>follow-up news – 8

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၈
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၉၊ ၂၀၀၈

ဗိုလ်ချုပ်ကြီးများက ကုလသမဂ္ဂကို နားရွက်တံတွေးဆွတ် (Reuters)
မြန်မာစစ်အစိုးရက ကုလသမဂ္ဂ၏ လေယာဉ်နှစ်စီးတိုက် ရိက္ခာများကို ရန်ကုန်လေဆိပ်တွင် ယနေ့ သိမ်းပိုက်လိုက်သည်။ ပြည်ပအကူအညီများကို တင်းခံနေသည့် စစ်အစိုးရကို ပိုမိုဒေါသထွက်လာကြမည်ဟု ကုလအရာရှိများကဆိုသည်။
“စစ်အစိုးရထံမှ အာမခံချက်များ ရရှိချိန်အထိ ကယ်ဆယ်ရေးစီမံကိန်းများကို ဆိုင်းငံ့ထားမည်” ဟု ဒေါသထွက်နေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဒေသဆိုင်ရာ ညွန်မှူး Tony Banburyက ဆိုသည်။ “ရိက္ခာတွေဆိုတာ ကုန်တင်ကားတွေထည့်ပြီး ဒုက္ခသည်တွေဆီ သွားနေရမှာ။ ခုတော့ ခင်ဗျား ကြည့်ပါဦး၊ ရိက္ခာတွေကို ဒီအတိုင်း ပုံထားတယ်။”
အသိမ်းခံရသည့် ရိက္ခာ ၃၈ တန်မှာ အင်အားဖြည့် ဘီစကွတ်မုန့်များဖြစ်သည်။ ဒုက္ခသည် ကိုးသောင်းခွဲအတွက် လုံလောက်သည့်ရိက္ခာဟု ဆိုသည်။

ယိုးဒယားပွဲစား နေပြည်တော်ခရီးစဉ်ပျက် (Reuters)
မြန်မာပြည်သို့သွားရောက်မည့်ခရီးစဉ်ကိုဖျက်သိမ်းလိုက်ပြီဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။ ခရီးစဉ်ကို တရားဝင်ကြေညာပြီး နာရီပိုင်းအတွင်း ထိုသို့ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
“မနေ့တုန်းကတော့ သူတို့ ကျုပ်ကိုပြောသဗျာ၊ လာမယ့်ဆန်းဒေးမှာ ဗိုလ်ချုပ်သိန်းစိန်က ကျုပ်နဲ့တွေ့ဖို့အဆင်ပြေတယ် တဲ့။” ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
“ဒီနေ့တော့ သူတို့က ပြောလိုက်ပြီလေ၊ တခြားနိုင်ငံက ကယ်ဆယ်ကူညီရေးဝန်ထမ်းတွေကို အ၀င်မခံဘူး တဲ့။ အဲဒီတော့ ကျုပ် အဲဒီကို သွားစရာမလိုတော့ဘူး။

ကူညီခွင့်ရရေးအတွက် ယိုးဒယားပွဲစားလာမည် (Reuters သတင်းဌာန)
ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံသို့သွားရောက်မည်ဟု ယနေ့ပြောကြားလိုက်သည်။ ဗြိတိန် နှင့် အမေရိကန်သံအရာရှိများက အနောက်နိုင်ငံမှအကူအညီလမ်းကြောင်း ဖွင့်ပေးရေးအတွက် စစ်ခေါင်းဆောင်များကို နားချပြောဆိုရန် ၎င်းအား တိုက်တွန်းခဲ့ပြီးနောက် ထိုသို့ကြေညာလိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၏အဆိုအရ လူ တစ်သန်းခွဲခန့်မှာ မုန်တိုင်းကြောင့် ဒုက္ခ အကြီးအကျယ်ရောက်နေသည်။ လူတစ်သိန်းခန့်အထိ သေဆုံးခဲ့ပြီးကြောင်း ယူဆနေကြသည်။
“သူတို့နဲ့ (မြန်မာစစ်ခေါင်းဆောင်များနဲ့) ကျုပ် အဆက်အသွယ်ရပြီးပြီ။ တနင်္ဂနွေနေ့မှာ သူတို့နဲ့တွေ့မယ်” ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
(နံနက် ၁၁း၄၅)

ခြံစည်းရိုးနားမှာ စောင့်နေပါ (APသတင်းဌာန)
“ကူမယ် လှူမယ်ဆိုရင် လာကြစမ်းပါဗျာ။ ထိုင်းနိုင်ငံကို အရင်သွား၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပုံထားလိုက်။ ဖြန့်ဝေခွင့်ရအောင် အဲဒီမှာ ထိုင်စောင့်” ဟု အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဆိုသည်။
(နံနက် ၁၁း၄၅)

လေယာဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ချပေးမလား (RFA မြန်မာပိုင်း)
အမေရိကန်အစိုးရရဲ့ အကူအညီပေးရေးဌာနဖြစ်တဲ့ နယ်ဝေးရပ်ခြား ဘေးဒုက္ခ ကူညီရေး ညွှန်မှူး Ky Luu က မြန်မာပြည် မုန်တိုင်းခံရတဲ့ ပြည်သူတွေကို အကူအညီပေးရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုရင် အစားအစာ၊ သောက်ရေ စတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လေယာဉ်နဲ့သွားပြီး ပစ်ချပေးမယ်ဆိုတာ တကယ်တမ်း လုပ်လို့ရနိုင်မရနိုင် ဆိုတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးတဲ့အခါမှာ
ဝင်ခွင့်ရမယ်ဆိုရင် သမားရိုးကျနည်းအတိုင်း ဆောင်ရွက်သွားမှာပါ။ တကယ်လို့ ဒီနည်းလမ်းအတိုင်း မဖြစ်နိုင်လို့ လေယာဉ်ပျံတွေနဲ့ သွားပြီး ကျဲချရမယ်ဆိုရင်လည်း ခွင့်ပြုတဲ့နည်းအတိုင်း ဆောင်ရွက်ရမှာပါပဲ။ ပြင်သစ်နဲ့ အခြားနိုင်ငံတွေကတော့ လေ့လာပြောဆိုနေကြတယ် လို့ သူက ဆိုပါတယ်။
(နံနက် ၇း၀၀)

နိုင်ငံခြားသားကျွမ်းကျင်သူများ မ၀င်ရ (AFPသတင်းဌာန)
ပြည်ပမှ ကယ်ဆယ်ကူညီရေးအဖွဲ့များ လက်ခံမည်မဟုတ်ဟု မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားကြောင်း ယနေ့ သောကြာနေ့ထုတ် အစိုးရသတင်းစာတွင် ရေးသားထားသည်။ ကယ်ဆယ်ရေးဝန်ထမ်းအချို့ကိုလည်း ပြန်လည်နှင်ထုတ်ခဲ့သည်ဟု ဆိုသည်။
ပြည်ပမှ ကူညီကယ်ဆယ်ရေးအသင်းများ၊ စာနယ်ဇင်းသမားများကို လက်ခံခြင်းမပြုသေးပါဟု ဖော်ပြထားသည်။ အစိုးရက ကူညီမှုငွေသား နှင့် ပစ္စည်းကိုသာ လက်ခံမည်ဟု ဆိုသည်။
မုန်တိုင်းဒဏ်ခံနေရသူများအတွက် အစိုးရက အစွမ်းကုန် ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတကာကို အသိပေးလိုသည်၊ ယခုအချိန်အထိ နိုင်ငံတကာမှ လေယာဉ် ၁၁ စီးစာ ထောက်ပံ့ရေးပစ္စည်းများ ရန်ကုန်သို့ ရောက်ရှိပြီးဖြစ်သည်၊ အစိုးရက ထိုထောက်ပံ့မှုများကို လေဘေးဒဏ်ခံရသူများလက်ထဲသို့ အချိန်မီရောက်ရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည် စသဖြင့် ဖော်ပြထားသည်။
(နံနက် ၉း၄၅)

ကုလအကြီးအကဲ ပြောပြီ (AP သတင်းဌာန)
“အချိန်တွေထပ်ပုပ်ဦးမယ်ဆိုရင် လူအများကြီးထပ်သေဦးမယ်၊ ပြီးတော့ ကူးစက်ရောဂါ ပျံ့နှံ့မှာကိုလည်း ကျနော်စိုးရိမ်တယ်။” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောလိုက်သည်။ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းရန်လည်း တိုက်တွန်းလိုက်သည်။ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်လည်း စစ်အစိုးရအနေဖြင့် အကူအညီပေးရေး ကျွမ်းကျင်လုပ်သားများကို မြန်မာပြည်အတွင်းသို့ ၀င်ခွင့်ပြုသင့်သည်၊ သို့မှသာ ဒုက္ခတွေ့နေသူများထံ လိုအပ်သည့် အစာရေစာနှင့် အထောက်အပံ့များ အမြန်ရောက်နိုင်မည်ဟု ပြောလိုက်သည်။
(မြန်မာစံတော်ချိန် နံနက် ၇း၃၀)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts