>
မင်္ဂလာနှင့် နိုင်ငံရေး ၉
မောင်လူရေး
အောက်တိုဘာ ၁၄၊ ၂၀၁၀
အနာကုလာစ ကမ္မ န္တာ ဧတံ မင်္ဂလမုတ္တမံ
အလုပ်ကို အပြစ်ကင်းအောင်၊ တနည်း အညစ်ရှင်းအောင်လုပ်သည့်မင်္ဂလာ ။
ဝေ့လည်ပတ်ရစ် ကောက်ကျစ်လိမ်ဖယ်မှုမရှိခြင်း၊ ရူးချင်ရောင်မဆောင်ခြင်း၊ အခြေအနေ အချိန်အခါကိုသိခြင်း၊ ရိတွဲ့ ဖင့်နှေး ကြန့်ကြာ ပျင်းစရာကောင်းအောင်မလုပ်ခြင်း၊ ဒယ်အိုးဖုံးရောင်ရောင် စလောင်းရောင်ရောင်၊ သူခိုး လိုလို သမက်လိုလို၊ အိုးလိုလို ခွက်လိုလိုမလုပ်ခြင်း၊ တိတိကျကျဆိုရပါမူ ယခုလိုယုတ်ပတ် ဆုပ်ကပ်ဆိုသည့် မဟုတ်မဟပ်ကာလ၌ပေါ်ထွန်းသော ဤဖွဲ့စည်းပုံအခြေခံဥပဒေ ဘုတ်အုပ်ကြီးလို ရှုတ်ရှုတ်ခတ်ခတ်ချုပ်တို့ဇာတ် မလုပ်သဟာ အနာကုလ ကမ္မန္တမင်္ဂလာဟူလို ။
ကိုယ့်နိုင်ငံ ကိုယ့်အရေးမို့ ဖွဲ့စည်းပုံလေးအကြောင်း အနည်းငယ်မျှ သည်းခံရှုကြပါကုန်။
”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး” ဟူ၏၊
အလွန်အားကောင်းသော ထွားကျိုင်းသော အခြေခံဖောင်ဒေးရှင်းကြီးပေတည်း ။ ခန့်ညား၏၊ သပ်ယပ်၏၊ ထည်ဝါ၏၊ ကြည်ညိုဘွယ် ကောင်း၏၊ သို့သော် မည်သည့်အရာ ချောတောငေါ့နေမှန်း မသိ၊ တခုခုတော့ ငေါ့နေသည်ပင်၊ ဟို မိတ်ကပ်လိမ်းထားသည့် အိမ်နိမ့်စံ ဗိုလ်ချုပ်ရင့်မကြီး မျက်နှာကို TV မှာ မြင်ရသလိုမျိုးပေတည်း ။
၎င်းထောက်ချုပ်လေးတို့ တသိုက်လုံး ဤမင်္ဂလာလွန်စွာချို့တဲ့သူများဖြစ်ကြလေ၏၊ ဖြစ်သမျှနိုင်ငံရေးအရှုပ်တွေ သူရို့လုပ်ခဲ့သည်ဟုပင် ဆိုကြလေသည်။ ခုတော့သူ့အရှုပ်ထဲမှာ သားမြေးတစ်စုပါ မြုပ်သွားလေပြီထင်သည်။ ကလေးတွေ ကျောင်းမှနေကြရရဲ့လားမသိ။ အော် အနိစ္စ၊ အနိစ္စ။ (ဤကား စကားချပ်)
ဘဇာနည်း ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်”၊ ပသို့ဆိုချေပါလိမ့် ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ”၊ ဘာ့နှယ်လိုဟာကြီးကို ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီ” ခေါ်ပေ သနည်း၊ စဉ်းသာစဉ်း၏၊ မရှင်းပေ၊ စားသာစား၏၊ မခြားပေ။ အောက်ပါစာပိုဒ်အရောက်မှာမှ ပေါက်သွားရပေတော့သည် ။
ရှုလော့ အဆွေ၊ အဆွေ ရှုလော့ –
” ပြည်ထောင်စုလွတ်တော်၊ တိုင်းဒေသကြီးလွတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည် ” ဟူသတတ် ။
အော် ” စစ်မှန်၍ စည်းကမ်းပြည့်ဝသော တပ်မတော်ပါတီ ” နှင့်မှ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဆိုသဟာကြီး ဖြစ်သွားတော့ပေသကိုး ။ စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီဆိုသဟာကိုလည်း ရွေးကောက်ပွဲ မဝင်ဘဲ အမတ်ဖြစ်ခွင့်ရှိသည့်ပါတီ ဟု ပေါက်သွားရပေတော့သည် ။
နောက်ထပ် ဆူးလှည်းနှင့်ကောက်ရိုးပုံ ဆုံကြသည့် စာပိုဒ်တွေ့ပြန်သည် ။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်ထွန်းကားရေးဟူသော ဖေါင်ဒေးရှင်းကြီးကို အားသွန်ခွန်စိုက်ချပြီးခါမှ
” နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည် ” ဟူ၏၊
တနေရာတွင်မတော့ ” နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည် ” အူလိုက်ပြန်၏။
ပသို့ဆိုချင်လေမှန်းကိုမသိတတ် နိုင်ပါဘိချေလတည်း။
နိုင်ငံတော်ကပြောလေသည့် နိုင်ငံဝန်ထမ်းဆိုသည် ပသို့သောသူမျိုးကို ဆိုလိုပေသနည်း။ စဉ်းစားဘွယ်များစွ၊ ယခုပြည်တိုင်ချိုးပါတီကို ဦးဆောင်နေသော နေမျိုးဗလသိန်းစိန်စသော စစ်သရဲကောင်းအဟောင်း ဝန်အပေါင်း တို့သည် နိုင်ငံ့ဝန်ကိုမထမ်းကြမူ၍ ဘဇာ့ဝန်ကို ထမ်းနေကြဘိသနည်း၊ အခြားဝန်လော၊ တပါးဝန်လော၊ မယားဝန်လော၊ သားဝန်လော၊ဆွေမျိုးတွေကို ပြင်ပမထားချင်သည့် သင်္ဂဟတရားဝန်လော၊ နိုင်ငံတော်သည် ကိုယ့်ဝန်ကို မထမ်းသူများကို ဝန်ရာထူးခန့်သလော၊ စားရေရိက္ခာပေးသလော၊ နသတ်ဝန်မဟုတ်မူ၍ သေးသေးတင်ဝံပင် ဖြစ်နေပေသလော။
“နိုင်ငံဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ“ဟု အတိ အလင်းဆိုထားချေရကား ပါတီနိုင်ငံရေးကြောင့် ပေါ်ပေါက်လာရသည့် လွှတ်တော်ထဲတွင် ပါတီကိုယ်စားလှယ်များနှင့် ဒူးတူပေါင်ဘက်လက်ချင်းယှက်ကာ ထိုင်ကြရမည့် တပ်မတော်သားနိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် မည်သို့ကင်းရှင်းအောင် နေကြ ရမည်နည်း။
နိုင်ငံ့ဝန်ထမ်းဖြစ်သော တပ်မတော်သားများသည် အမတ်မင်း၊ ဝန်ကြီး ဝန်လေး၊ သမ္မတ စသည်ဖြစ်ခွင့်ရှိ၍ နိုင်ငံ့ဝန်ထမ်းဖြစ်သော အခြားတပါးသားများသည် သာမန်စာရေးစာချီသာ ဖြစ်ရတော့ မည်လော။ ဘယ့်နှာကြောင့် သူရို့မှ ချွင်းချက်ဖြင့် ယွင်းကွက်ရလေဘိသနည်း။
မသိမေး မစင်ဆေးဆိုသည့်စကားအားလျော်ညီစွာ ဆက်ဆေးပရစေဦး။
“နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှမှု အခွင့်အရေးရရှိစေရ မည်”
“နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ”၊
နိုင်ငံတော်သီချင်း၌လည်း “တရားမျှတလွတ်လပ်ခြင်းနှင့်မသွေ တို့ပြည် တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ” ဟု ဆိုထားချေသည် မဟုတ်တုံလော။
ပါတီနီုင်ငံရေးနှင့် ကင်းရှင်းရမည်ဆိုပြီး ဝန်ထမ်းများကို ဘဇာ့ကြောင့် မဲပေးခိုင်းရသနည်း၊ မဲပေးရမည်ဆိုလျှင် ပါတီတစ်ခုခုကို အသေအချာလေ့လာရတော့မည်၊ ပြီးလျှင် ကြိုက်နှစ်သက်ရတော့မည်၊ ပြီးလျှင် မဲပေးရတော့မည်၊ မဲထည့်လိုက်သည်နှင့်တပြိုင်နက်တည်းမှာပင် ပါတီနိုင်ငံရေးနှင့် အတိအလင်းငြိကပ်ထိစပ် လေရကား အခြေခံဥပဒေကြီးကို တံတွေးဆွတ်ရာ ရောက်ပေတော့သည်မဟုတ်တုံလော။
ပါတီနိုင်ငံရေးသည် ဘဇာဖြစ်နေ၍ ဝန်ထမ်းများအား ကင်းရှင်းခိုင်းရပါသနည်း ။ထိလျှင် ပူနိုင်သလော၊ သိလျှင် ဒူနိုင်သလော၊ ဝန်ကြီးများကတော့ ဆီသည်မ လက်သုတ်ဖတ်ဘဲ ဆက်ယုတ်ပတ်ကြ သို့မဟုတ် မဲသထက်မညစ်တော့ပါဘူးထင်ပြီး ပါတီထောင်ခိုင်းလေသလား။ မေးဘွယ်များစွ၊မေးက မောဘွယ်သာတည်း။
ယခု နိုင်ငံတော်က ပါတီများကို အသံလွှင့်ပေးတော့မည်ဖြစ်ရာ နိုင်ငံဝန်ထမ်းများနားထောင်မိလျှင် အလုပ်ပြုတ် ထောင်ကျနိုင်သလော၊ ပါတီနိုင်ငံရေးသမားများကို အသံလွင့်ရန် လာလှည့်ကုန်ဟု ပါးရက်နားရက်လုပ်လေ သည့် ပြန်ကြားရေးဝန်ကြီးနှင့် ဝန်ထမ်းအချို့ကို နှစ်ရှည်ထောင်ဒဏ်မည်မျှချမည်နည်း၊ ဆက်စဉ်းစားလေ ပိုရှုပ်လေဖြစ်တော့မည်။
မဟုတ်မဟတ် မဟန် မဟားဒယား အယုတ်အပတ် အကြံပသား နယား မင်္ဂလာနှင့် ပြည့်စုံသောဘုတ်အုပ်ကြီးပါပေ ဟုသာ မှတ်ကြလေကုန်။
ပါတီနိုင်ငံရေးနှင့် မတတ်သာ၍ ခပ်ခွာခွာလေးနေရှာကြရမည့် နိုင်ငံ့ဝန်ထမ်းလေးများကား အလွန်မှ သနားစရာ ကောင်းလှဘိချေတော့သည်။
ပါတီစုံဒီမိုကရေစီခေတ်ကြီး တခု ရောက်လာဘို့ဆိုသည်ကား မလွယ်ရေးချ အလွန် “ဒစ်ဖစ်ကတ်လထ” ပါတည်း။ ကပ်ကြီး တမျှ ကြာချေ၏ ။
ဟိုး ရှေးလွန်လေပြီးသော ၁၉၉ဝ အခါက ပါတီစုံဒီမိုကရေစီခေတ်ကြီး တစ်ခေတ် ဖြစ်ခဲ့ဘူးသည် ။ ၎င်းကို ပါတီစုံဒီမိုကရေစီခေတ် ခေတ်ကြိုပါတီစုံဒီမိုကရေစီခေတ်ဟု သမိုင်းဆရာတို့ ဆိုလေသည် ။
ရှုပ်သွားရင် သည်းခံပါ ။ ဖွဲ့စည်းပုံစာအုပ်ဖတ်ရင်းရေး ရသည့်အတွက် …
” နိုင်ငံတော်၏မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့် အတိုင်းဖြစ်သည် ”
” နိုင်ငံတော်သည် ဥပဒေပြုရာတွင်လည်းကောင်း၊ အုပ်ချုပ်ရာတွင်လည်းကောင်း နိုင်ငံတော်အခြေခံမူများနှင့်အညီ အလေးဂရုပြုဆောင်ရွက်ရမည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့် မရှိစေရ ”
ဟူလေသည့် အရေးအသားမျိုးတွေ မရှင်း၍ ထပ်ထပ်ဖတ်ရင်း သွေးထဲစီးဝင် နေပြီဖြစ်သောကြောင့်လတည်း ။(ဤကား စကားချပ်)
အနှီပါတီစုံဟောင်းကြီးသည် ယခုပါတီစုံသစ်ကြီးကို ကြိုရုံသာဖြစ်ခဲ့ရကား တတိုင်းပြည်လုံး ယူကျုံးမရ ယခုတိုင် အပူလုံးဆက်တိုက်ကြွနေရပေသေးသည် ။ ၎င်း ပါတီစုံဒီမိုကရေစီဟောင်း ရွေးကောက်ပွဲကြီးသည် သူ့ခေတ် သူ့အခါက နိုင်ငံတော်တာဝန်ကြီး လေးရပ်၏ အပြီးသတ်ပန်းတိုင်ဟု နှစ်နှစ်ကြာမျှ နိုင်ငံတော်ကိုယ်တိုင်က တီဗွီ၊ ဗီဒီအို၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ထွက်သမျှမီဒီယာမှာ မပီကလာပီကလာနှင့် တီတီတာတာ ကြေငြာ ခဲ့ဘိလေသည်။ ထို့ကြောင့် အဲသည်ခေတ်အဲသည်ခါက မြန်မာနိုင်ငံတော်သားများသည် ကိုယ့်စိတ်ကြိုက်ရွေး ရွေးကောက်ရမည့် ရွေးကောက်ပွဲကြီးပြီးလျှင် ဒီမိုကရေစီလမင်းကြီးသာတော့မည် ။
ဒီမိုကရေစီလရောင် အောက်တွင် ကလေးများကလည်း ဖန်ခုန်တန်း၊ ထုတ်စီးတိုးတန်းကစားကြမည် ။
လူကြီးများကလည်း လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ကြမည်၊
ကုမ္မာရီအမျိုးသမီးလေးများကလည်း လသာတုန်း ဗိုင်းငင်ကာ လုလင်ပျို တို့နှင့် ဉာဏ်ရည်စမ်း ဖန်ရည်ကမ်းကြမည်၊
ကိုလူပျိုဖေါ်တသင်းလည်း ပလွေသံညှင်းနှင့် လွမ်းချင်းဖွဲ့သီ မေတ္တာရေးငင်ကြမည် စသည်စသည် ကိုယ်စီစိတ်ကူးနှင့် ပျော်မြူးခဲ့ကြသည် ။
သို့သော် ရွေးကောက်ပွဲကြီးကား အပြီးသတ်ပန်းတိုင်မဟုတ်မူ၍ အစမှတ်သာဖြစ်ခဲ့ရသည်။
ရွှေဝါပြည်တဝှမ်း ဘော်သာခွာငွေရည်ဆမ်း၍ အေးချမ်းကြည်မွေ့၊ ဂွမ်းဆီမတွေ့ကြချေသေးလေနှင့်၊ တာဝန်ကြီးလေးရပ် အစက ပြန်ပတ်ရဦးမည်၊ ဒို့တာဝန် အရေးသုံးပါးဆိုသဟာကရှိသေးသည်။
သို့မို့ကြောင့် ယခုရွေးကောက်ပွဲ ကြီးသည် နောင် သက္ကရာဇ်ပေါင်း နှစ်ထောင်ကျော် တဆယ် စွန်းလေသည့် ခေတ်ကြီးတခေတ် ရောက်ပါမှသာ ပေါ်ပေါက်လာတော့မည့် မဟာရွေးကောက်ပွဲတော်ကြီးအတွက် အကြို ရီဟာဇယ်ဖြစ်ချေတော့မည်ဆိုပြီး သကာလ နိုင်ငံတော်သည် သူ့ပြည်သူကို အလွန်တထောင်မှပင် ဝမ်းနည်းကြေကွဲရကြောင်း ပြောခဲ့ပေ သေးလတည်း။
ယခု အနှီနှစ်ထောင်ကျော်တစ်ဆယ်စွန်းလေသည့်ခေတ်ကြီး နိုင်ငံတော့်ကံ ကိုယ့်ကံအားလျော်စွာ ရောက်လာ ခဲ့ပေပြီ၊ မိုးဦးကျဖားများလို ပါတီများ တအုံးအုံးအွမ်ကျလေပြီ၊ နိုင်ငံ့ဝန်ထမ်းတပ်မတော်သားဖားများကား အွမ်မဆုံး အုံးမဆုံး တပြုံးပြုံး၊ နိုင်ငံ့ဝန်ထမ်းတပ်မတော် မသား အခြားတပါးများကား တကုန်းကုန်းနှင့် နှစ်လုံးသုံး လုံးတွက်ရင်း “တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့တစ်တွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ” ဟုသာနိုင်ငံတော်သီချင်းကြီးကို “သမိုင်းတွေရှုပ် အရိုင်းတွေအုပ် ဘလိုင်းတွေလုပ် အဲဒီအရှုပ်ထဲ တိုင်းပြည်ကျ အဲဒီအရှုပ်ထဲ ဒို့တတွေကျ အဲဒီအရှုပ်ထဲ တပ်မတော်ကျ” ဟု ရက်ပင်းလိုက်ရင်း သံပုံးကိုထုပိမ့်ရင်း လှိမ့်ကာလှိမ့်ကာ သီဆိုကြကုန်ရာလတည်း ။
