြှင့်တင်လိုက်ပြီး နောက်ပိုင်း ၈၈ ကျောင်းသားများအုပ်စုက လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်း ဤလှုပ် ရှားမှုကြောင့်ပင် သံဃာများဦးဆောင်သည့် စက်တင်ဘာဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရသည်။
ဤကျောင်းသားအဖွဲ့ဝင်များမှာ ယခင်နှစ် သြဂုတ်လအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကျန်ရှိသူများ မှာလည်း ထိုအချိန်မှစ၍ လျှို့ဝှက်ပုန်းအောင်း နေထိုင်ရင်း မြေအောက်နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေကြသည်။
ကိုတင်အေးနှင့် မနိုဘယ်အေးတို့၏ ချစ်ဇာတ်လမ်းမျိုးကို စစ်အာဏာရှင် လက်အောက်တွင် နိုင်ငံရေးလှုပ်ရှား နေကြရသူတိုင်း ကြုံတွေ့နိုင်ကြသည်။ လက်ထပ်ထားသူ အိမ်ထောင်ရှင် တက်ကြွလှုပ်ရှားသူများ၊ ချစ်သူများ မှာ ချစ်လျှက်နှင့် ကွေကွင်းကြရသည်။ စစ်တပ်အာဏာသိမ်းချိန် ၁၉၈၈ ခုနှစ်မှ စ၍ ထိုဇာတ်လမ်းမျိုးပေါင်း များစွာ ရှိခဲ့ပါသည်။
လွန်ခဲ့သည့် နှစ် ၂၀ အတွင်းက ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ထိုသူများ အားလုံးနီးပါးလိုလို ကွေကွင်းခဲ့ကြရသည့် ဇာတ်လမ်းများ ရှိနေနိုင်ပါသည်။ ချစ်သူချင်း၊ မိဘနှင့် သားသမီး၊ ဇနီး ခင်ပွန်း စသဖြင့် ချစ်သောသူများနှင့် ကွေကွင်းခဲ့ရမှုများ ကြုံတွေ့ခံစားခဲ့ကြရပေလိမ့်မည်။
“ကျနော် နိုဘယ်နဲ့ နောက်တကြိမ် ဘယ်တော့ တွေ့နိုင်မယ်ဆိုတာ မပြောနိုင်ဘူးဗျာ” ဟု ကိုတင်အေးက ပြောသည်။ “ဒါပေမယ့် သေချာတာတခုက သူ ဘယ်လောက်ကြာအောင် ထောင်ထဲမှာနေရပါစေ။ ကျနော်စောင့်မယ်။ ဒါ ကျနော့်ရဲ့သံမဏိသစ္စာပဲ”
… … … … …”
ခိုင်မြဲသော အချစ်များကို တကြိမ်မက ကြေကြေကွဲကွဲ ပြန်ဖတ်နေမိသည်။ လွန်ခဲ့သော အနှစ် ၂၀ တုန်းကတော့ ဒီလိုဖြစ်ရပ်မျိုးကြုံတွေ့လာနိုင်ကြောင်း မည်သူမှ ကြိုတင် သိထားကြမည် မဟုတ်ပေ။
(ကိုးကားချက် – http://www.irrawaddy.org/bur/Articles2008/July/03.html)
