ဟန်သစ်နိုင်
သြဂုတ် ၂၁၊ ၂၀၁၃
မြန်မာပြည် ဆက်သွယ်ရေးဈေးကွက်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခွင့် ရတော့မည့် အော်ရီဒူးမြန်မာ (Ooredoo) က မဝေးတော့သည့် အနာဂတ်တွင်
မိုဘိုင်းဖုန်းသုံးသူများသည် ငွေဖြည့်ကတ်အစား အီလက်ထရွန်နစ်စနစ်ဖြင့် ငွေဖြည့်သည့် နည်းလမ်းကို အသုံးပြုနိုင်မည်ဟု သြဂုတ် ၁၆ ရက်နေ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
အရည်အသွေးမြင့် ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ရှင်းလင်း ပြောကြားသော်လည်း ငွေဖြည့်မည့် နည်းလမ်းသစ်နှင့် ပတ်သက်ပြီး အော်ရီဒူးမြန်မာက အသေးစိတ် ရှင်းလင်းခြင်း မရှိချေ။
မြန်မာပြည်တွင် မိုဘိုင်းဖုန်းများအတွက် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ကျပ်ငါးထောင်တန် နှင့် တစ်သောင်းတန် ကြိုတင်ငွေဖြည့်ကတ်မျိုးစုံကို သုံးပြီး ငွေဖြည့်နေကြသည်။
အစိုးရက လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ နှစ်ခု၏ အမည်ကို ဇွန်လ ၂၇ ရက်နေ့က ကြေညာရာ ထိုအထဲတွင် အော်ရီဒူးမြန်မာလည်း တစ်ခု အပါအ၀င် ဖြစ်သည်။
အခြားကုမ္ပဏီမှာ တယ်လီနောမြန်မာ ဖြစ်သည်။
အော်ရီဒူးမြန်မာတွင် လိုအပ်သော ဝန်ထမ်းများ ရရှိရန် ဆောင်ရွက်လျက်ရှိသည်ဟု ကုမ္ပဏီ၏ အကြီးတန်းကိုယ်စားလှယ် အရာရှိဖြစ်သူ Mr. Ross Cormack က သတင်းထောက်များကို ပြောသည်။
ကာတာနိုင်ငံအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံ အများအပြားတွင် မိုဘိုင်းဖုန်း၊ မြန်နှုန်းမြင့်အင်တာနက် အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း အများအပြားကို လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။
အသေးစိတ် သိရှိလိုပါက မေးမြန်းရမည့်သူမှာ ဆက်သွယ်ရေးတာဝန်ခံဒါရိုက်တာ ဦးစိုးသူရ ဖြစ်ကြောင်း၊ ဖုန်းနံပါတ်များမှာ ဝ၉ ၄၃၁၆ ၈၄၆၈ နှင့် ဝ၁ ၅၁၂ ဝ၁၇ ဖြစ်ကြောင်း သိရသည်။