>
အော်ရီဂွန်ပြည်ရောက် မြန်မာတိုင်းရင်းသားတို့ ၈လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ
မိုးမခအထောက်တော် အော်ရီဂွန်၊ သြဂုတ် ၈၊ ၂၀၁၁
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် မြန်မာ့ဒီမိုကရေစီအင်အာစုများမှ (၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအခမ်းအနားကို ပေါ့လန်းမြို့မှာ ကျင်းပခဲ့ကြပြီး စုစုပေါင်းလူဦးရေ (၂၀၀) ခန့်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ ABSDF ရဲဘော်ဟောင်းများ၊ NLD ပါတီဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ ကရင်၊ ကရင်နီ၊ မွန်၊ ဇိုမီး၊ ကချင် နှင့် အခြားသော အမေရိကန်မိတ်ဆွေများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာဝင်တို့၏ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် သံဃာတော်တို့အား နေ့လည်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်းအပေါင်းတို့အတွက်ရည်စူးလျှက် ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။
အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး အင်အားစုအသီးသီးက ကိုယ်စားလှယ်များမှ ရှစ်လေးလုံးအတွေ့အကြုံနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲု့ကြပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများ (အော်ရီဂွန်ပြည်နယ်) ၏ ထုတ်ပြန်ကြေငြာချက် ကိုလည်း တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။
၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဦးသိန်းစိန်အစိုးရအနေဖြင့် ယ္ခုလက်ရှိအခြေအနေများကို မှန်ကန်စွာတွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အင်အားစုအသီးသီး ပါဝင်သော တတိုင်းတပြည်လုံးဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဆောင်ရွက်သင့်ကြောင်း သိုမဟုတ်ဘဲ ယ္ခင်စစ်အုပ်စုဟောင်းခေတ်ကလို လိမ်နည်း။ လှည့်နည်း၊ အချိန်ဆွဲနည်းများ ကျင့်သုံးပြီး အဆုံးတွင် အကြမ်းဖက်ဖြေရှင်းနည်းကိုသာ သုံးပါက ပိုမိုဆိုးဝါးလှသော သမိုင်းနိဂုံးချုပ်ခြင်းများကိုသာ ဦးသိန်းစိန်အစိုးရအနေဖြင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ရေးသား တောင်းဆိုထားပါသည်။















