>Pe Nyunt Wai is ready for his 5th solo show

>

ဖေညွန့်ဝေ၏ ၅ ကြိမ်မြောက် တကိုယ်တော် ပြပွဲ ဇင်းမယ်တွင် ပြုလုပ်မည်
မိုးမခအထောက်တော်၊ ချင်းမိုင်
အောက်တိုဘာ ၁၃၊ ၂၀၁၀ဖေညွန့်ဝေ နှင့် သုဝဏ္ဏဘူမိ ပြခန်း မှ သူ၏ ပုဂံကားများ (ဓာတ်ပုံ-မိုးမခ)


ပန်းချီဆရာ ဖေညွန့်ဝေက သူ၏ ၅ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံတွင် ရက်ပိုင်းအတွင်း ပြသရန် အဆင်သင့် ဖြစ်နေသည်။

၃ ပတ်ကြာ ပြုလုပ်မည့် သူ၏ ပြပွဲနေရာမှာ မြန်မာ့ပန်းချီ အများအပြား တွေ့နိုင်သည့် ချင်းမိုင် (ဇင်းမယ်) မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်း ဖြစ်သည်။ လာမည့် စနေနေ့ (အောက်တိုဘာ ၁၆) ည ၆နာရီတွင် ဖွင့်ပွဲ ကျင်းပရန် စီစဉ်ထားသည်။

“Bagan Drawing” ဟု အမည်ပေးထားသည့် ပြပွဲတွင် ရှေးဟောင်းမြို့ ပုဂံ၏ ရှုခင်း နှင့် စေတီပုထိုးများကို အဓိကထား ဆွဲထားသည့် ပန်းချီကား ၃၀ ခန့် ပါဝင်မည်ဟု ဖေညွန့်ဝေက ပြောသည်။ ထိုအထဲတွင် ရောင်းချပြီး ပန်းချီကားတချို့လည်း ပါဝင်သည်ဟု ဆိုသည်။

ယခင်က ဖေညွန့်ဝေ၏ တကိုယ်တော် ပန်းချီပြပွဲ ၄ ခုကို မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ပြည်ပထွက်ပြီး ပန်းချီပြပွဲ ပြုလုပ်ခြင်းဖြင့် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု သမိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြသနိုင်မည်ဟု ပန်းချီဆရာ ဖေညွန့်ဝေက ပြောသည်။

ဆရာဖေညွန့်ဝေသည် ရန်ကုန်မှ အထင်ကရ လောကနတ်ပန်းချီပြခန်း တည်ထောင်သူများထဲတွင် ပါဝင်သည်။

၁၉၅၂ ခုနှစ်ဖွား၊ ရေနံချောင်းဇာတိ၊ မန္တလေးပန်းချီကျောင်းဆင်း ဖေညွန့်ဝေ၏ ဆရာများမှာ ထင်ရှားသည့် ပန်းချီကျော်များ ဖြစ်သော ၀င်းဖေ၊ ပေါ်ဦးသက် တို့ ဖြစ်သည်။