>Burmese Buddhist Monasteries in the Delta – important role in relief works

>

နာဂစ်အလွန် ဧရာဝတီ – ဘုန်းကြီးကျောင်းများကို ပြန်လည်ထူထောင်ရေးအတွက် အားဖြည့်ရန်လို
မိုးမခ အထောက်တော် ၀၀၃
ဇူလိုင် ၉၊ ၂၀၀၈

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများက မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးဇရပ်များတွင် ဘုန်းတော်ကြီးများက ဒုက္ခသည်များကို တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်၊ ပြုစုကူညီမှုများ၊ အရိပ်အာဝါသများ ပေးခဲ့ကြသည့်အတွက် မြန်မာဘုန်းတော်ကြီးကျောင်းများနှင့် မိရိုးဖလာဘာသာရေး အဆောက်အဦတို့သည် အရေးပါလှကြောင်းကို လူမှုဝန်ထမ်း၊ စေတနာဝန်ထမ်းနှင့် ဆေးဘက်ဝန်ထမ်းအဖွဲ့အစည်းများက အသိအမှတ်ပြု ၀န်ခံခဲ့ကြသည်ကို တွေ့ရသည်။

ဘုန်းတော်ကြီးများ၊ သံဃာတော် အရွယ်စုံ၊ မယ်သီလရှင်များ၊ ဘုန်းကြီးကျောင်းသားများက ၀ံသာနု အသိစိတ်အပြည့်ဖြင့် ၎င်းတို့လက်ဝယ်ရှိ စားရေ ရိက္ခာ ဆေးဝါး အ၀တ်တို့ကို စွန့်လွှတ်ပေးကမ်းပြီး စောင့်ရှောက်ထားကြသည်ကို နိုင်ငံတကာ ရုပ်မြင်သံကြားများတွင် အကြီးအကျယ်မတွေ့ခဲ့ရသော်လည်း မြန်မာတပြည်လုံးက ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း လုပ်အားပေးများ၊ အလှူရှင်များက ရှင်းလင်းစွာ သဘောပေါက်ထားပြီးဖြစ်ရာ ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဦးတိုက်အရောက်သွားပြီး လှူဒါန်းကူညီမှုများ စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း စေတနာရှင်အစုအဖွဲ့က မိုးမခသို့ ပြောကြားသည်။

ယခုအချိန်တွင် ဘုန်းတော်ကြီးကျောင်းများ၊ သံဃာတော်များနှင့် မယ်သီလရှင်များ၊ ဘုန်းကြီးကျောင်းသားများ ကိုယ်တိုင် အစစ အရာရာ ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း၊ နယ်များ ရွာများက ဘုန်းတော်ကြီးကျောင်းများက ကျောင်းထိုင်ဆရာတော်ကြီးများကိုယ်တိုင် မြို့ကြီးများသို့ စွန့်စားလာရောက်ပြီး နီးစပ်ရာ အလှူရှင်များကို ဆက်သွယ်ပြီး အလှူခံခြင်း၊ တယ်လီဖုံးများ ကြေးနန်းများသုံးပြီး မေးမြန်းစုံစမ်းခြင်းတို့ ပြုလုပ်နေကြသည်ကို တွေ့နေရကြောင်း အဆိုပါ စေတနာရှင်များက ပြောကြားသည်။

“သူတို့မှာ ၀ါဆိုပွဲတို့၊ ကထိန်ပွဲတို့ ဘာတို့ ညာတို့ ခေါင်းထဲ မထည့်အားပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ကျန်ရစ်တဲ့ ရွာသူရွာသားတွေကို စောင့်ရှောက်ကာကွယ်နိုင်ဖို့အရေး စွန့်ပြီး လိုက်လံ ပြောဆိုနေကြရတယ်။ ကျနော်တို့လည်း ၀မ်းနည်းတာပေါ့။ သူတို့ဖုံးတွေဆက်တဲ့အခါ – တကာကြီး ဘုန်းကြီးကို မှတ်မိလား … ဘယ်ရွာကလေ … ဘယ် လဆန်းတုန်းက ဘယ်ရွာမှာ တကာကြီးတို့ လှူခဲ့တဲ့ကျောင်းလေ လို့ သူတို့က အားနာနာနဲ့ ပြောနေကြတာကို ကြားရတော့ စိတ်မကောင်းဘူး။ ရွာသူ ရွာသားတွေဆိုတာကလည်း အများကြီး လိုချင်တာ မဟုတ်ပါဘူး။ တယောက်လက်ထဲ ငွေလေး ၅ ထောင်၊ ၁ သောင်းလောက် ရရင်ကို လက်တွေက တဆတ်ဆတ် တုန်နေကြတာ။”

“နိုင်ငံတကာအဖွဲ့တွေက လာကူကြတာက စာရိတ်လိုသေးတယ်။ သူတို့ နေဖို့၊ ထိုင်ဖို့၊ လုပ်အားခတွေ၊ ကားတွေ အိမ်တွေ စသည်ဖြင့်။ ဘုန်းကြီးတွေက မော်တော်စီးတာတောင် အလှူခံပြီး စီးလာကြတာ။ ဘုန်းကြီးကျောင်းက ပရိသတ်ဆိုတာက လုပ်အားလှူတဲ့လူတွေချည်းပဲ။ ကလေးတွေ သက်ကြီးရွယ်အိုတွေလည်း ကျောင်းမှာ စောင့်ရှောက်ထားသေးတယ်။ အဖွဲ့ကြီးတွေက သူတို့ရဲ့ ပေါ်လစီတွေထဲမှာ ဘုန်းကြီးကျောင်းတွေကို အားပေးကူညီဖို့ ထည့်ထားသင့်တယ်။ သူတို့တောင် စာရိတ်သက်သာအုံးမယ် ထင်တယ်။”

ဟု နယ်တွင် လုပ်အားအလှူပေးနေသည့် စေတရှင်တဦးက ပြောကြားသည်။ ထိုသူတို့ကတော့ ပိုက်ဆံငွေကြေး မတတ်နိုင်သဖြင့် အလှူရှင်အဖွဲ့များနှင့် ဘုန်းကြီးအဖွဲ့များနောက်သို့ ကိုယ့်စာရိတ်ကိုယ်စိုက်ပြီး လုပ်အားအလှူလိုက်ပေးနေသူများဖြစ်သည်။

” ဘီအမ်တစီး ဆန်အိတ်အပြည့်ဆိုရင် ကျနော်တို့ကတော့ လိုက်ကူဖို့ အဆင်သင့်ပဲ။ တင်တာ ချတာက သက်သာတဲ့အလုပ်မဟုတ်ဘူးလေ။ တခါတလေ ဘုန်းကြီးတွေကိုယ်တိုင် ဆန်အိတ်ထမ်းနေတာ။ ကျနော်တို့ ကင်မရာတွေကို မသယ်ရတော့ မှတ်တမ်းလည်းမရှိဘူး။ ကိုဇာဂနာလို လူမျိုးရှိလို့ကတော့ သူ့စကားတခွန်းဆိုရင် ခုချိန် ခရီးအတော်ပေါက်နေလောက်ပြီပေါ့”

ဟု သူတို့က မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts