Memories Min Min Latt Portraits

Pathein Maung Sein Thu – Min Min Latt – 2

မင်းမင်းလတ်ရေ…… မင်းနဲ့ငါ့

ပုသိမ်မောင်စိမ်းသူ၊ သြဂုတ် ၂၂၊ ၂၀၁၃

(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈၊ တွင် မူရင်း ပုံနှိပ်ခဲ့သည်။ မိုးမခ က မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် (သြဂုတ်၊ ၂၂၊ ၂၀၁၃) နှစ်လည် အထိမ်းအမှတ် အမှတ်တရ ပြန်လည တင်ဆက်သည်။)

မောင်စိမ်းသူ (၁၉၄၂-၁၉၉၈)၊ မင်းမင်းလတ် (၁၉၄၈-၁၉၉၇)

ခေါင်းစဉ် ဓာတ်ပုံ – အလင်္ကာ၊ မျှဝေသူ – Doney MP

မောင်စိမ်းသူ ဓာတ်ပုံ – မျှဝေသူ နေမျိုးအောင်

မင်းမင်းလတ် ဓာတ်ပုံ – မျှဝေသူ ယမင်းကြိုင် (နေနေလှိုင်းဇင်) (မင်းမင်းလတ် ၏ ဇနီး)

မြတ်ခိုင်ရဲ့ “ရင်ခုန်သံ” မဂ္ဂဇင်းမှာ “မင်းမင်းလတ် သမိုင်း အပိုင်းအစများ” ဆိုတဲ့ ဆောင်းပါး တစောင် လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရေးပြီး ပုံနှိပ်စာလုံးနဲ့ ဖော်ပြပြီးပြီ။  အဲဒီတုန်းက အပိုင်း သုံးပိုင်းလား၊ နှစ်ပိုင်းလား၊ နှစ်လဆက်လား၊ သုံးလဆက်လား ကောင်းကောင်း မမှတ်မိပါဘူး။  အဲဒီတုန်းကတည်းက မင်းနဲ့ငါ ပတ်သက်သမျှ ငါ သွန်ချ ရေးပြီးခဲ့ပြီ အောက်မေ့တာ။

ခုတော့ ငါ ရေးရပြန်ပြီ၊ မရေးမဖြစ် ရေးရပြန်ပြီ။

ချစ်သော မင်းမင်းလတ်ရေ…..။

မင်းနဲ့ ပတ်သက်ပြီး တေးဂီတရာဇ၀င်နဲ့ ဘ၀ဇာတ်လမ်းကို မင်းကိုယ်တိုင် ရေးခဲ့တဲ့ “မင်းမင်းလတ်နဲ့ မင်းမင်းလတ်” စာအုပ်မှာ ပါခဲ့ပြီးပြီမို့ ငါဘာမှ ပြောဖို့ မလိုတော့ပါဘူး။  အခု ငါရေးမှာက မင်းနဲ့ ပတ်သက်ပြီး အများမသိသေးတဲ့ ငါခံစားရတာတွေ၊ မင်းနဲ့ငါနဲ့ အတူတကွ ပေါင်းသင်းခဲ့တဲ့ အချိန်ကာလ တချို့အကြောင်းလေးတွေကို ရေးမှာ ဖြစ်တယ်။

မင်းဘ၀ရဲ့ ပထမ အစတွေကို ထားတော့၊ မင်းနဲ့ငါ ပေါင်းသင်းခဲ့ကြတဲ့ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ ချစ်ခင်ရင်းနှီးခဲ့ကြတယ်။  တခါမှ ရန်မဖြစ်ခဲ့ကြဘူးနော်။  အရက်တူတူ သောက်ရင်လည်း အယူအဆ ဆွေးနွေးမှုတွေ မကွဲပြားခဲ့ကြဘူး မဟုတ်လား။  မြန်မာပိုင်း ရေဒီယိုသီချင်းတွေနဲ့ ပတ်သက်လို့ မင်းဘာမှ ငါ့ကို မဆွေးနွေးတတ်ခဲ့ သလို မင်းရဲ့ မင်းကျွမ်းကျင်တဲ့ နိုင်ငံခြားသီချင်းတွေနဲ့ ပတ်သက်ပြီး ငါ ၀င်မပြောတတ်တာမို့၊ မင်းနဲ့ငါဟာ ကိုယ့်စည်း ကိုယ်ခြားပြီး နေခဲ့ကြလို့ မင်းနဲ့ငါဟာ တယောက်နဲ့တယောက် ဘာပြဿနာမှ မရှိခဲ့ကြဘူး။

နှစ်ယောက်ပေါင်းမိကြတဲ့ အစ နှစ်ပေါင်း သုံးဆယ်ကာလ ရှေးဦးပိုင်းမှာ မင်းနဲ့ငါ နှစ်ယောက် တသက်ခွဲလို့မရမယ့် ဖြစ်စဉ်တခုက တို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ရောက်လာတယ်။ အဲဒါကတော့ စတီရီယို တေးသီချင်းဆိုတာပဲ။  မင်းက မင်းရဲ့ ငယ်သူငယ်ချင်း မျိုးညွန့် (စာပေလောက)ကို ပူဆာတယ်။  သီချင်းရေးတတ်တဲ့ လူတယောက်ရှာပေးစမ်းပါတဲ့။  မျိုးညွန့်က မင်းကို ငါ့ဆီခေါ်လာတယ်။ မင်းနဲ့ ငါနဲ့က မျိုးညွန့်နဲ့ ပတ်သက်ပြီး အစကတည်းက တွေ့ရှိသိနေပြီး ဖြစ်ပေမယ့် သီချင်းနဲ့ ပတ်သက်စရာ အကြောင်းမရှိဘူး။

သူက သီချင်းဆိုချင်လို့တဲ့ ဗျာ။  ခင်ဗျား သီချင်းရေးပေးလိုက်ပါ။  မျိုးညွန့်နဲ့ မင်းနဲ့ စကားတွေကြားမှာ ငါ မွန်းနစ်သွားတယ်။  ဒါဟာ မင်းနဲ့ ငါရဲ့ စတီရီယိုသီချင်းသမိုင်းရဲ့အစပဲ။  ငါ့ကို ခေါ်သွားတယ်။

မိုးမိုး (အင်းလျား) မဖြစ်သေးတဲ့ ဒေါ်စန်းစန်းနဲ့ မျိုးညွန့်တို့ရဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဟင်္သာတလမ်း နေအိမ်မှာ၊ အဲဒီမှာပဲ….။  အဲဒီနေအိမ်မှာပဲ တို့ စတီရီယိုတေးသီချင်း သမိုင်းအကြောင်းပြောရင် မပါမဖြစ်တဲ့ ‘အပေါ်ထပ်နဲ့အောက်ထပ်’ ဆိုတဲ့ သီချင်း အစပြု ဖြစ်ပေါ်လာခဲ့တယ် မဟုတ်လား။

တို့တွေ ‘အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း’ စီးရီး ရေးနေတုန်းအချိန်က အခု အလင်္ကာတေးဂီတဂျာနယ် အယ်ဒီတာလုပ်နေတဲ့ နေမျိုးညွန့်က လေးဖက်တွားသွား ကလေးလေးအရွယ်၊ တို့ သီချင်းရေးနေတဲ့ ဂစ်တာကို နေမျိုးညွန့်က လာတီးကြည့်ပြီး ကစားနေခဲ့တယ်။  ဒီတုန်းက သီချင်းရေးရတာ ကက်ဆက်မရှိသေးဘူးလေ။  ဂီတာတီးပြ၊ ပါးစပ်က ဆိုပြတာကို စာသားထည့်ရတာလေ။  သီချင်းတရက်ရေးပြီး နောက်နေ့ ဆက်ရေးဖို့ကျတော့ မင်းနဲ့အတူ ပီးယားပွန့်မော်ဂန်ဆိုတဲ့ ကပြားတယောက် ပါလာတယ်။

ကပြားကြီးက တို့ မြန်မာစာနဲ့စကား ကောင်းကောင်းမတတ်ဘူး။  ဟိုကောင့် မျက်လုံးက ငါ့ကိုကြည့်တာ ယိုင်နေတယ်။  နှာခေါင်းပေါ်မှာ ယင်ကောင် တကောင် လာထိုင်နေတယ်။  ဒီလိုပဲ မြန်မာလို (ကောင်းကောင်း) နားမလည်သူတယောက်နဲ့ မင်းနဲ့ငါ သီချင်းတွေ ဆက်ရေးလိုက်ကြတာ အပေါ်ထပ်နဲ့အောက်ထပ် ပထမစီးရီး ပြီးသွားခဲ့တယ်။

မင်းက ဘာလုပ်လုပ် သိပ်မြန်ချင်တဲ့ကောင်။  စီးရီးကို မြန်မြန်ရေး၊ မြန်မြန်သွင်း၊ မြန်မြန်လုပ်ချင်တယ်။  ငါ့မှာက စိမ်းရွှေရွှေအနံ့အသက်နဲ့ အကျွမ်းမ၀င်တဲ့ သံစဉ်တွေ၊ ငါက မြန်မာသံစဉ်လိုင်းက လာတဲ့ကောင်၊ ဘာမှ အဆင်မပြေဘူး ဆိုပေမယ့် အဆင်ပြေအောင် လုပ်လိုက်လို့ ဒီစီရီးဟာ ဘာပဲပြောပြော မင်းသမိုင်းမှာရော၊ ငါ့ရာဇ၀င်မှာပါ တို့နှစ်ယောက်ပေါင်း အဆင်ပြေသွားခဲ့တဲ့ စီးရီးလို့ ဆိုရမယ်။  တို့နှစ်ယောက်ရဲ့ အစဟာ မင်းကလည်း ယောင်ဝါးဝါး၊ ငါကလည်း ဦးဏှောက်တွေစားနဲ့ မင်းဘ၀ရပ်တည်နိုင်ခဲ့သလို ငါလည်း လမ်းဆက်လျှောက်လို့ ရခဲ့တယ်။

အခု မင်း အသက် ၄၉ နှစ်၊ ငါ့အသက် ၅၅ နှစ်၊ မင်း ၄၉ နှစ်မှာ လူ့လောကကို စွန့်ခွါသွားခဲ့ပြီ။  လောကကို စွန့်ခွါသွားရပေမယ့် မင်းက ဘ၀ဆိုတာတို့၊ လောကဆိုတာတို့ကို ဘာမှ အလေးအနက်ထား သတိမပြုသွားဘူး ဆိုတာကို မင်းမိန်းမ ကုလားမ သိသလို ငါလည်း သိတယ်။  လောကကြီးမှာ အသစ်အဆန်း၊ ထူးခြားဆန်းပြားတာတွေနဲ့ အစားအသောက်တွေကို တွေ့ရှိအောင် ရှာဖွေစားသောက်နေထိုင်ပြီး၊ လွန်မင်းစွာ မပူမပင် လှလှပပနေထိုင်လို့ လောကကြီးကို စွန့်ခွါသွားရတာဟာ မင်းအတွက်တော့ လောကကြီး တန်ပါလိမ့်မယ်နော်။

မင်းနဲ့ ငါနဲ့ မသိခင် အကျွမ်းမ၀င်ခင် အပိုင်းတွေ ငါ မသိဘူး။  ငါနဲ့ သိပြီးအပိုင်းတွေကစပြီး လေ့လာမိ သလောက် အားကြီး အစားအသောက်မက်တဲ့ အကောင်ပဲကွ။  ကိုယ်အကောင်း ကြိုက်တတ်သလို သူများကိုလည်း အကောင်းပဲ စားစေချင်တယ်။  အစားအသောက်နဲ့ ပတ်သက်ပြီး သူများကို ကိုယ်နဲ့ ကိုယ်ချင်းစာပြီး ကိုယ့်လိုပဲ စားသောက်စေချင်တဲ့ စိတ်ဟာ မင်းရဲ့ ပင်ကိုယ် ဓလေ့စရိုက်ပဲ ထင်ပါတယ်။

မင်း အစားအသောက် ပက်စက်ပုံကို ဘယ်မှာ စပြီး သတိထားမိလဲဆိုတော့ တို့နှစ်ယောက် ပထမစီရီး စရေးပြီး နောက်နေ့ ကတည်းကပဲ။  မနက်ပိုင်း သီချင်းနှစ်ပုဒ်လောက် ရေးပြီးတော့ ငါနဲ့ ကပြားကြီးကို စမ်းချောင်း ကရင်င်္သချိုင်း အဟောင်းရှေ့က ‘မြ’ ထမင်းဆိုင်ကို ခေါ်သွားတယ်။  ပြီး မင်း အားရပါးရ ဟင်းတွေမှာပြီး တို့နှစ်ယောက်ကိုလည်း စားစေတယ်။  မင်းလည်း စားတယ်။

စီးရီးလိုက် ရောင်းနေရင်း ရသမျှပိုက်ဆံကို တီးဝိုင်းတီးတဲ့ လူတွေကို၊ သီချင်းရေးတဲ့ ငါ့ကို ပိုက်ဆံပေးဖို့ မစဉ်းစားဘူး။  စားဖို့ပဲ စဉ်းစားတယ်။  ငါတို့က မိသားစုနဲ့ သားသမီးတွေနဲ့ဆိုတော့ စားဖို့ထက်၊ ပိုက်ဆံရဖို့ပဲ စဉ်းစားတယ်။  မင်း စားသလို သူများကိုလည်း စားစေချင်တဲ့ စိတ်ဟာ ဘယ်လောက်ကြီးမားသလဲဆိုရင် မင်းဟာ အစားအသောက်နဲ့ သေသွားတဲ့ အကောင်မို့လို့ မင်းနဲ့အစား တွဲပြီး ဒီလောက်ပြောနေရတာ။

၁၉၇၈ ခုနှစ်လောက်က စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့ရဲ့ ခြင်္သေ့လည်ပြန် စီးရီးထွက်တယ်။  ဒီစီးရီးကို သီချင်းစာအုပ် ရိုက်ဖို့ကိစ္စနဲ့ အဲဒီတုန်းက သုခမိန်လှိုင် မဖြစ်သေးတဲ့ သိဒ္ဓတ္ထလှိုင်ကို မန္တလေးကို လွှတ်တယ်။  ဟိုကောင် မန္တလေး ရထားပေါ်မှာ စားသွားဖို့ဆိုပြီး ဘဲကင်တကောင်နဲ့ လိမ္မော်ရည်ပုလင်းတွေ ၀ယ်ပေးလိုက်တယ်။

ငါ မင်းနဲ့ ကုလားမရဲ့ “သိပ္ပံ၏ရုပ်ကြွင်း” စီးရီး ရေးတော့လည်း လမ်းသုံးဆယ် ရွှေ ဒံပေါက်နဲ့ နို့မလိုင်ခွက် တွေ၊ အအေးပုလင်းတွေ တန်းစီပြီး ချထားပေးတယ်။

(“သိပ္ပံ၏ရုပ်ကြွင်း” တေးစု ပါ နာမည်ကျော် မောင်စိမ်းသူ ရေး “နားထောင်ချင်တဲ့သီချင်းစာရင်း” သီချင်း)

နားထောင်ချင်တဲ့သီချင်းစာရင်း၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၈၀)

မင်းဟာ သူများကိုလည်း စားစေချင်တယ်။  မင်းကိုယ်တိုင် လည်း စားတယ်။  အဲဒီအစားကပဲ မင်းကို သတ်သွားတာ။  အင်္ဂလိပ်ငါးပိ (ချိစ်) အခဲနဲ့ အမှုန့်တွေကို ထမင်းစား စားပွဲပေါ်မှာထားပြီး မက်မက်မောမော စားသွားတဲ့မင်း။

မင်းနဲ့ ငါနဲ့ စပေါင်းကတည်းက မျိုးညွန့်နဲ့ ငါနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး လက်ဘက်ရည် သောက်ကြရင် မင်း ဘယ်တော့မှ မသောက်ဘူး။  အအေးပဲ သောက်တယ်။  လက်ဘက်ရည်တခွက် တမတ်၊ ပြားသုံးဆယ် ခေတ်မှာ မင်းက လိမ္မော်ရည် တပုလင်း ငါးမူး၊ ပြားခြောက်ဆယ်နဲ့ သောက်နေတော့ မင်းကိုငါ သိပ်မကြည်ဘူး။  ဒါပေမယ့် မင်းနဲ့ငါ ပေါင်းသင်းလာတာ ကြာတော့လည်း မင်းစရိုက်ကို နားလည်ပြီး မင်းကို ခွင့်လွှတ်လာနိုင်ခဲ့တယ်။

မနှစ်က မိုးဦးကျ ရာသီ ၁၉၉၆ ခုနှစ်၊ သရက်သီးတွေ ပေါ်ရော၊ မင်းသရက်သီးတွေ တော်ရုံတန်ရုံ စားရတာ အားမရဘူး။  ဒီရန်ကုန်မြို့ထဲက ဈေးတွေမှာ ၀ယ်စားရတာ အားမရလို့ဆိုပြီး သီရိမင်္ဂလာဈေးမှာ အများကြီး သွားဝယ်ပြီး စားတယ်။

တရက် မင်းအိမ် ငါရောက်သွားတော့ ကုလားမက ငါ့ကို ပြောတယ်။  “ကိုလတ် အလာ့ဂျစ်ဖြစ်နေတယ်” တဲ့။  ငါက “ဒီကောင်လောက် သန့်ရှင်းသန့်ပြန့် နေတတ်တဲ့လူ မရှိဘူး။  ဘာလဲ၊ ဆေးမှားလို့လား၊ နေပါဦး ဒီကောင် လာပါစေဦး၊ ငါကြည့်လိုက်ပါဦးမယ်..။” ဒါနဲ့ စောင့်နေလိုက်တယ်။

ဟာကွာ မင်းပေါင်တွေ ခြေသလုံးတွေမှာ အနီဖုတွေ၊ အမည်းစက်တွေနဲ့၊ ဒါဆို ငါသိပြီ၊ ဒီရာသီမှာ အစေးအပူလောင်တတ်တဲ့ အစားအစာ သရက်သီးပဲ ရှိတယ်။  သရက်သီး အပူလောင်တဲ့ အမည်းစက်တွေဟာ မင်း သေရာပါ ဒဏ်ရာအဖြစ် ပါသွားခဲ့တယ်။

ဒါဘာလဲ၊ မင်းအစားအသောက် မက်လို့။

မင်းနဲ့ ငါနဲ့ တွေ့ရင် အခုနောက်ပိုင်း ဆယ်နှစ်ကာလလောက်မှာ အရင်ဆုံးမေးတာက ကိုစိမ်းသူ ဘာစားပြီးပြီလဲ၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့၊ ဈေးဝယ်ရင်း စားမယ်။  ငါကလည်း အခုနောက်ပိုင်း ဆယ်နှစ်လောက် အတွင်းမှာ မင်းအိမ်ကို အစောကြီး ရောက်တတ်တာကိုး။  အထူးသဖြင့် မင်း အိုးသူကြီး မုန့်လုပ်ငန်းလုပ်တဲ့ ကာလတွေပေါ့။  ငါကလည်း အချိုအဆိမ့် ကြိုက်တတ်တဲ့အကောင်ဆိုတော့ မင်းအိမ်က လုပ်တဲ့ မုန့်တွေ ထောပတ်တွေကို သတိနဲ့ ရှောင်တိမ်းစားရတယ်။

မင်းနဲ့ငါ နောက်ဆုံးတွေ့ကြတာ ဇွန်လ ၂၈ ရက် ၁၉၉၇ ခုနှစ်။  အဲဒီနေ့ အိပ်ရာက ထလာတဲ့ မင်းကို ကုလားမက ပြောတယ်။  “ဒါလင်ရေ ဒီနေ့ အုန်းထမင်းနဲ့ ဆိတ်သားချက်မယ်” တဲ့..။  မင်း ပျော်သွားတယ်။  ကိုစိမ်းသူ ရောက်နေလား၊ ကော်ဖီသောက်မယ် မဟုတ်လား။  ကျွန်တော်လည်း ကော်ဖီသောက်မယ်ဆိုပြီး နက်စ်ကော်ဖီနှစ်ထုပ် ယူခိုင်းလိုက်တယ်။  ငါနဲ့ အတူတူပါလာတဲ့ အောင်ခက်ကို မေးတော့ မသောက်ဘူးတဲ့။  နောက် မင်းက အောင်ခက်ကို ပြောလိုက်သေးတယ်။  “ခင်ဗျား ကိုစိမ်းသူနဲ့ သိပ်မတွဲနဲ့။  သူ့နားသိပ်မကပ်နဲ့။  သူက သွေးစုပ်ဖုတ်ကောင်၊ သူနဲ့ တွဲတဲ့လူ သေကုန်ကြတာချည်းပဲ..။”

တသက်လုံး လက်ဘက်ရည်၊ ကော်ဖီမကြိုက်ခဲ့တဲ့ မင်းက ဘာရောဂါတက်တာလည်း မသိဘူး။  သေခါနီး လေးငါး ခြောက်လလောက်မှာ ကော်ဖီတွေ ကြိုက်လာ သောက်လာတယ်။  မသေခင် တပတ်လောက်အတွင်း ထောပတ်ထမင်းတွေ ရက်ဆက်စား၊ ဘဲကင်ကောင်လုံးစား၊ ဒူးရင်းသီး အလုံးလိုက်စားနဲ့ မင်းငါ့ကို စွန့်ခွါသွားပါပြီး။

အစားအသောက်ဆိုတာ လူ့ဘ၀ အသက်ရှင် နေထိုင်ဖို့အတွက် အထောက်အကူပြုပစ္စည်းဆိုတာ မှန်ကန်ပေမယ့် လူ့ဘ၀ သေလမ်းအတွက် အကောင်းဆုံး အဆိပ်အတောက် ဆိုတာကိုလည်း မင်း ပြခဲ့ပါပြီ မင်းမင်းလတ်ရေ။

မင်း ချစ်ခွင့်၊ ခင်မင်ခွင့်ရတဲ့…

ပုသိမ် မောင်စိမ်းသူ

(၂၃၊  သြဂုတ်၊ ၁၉၉၇)

(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈)

*****************************

မင်းမင်းလတ် ၏ ခေတ်ရေစီး ပင်မ လမ်းကြောင်း သဘော၊ အတွေးအခေါ်တွေကို ဆန့်ကျင် လွတ်လွတ်လပ် စိတ်ထဲ ခံစားမှု ရှိသလို ဖန်တီး ရေးသား၊ သီဆို ထားသော မင်းမင်းလတ် ဟန် အပြည့် ပေါ်လွင်စေသည့် သီချင်း (၃) ပုဒ်။  တပုဒ် က ကိုယ်တိုင် ရေး သည်။  တပုဒ် က မောင်စိမ်းသူ ရေးသည်။ တပုဒ် က မောင်ဆွေနွယ် ရေးသည်။

ဗေလီယံ ၅၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၁-ဇူလိုင်)

Music Video URL: http://youtu.be/MGH5Cm8dW1M

မင်းမင်းလတ်၏ မဟာဗျူဟာ၊ တေးရေး/တေးဆို – မင်းမင်းလတ်၊ (၁၉၇၁-နိုဝင်ဘာ)

Music Video URL: http://youtu.be/OejCNzZMYDQ

ကျွန်တော်ကလေးလေးပါ၊ တေးရေး – မောင်ဆွေနွယ်၊ တေးဆို – မင်းမင်းလတ်၊ (၁၉၇၁-နိုဝင်ဘာ)

Music Video URL: http://youtu.be/7833TlmukfU


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts