>NYC Burmese marked 8888 – 23 Year event with protest at the Junta’s Consul

>

 နယူးယောက်မြန်မာဒီမိုကရေစီအင်အားစုများက ၈လေးလုံး ၂၃နှစ် ဆန္ဒပြ
မိုးမခအထောက်တော်၊ နယူးယောက်၊ သြဂုတ် ၈၊ ၂၀၁၁
၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ ၊ နေလည် (၂)နာရီတွင်၊ နယူးယောက်မြို့၊ မက်ဟတ်တန် အရပ်ရှိ စစ်အာဏာပိုင်တို့၏ ကောင်စစ်ဝန်ရုံးရှေ့၌ နယူးယောက်ဒီမိုကရက်စီအင်အားစုများ စုပေါင်း၍ (၂၃) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနှစ်လည်အထိမ်းအမှတ်ဆန္ဒပြပွဲ အခမ်းအနားတရပ်ကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ မျိုးဆက်သစ်လူငယ်အများအပြား အပါအဝင် အင်အား(၁ဝဝ) ခန့် တက်ရောက် ပါဝင်ဆင်နွဲခဲ့ကြပါသည်။
အခမ်းအနားမှူးအဖြစ် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ကိုနေတင်မြင့်မှ ဆောင်ရွက်ကာ အလေးပြုခြင်း (၃)ရပ်ဖြင့် စတင်ဖွစ်လှစ်ပြီး၊ ဤ၂၃နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြပွဲ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်နှင့် ရှစ်လေးလုံးသမိုင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
 ဆက်လက်၍ ၈၈မျိုးဆက် စက်မှုကျောင်းသား ကိုရင်အေး၊ ၈၈မျိုးဆက်  ကျောင်းသားကိုရဲထွဋ်၊  ၈၈မျိုးဆက် ကျောင်းသား ကိုဇော်လင်းကျော်၊ ရွှေဝါရောင် သံဃာတော်တပါးဖြစ်သူ မဂ္ဂင်ဆရာတော် ဦးပညာဇောတ၊ ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ခန့်၊ ၈၈ မျိုးဆက် လူငယ် ကိုမိုးချမ်း နှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုကျော်မြထူးတို့မှ ရှစ်လေးလုံးလှုပ်ရှားမှုတိုက်ပွဲ အဆုံးသတ်ရေး၊ အထွေထွေလူထုလှုပ်ရှားမှုသစ် ပေါ်ပေါက်ရေး၊ ရှစ်လးလုံးစိတ်ဓါတ်၊ ရှစ်လေးလုံးကဗျာ၊ ရှစ်လေးလုံးကိုယ်တွေ့ဖြတ်သန်းခဲ့မှု၊ ကျောင်းသားသမဂ္ဂနှင့် ရှစ်လေးလုံးလှုပ်ရှားမှုတို့ကို ဟောပြောဆွေးနွေးကြသည်။
တက်ရောက်လာခဲ့ကြသော နယူးယောက်ဒီမိုကရက်စီအင်အားစုများကလည်း စစ်အာဏာ ရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး ကြွေးကြော်သံများ၊ ခေတ်သစ်ကမ္ဘာမကြေသီချင်း၊ ကျောင်းသားသမဂ္ဂသီချင်း၊ သွေးစည်းညီညွတ်ရေးသီချင်းဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။
ထိုကဲ့သို့ ဆန္ဒပြတောင်းဆိုသူများသည် ရှစ်လေးလုံးအမှတ်တရ တီရှပ်အင်္ကျီများ ဆင်တူဝတ်ဆင်ကာ ရှစ်လေးလုံးအမှတ်တရလက်ကမ်းပိုစတာများ ကိုင်ဆောင်ထားကြသည်။ ထိုရှစ်လေးလုံးအမှတ်တရတီရှပ်အင်္ကျီများနှင့် လက်ကမ်းပိုစတာများကို ၈၈မျိုးဆက်ကျောင်းသား ပန်းချီဒီဇိုင်းဆရာ ကိုမျိုးမှ ၄င်း၏ချွေးနဲစာဖြင့် အခမဲ့ စိုက်ထုတ်ဝေငှခဲ့သည်။
ညနေ(၄)နာရီတွင် ရှစ်လေးလုံး ဦးတည်ချက်များ အောင်မြင်အဆုံးသတ်နိုင်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ အာဏာရှင်လက်သစ် သိန်းစိန်စစ်အုပ်စုကို တိုက်ဖျက်ပစ်ရေး၊ စစ်အုပ်စုလက်ပါးစေများကို ဒဏ်ခတ်ရေး၊ တိုက်ပွဲဝင်တိုင်းရင်းသားအင်အားစုများကို ထောက်ခံကြရေး၊ အထွေထွေလူထု တိုက်ပွဲဖော်ဆောင်ကြရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေး ကြွေးကြော်သံများဖြင့် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။