 (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၈၊ ဩဂုတ်လ ၁၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၈၊ ဩဂုတ်လ ၁၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ( ၃၃)
အောင်ဒင်၊ သြဂုတ် ၂၃၊ ၂၀၁၃
အပိုင်း (၃၃) လွှတ်တော် နှင့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း (ဂ)
နိုင်ငံတကာမှာ  အရွယ်မရောက်သေးသူတွေ၊ ကလေးသူငယ်တွေ လိင်ဆက်ဆံတာကို တားမြစ်ဖို့၊  လိင်ပိုင်းဆိုင်ရာ အစော်ကားမခံရအောင် အကာအကွယ်ပေးဖို့ “The Age of Consent  Act” လို့ခေါ်တဲ့ ဥပဒေတွေ ပြဋ္ဌန်းကြပါတယ်၊ “The Age of Consent” ဆိုတာကို  အင်္ဂလိပ်လို “The age at which one is legally competent to give consent  especially to marriage or to sexual intercourse” လို့  အဓိပ္ပါယ်ဖွင့်ဆိုပါတယ်၊ မြန်မာလို ဘာသာပြန်ရင်တော့ ရှည်လျားပါတယ်၊ ”  လက်ထပ်ထိန်းမြားဖို့ ဖြစ်စေ၊ လိင်ဆက်ဆံဖို့ဖြစ်စေ မိမိ၏ ကိုယ်ပိုင်ဆန္ဒဖြင့်  ဆောင်ရွက်ကြောင်းသေချာရန် လိုအပ်သည့် အသက်” လို့ ခေါ်ရမယ်ထင်ပါတယ်၊  တကယ်တော့ ဒီအသက်ကန့်သတ်ချက်ဟာ “ကလေးသူငယ်များဆိုင်ရာ ဥပဒေ” ရဲ့  အစိတ်အပိုင်းတစ်ခုဖြစ်သင့်ပါတယ်၊
ဒီဥပဒေရဲ့  အဓိက ရည်ရွယ်ချက်ကတော့ ကလေးသူငယ်တစ်ယောက်၊ အရွယ်မရောက်သူတစ်ယောက်ဟာ  ဘယ်အသက်အရွယ်မှာ လိင်ဆက်ဆံဖို့ဖြစ်စေ၊ အိမ်ထောင်ပြုဖို့ဖြစ်စေ  ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချနိုင်ဖို့ လုံလောက်ပြီလဲ ဆိုတာကို  ဆုံးဖြတ်တာပါ၊ ဒီအသက်ကန့်သတ်ချက်က နိုင်ငံအများစုမှာ အသက် ၁၄ နှစ်နဲ့ ၁၈  နှစ်အတွင်း ကွဲပြားကြပါတယ်၊ အသက် ၁၂ နှစ်အထိ သတ်မှတ်တဲ့  နိုင်ငံအချို့ရှိသလို အသက် ၂၁ နှစ်အထိ ကန့်သတ်တဲ့  နိုင်ငံအနည်းငယ်လည်းရှိပါတယ်၊ ဒီကန့်သတ်ချက်ကို ချိုးဖောက်ရင်  ကျရောက်မည့်ပြစ်ဒဏ်ကလည်း နိုင်ငံအလိုက် ကွဲပြားပါတယ်၊ အချို့နိုင်ငံတွေမှာ  အရွယ်မရောက်သူအချင်းချင်း လိင်ဆက်ဆံတာကို အပြစ်လို့မသတ်မှတ်ပါ၊ ဒါပေမည့်  အရွယ်ရောက်ပြီးသူ လူကြီးက အရွယ်မရောက်သေးသူ တစ်ယောက်နဲ့  လိင်ဆက်ဆံတယ်ဆိုရင်တော့ လူကြီးအတွက် ရာဇဝတ်မှုဖြစ်ပါတယ်၊ (Statutory Rape)  မုဒိန်းမှုမြောက်ပါတယ်၊ ပြစ်ဒဏ်ကြီးကြီးမားမားကျခံရမှာပါ၊
အားအနည်းဆုံးကလေးများကို ကာကွယ်ပါ
ကလေးသူငယ်များဟာ  အားအနည်းဆုံးလူသားများဖြစ်ကြပါတယ်၊ သူတို့ကလေးတွေကို မာယာများတဲ့၊  ပရိယယ်ကြွယ်ဝတဲ့ လူကြီးအချို့က ဖျက်ဆီးဖို့ ချောင်းနေကြတာပါ၊ ကလေးတွေရဲ့  ဖြူစင်တဲ့နှလုံးသားကို နွမ်းညစ်အောင် ဖန်တီးမည့် မသမာသူတွေဟာ ကလေးတွေရဲ့  ပါတ်ဝန်းကျင်မှာ မျက်နှာဖုံးမစွပ်ပဲ တည်ရှိနေကြတာပါ၊ ဒီကလေးသူငယ်တွေကို  လူသားမုဆိုးတွေရဲ့ ရန်ကကာကွယ်ဖို့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းမှာ  အပြည့်အဝတာဝန်ရှိပါတယ်၊
ကျနော်ငယ်ငယ်  ငါးတန်းကျောင်းသားဘဝက ကြုံဘူးတာတစ်ခုရှိပါတယ်၊ အဲဒီတုံးက အသက် ၁၁  နှစ်အရွယ် ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို အခု အသက် ၅၀ အရွယ်အထိ သတိရပြီး  နာကျည်းနေဆဲပါ၊ ကျနော်တို့ရဲ့ အတန်းကို လုပ်အားပေးဆရာတစ်ယောက်  ရောက်လာပါတယ်၊ အဲဒီတုံးက တက္ကသိုလ်၊ ကောလိပ်တွေ ကျောင်းပိတ်ချိန်မှာ  တက္ကသိုလ်ကျောင်းသားကြီးတွေက သူတို့နေထိုင်ရာမြို့နယ်က မူလတန်းကျောင်းတွေ၊  အလယ်တန်းကျောင်းတွေမှာ လာရောက်ပြီး လုပ်အားပေးဆရာများအဖြစ်  ကူညီစာသင်ကြပါတယ်၊ အဲဒီ ဆရာက အသက် ၂၀ ကျော်ပါပြီ၊ သူက ကျနော်တို့  တစ်တန်းလုံးကို စာသင်ချိန်မှာ အိပ်ခိုင်းပါတယ်၊ သူ့အပြောအရတော့ သူ  တွက်ခိုင်းတဲ့ သင်္ချာပုစ္ဆာကို ကျနော်တို့ တစ်တန်းလုံးက  မှန်အောင်တွက်နိုင်ကြလို့ ဆုချတဲ့အနေနဲ့ စားပွဲပေါ်မှာ လက်တင်၊  ခေါင်းစိုက်ပြီး အိပ်စက်အနားယူခွင့်ပေးတာပါ၊ ဒါပေမည့် ကျနော်တို့ကို  အိပ်ခိုင်းထားချိန်မှာ ကျနော်တို့ သူငယ်ချင်း မိန်းကလေး တစ်ယောက်ကို သူက  အတန်းရှေ့ခေါ်ပြီး သူ့ စားပွဲဘေးမှာ ထိုင်ခိုင်းတတ်ပါတယ်၊ ကျနော်တို့က  တကယ်အိပ်ပျော်ကြတာမဟုတ်လို့ ခေါင်းလေးဖော်ပြီး ချောင်းကြည့်တဲ့အခါ အဲဒီ  ဆရာက ကျနော်တို့ သူငယ်ချင်းမကလေးကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး ပွတ်သတ်နေတာ၊  နှုတ်ခမ်းကို နမ်းနေတာတွေ တွေ့ရပါတယ်၊ ကျနော်တို့ သူငယ်ချင်းမကလေးအတွက်  ဝမ်းနည်းပြီး အဲဒီ ဆရာကို မုန်းတီးရွံရှာကြပါတယ်၊ ကျောင်းက  ဆရာကြီးတစ်ယောက်ကို အဲဒီကိစ္စတိုင်တန်းတော့ ဆရာကြီးက ကျနော်တို့ကို  မယုံကြည်ပါ၊ မယုံကြည်တဲ့အပြင် အတန်းထဲမှာ ဆရာက ခိုင်းတဲ့အတိုင်းလုပ်ဖို့၊  အိပ်ဆိုရင် အိပ်ဖို့ ကျနော်တို့ကို ဆုံးမလိုက်ပါသေးတယ်၊
ဒါဟာ  တစ်ကယ်တော့ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က လိင်ပိုင်းဆိုင်ရာ  အနိုင်ကျင့်စော်ကားတာပါ၊ ကျနော်တို့ သူငယ်ချင်းမလေးက ဒီဆရာက  ပွတ်သတ်ကိုင်တွယ်တာ၊ နမ်းတာကို ကြောက်လို့ခံယူခဲ့ရတာပါ၊ သူ့ကို ဘယ်သူမှ  မကယ်နိုင်ခဲ့ကြပါ၊ ကလေးကို စော်ကားတဲ့ အဲဒီ ဆရာကိုလည်း ဘယ်သူကမှ  အရေးမယူခဲ့ကြပါ၊ ဒီဆရာက နောက်ထပ် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို  ဆက်လက်ဖျက်ဆီးလိမ့်မယ်ဆိုတာလည်း အသေအချာပါ၊ ဒါပေမည့် ကျနော်တို့ ဘာမှ  မတတ်နိုင်ခဲ့ပါ၊ ကျနော်တို့ရဲ့ သူငယ်ချင်းမကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့  ရခဲ့တဲ့ ဒီစိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းခဲ့သလဲ၊ ကျနော်မသိတော့ပါ၊
အမေရိကန်ပြည်ထောင်စု
အမေရိကန်  ပြည်ထောင်စုမှာတော့ The Age of Consent ဟာ ပြည်နယ်လွှတ်တော်များရဲ့  ဥပဒေပြုခွင့်ဖြစ်ပါတယ်၊ ပြည်နယ်အားလုံးမှာ လက်ထပ်ထိန်းမြားဖို့ သို့မဟုတ်  လိင်ဆက်ဆံဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့အသက်ကို ၁၆ နှစ်ကနေ ၁၈  နှစ်အတွင်း သတ်မှတ်ကြပါတယ်၊ ပြည်နယ်ပေါင်း ၂၉ခု က အသက် ၁၆ နှစ်သတ်မှတ်ပြီး  အသက် ၁၇ နှစ်သတ်မှတ်တာ ၉ ပြည်နယ်၊ အသက် ၁၆ နှစ်သတ်မှတ်တာ၁၂  ပြည်နယ်ဖြစ်ပါတယ်၊ ပြည်ထောင်စုဥပဒေအနေနဲ့ကတော့ ပြည်ထောင်စုအစိုးရရဲ့  စာတိုက်ဋ္ဌာနနဲ့ အခြား ဆက်သွယ်ရေးနည်းလမ်းများကိုသုံးပြီး အသက် ၁၈နှစ်အောက်၊  အရွယ်မရောက်သေးသူကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်စည်းရုံးတာကို  လုံးဝတားမြစ်ပါတယ်၊ ပြီးတော့ အသက် ၁၈ နှစ်မပြည့်သေးသူကို  အမေရိကန်ပြည်ထောင်စုအတွင်း လိင်ကိစ္စဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့်  သယ်ယူပို့ဆောင်ခြင်းကိုလည်း တားမြစ်ပါတယ်၊ အလားတူပဲ အမေရိကန်နိုင်ငံသားတွေ  အမေရိကန်နိုင်ငံအတွင်းမှာရော၊ ပြည်ပနိုင်ငံများကိုပါ  အရွယ်မရောက်သေးတဲ့ကလေးသူငယ်များနဲ့ လိင်ဆက်ဆံရန် ရည်ရွယ်ချက်ဖြင့်  ခရီးသွားလာခြင်းကိုလည်း တားမြစ်ပါတယ်၊
အမေရိကန်ပြည်ထောင်စုမှာလည်း  ကလေးသူငယ်တွေကိုမှ ပစ်မှတ်ထားပြီး ဖျားယောင်းသွေးဆောင်တဲ့ လိင်ပွဲစားတွေ၊  ကာမဓားပြတွေ အများကြီးရှိတာပါ၊ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal  Bureau of Investigation/FBI) က ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်  လုံခြုံရေးအဖွဲ့များနဲ့ ပူးပေါင်းပြီး ဇူလိုင်လ ၂၆ ကနေ ဇူလိုင်လ ၂၈ ရက်နေ့  သုံးရက်တိုင် အမေရိကန်မြို့ကြီး ၇၆ မြို့မှာ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး  အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို ပြည့်တန်ဆာအဖြစ် ခိုင်းစားနေတဲ့  လူဆိုးဂိုဏ်းကြီးကို နှိမ်နင်းခဲ့ပါတယ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့  ပြည်ထောင်စုထောက်လှမ်းရေးဗျူရိုရဲ့ သတင်းစာရှင်းလင်းပွဲမှတ်တမ်းများအရ  အရွယ်မရောက်သေးတဲ့ မိန်းကလေးပေါင်း ၁၀၆ ယောက်ကို ဒီပြည့်တန်ဆာခန်းတွေက  ကယ်တင်နိုင်ခဲ့ပြီး ဒီမိန်းကလေးများကို အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ်  သိမ်းသွင်းခိုင်းစားတဲ့ လူဆိုး ၁၅၂ ယောက်ကို  ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်၊ မိန်းကလေးတွေကိုတော့ သူတို့ရဲ့  သက်ဆိုင်ရာ မိဘ၊ အုပ်ထိန်းသူများထံပြန်ပို့ပေးမှာ ဖြစ်ပြီး  တစ်စုံတစ်ရာအရေးယူမှာ မဟုတ်ပါ၊ ပြည့်တန်ဆာခေါင်း ၁၅၂ ယောက်ကတော့  ရာဇဝတ်မှုပေါင်းများစွာနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး နှစ်ပေါင်းများစွာ  အကျဉ်းကျခံရမှာ ဖြစ်ပါတယ်၊
အမေရိကန်ပြည်ထောင်စုမှာ  အရွယ်မရောက်သေးသူ ကလေးသူငယ်များနဲ့ လိင်ဆက်ဆံသူများဟာ  ထောင်ဒဏ်ကျခံရရုံနဲ့တင် မပြီးပါ၊ သူတို့ကို လိင်ဖောက်ပြန်သူများ (Sex  Offenders)၊ ကလေးများကို စော်ကားသူများ (Child Molesters) အဖြစ် နံမည်၊  နေရပ်လိပ်စာ၊ ဓာတ်ပုံများနဲ့တကွ မှတ်ပုံတင်ရပါတယ်၊ မြို့တိုင်း၊  နယ်တိုင်းမှာ အဲဒီ လိင်ဖောက်ပြန်သူများကို အများပြည်သူက အလွယ်တကူ  သိရှိနိုင်ပြီး မိမိတို့ရဲ့ ကလေးများကို ယင်းပုဂ္ဂိုလ်များနဲ့  ဆက်စပ်ပါတ်သက်မှုမရှိရအောင် အကာအကွယ်ပေးနိုင်ကြပါတယ်၊ အဲဒီ  လိင်ဖောက်ပြန်သူများကိုလည်း စာသင်ကျောင်းများနဲ့ နီးနီးမှာ  နေထိုင်ခွင့်မပေးပါ၊ စာသင်ကျောင်းများမှာ အလုပ်လုပ်ခွင့်မပေးပါ၊  နေရပ်လိပ်စာပြောင်းရင်လည်း သက်ဆိုင်ရာ မြို့နယ်ကောင်စီကို  အကြောင်းကြားရပါတယ်၊ ဒေသအလိုက်ဖွဲ့စည်းကြတဲ့  မိသားစုကာကွယ်ရေးအဖွဲ့အစည်းများကလည်း မိမိတို့ဒေသထဲကို  လိင်ဖောက်ပြန်သူတစ်ယောက် ရောက်လာပြီဆိုရင် ပိုစတာတွေကပ်ပြီး  ဒေသခံမိသားစုများကို သတိပေးလှုန့်ဆော်ကြပါတယ်၊ အောက်ပါပုံကို ကြည့်ပါ၊
ကျနော်တို့ နိုင်ငံရဲ့ အခြေအနေ
ဇူလိုင်လ  ၂၉ ရက်နေ့ထုတ် The Voice Weekly မှာပါတဲ့ သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံ  ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကနေ  ၂၀၁၃ ခုနှစ် အထိ ၁၀ နှစ်အတွင်း မုဒိန်းမှုပေါင်း ၄၆၉၈  ဖြစ်ပွါးခဲ့ပြီး အဲဒီအထဲမှာ အရွယ်မရောက်သူ ကလေးသူငယ်များနဲ့ ပါတ်သက်တဲ့  မုဒိန်းမှုပေါင်း ၂၃၀၂ မှု (၄၉ ရာခိုင်နှုံး) ရှိတယ်လို့ သိရပါတယ်၊  အကျူးလွန်ခံရသူများထဲမှာ အသက် နှစ်နှစ်မှ ငါးနှစ်အထိ ၁၆၇ ဦး၊ ခြောက်နှစ်မှ  ၁၀ နှစ်အထိ ၅၃၁ ဦး၊ ၁၁ နှစ်မှ ၁၃ နှစ်အထိ ၇၃၇ ဦး၊ ၁၄နှစ်အထက်  (၁၈နှစ်အောက်) ၈၆၇ ဦးရှိ ပါတယ်၊ ကျူးလွန်သူများထဲမှာ အရပ်သား  (သူစိမ်း) ၁၉၄၈ ဦး၊ ဝန်ထမ်း ၁၄ ဦး၊ တပ်မတော်သား ၂၉ ဦး၊ သံဃာ ၃၄ ဦး၊  ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကျောင်းသား ၁၁ ဦး၊ ဖခင် ၈၅ဦး၊ ပထွေး ၁၁၇ ဦးနဲ့  ဆွေမျိုး ၁၂၂ ဦးတို့ ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကလေးသူငယ် ၇၆ ဦးလည်း  ကျူးလွန်သူများထဲမှာ ပါဝင်ကြောင်းသိရပါတယ်၊ ဒါ အင်မတန် ကြောက်စရာကောင်းတဲ့  ကိန်းဂဏန်းတွေပါ၊ 
ယဉ်ကျေးသိမ်မွေ့ပါတယ်ဆိုတဲ့  မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အကျည်းတန်တဲ့ မျက်နှာစာပါ၊ ရဲစခန်းကို  မတိုင်ကြားဖြစ်တဲ့ အမှုတွေက အများကြီးရှိဦးမှာမို့ တကယ့်အမှန်  ကလေးသူငယ်မုဒိန်းမှုတွေရဲ့ အရေအတွက်ဟာ  ပိုပြီးများပြားပါလိမ့်မယ်၊  ကျနော် သရက်ထောင်တွင်းမှာ အကျဉ်းကျခဲ့တဲ့ ၁၉၉၂၊ ၁၉၉၃ ကာလတွေမှာလည်း  ထောင်ထဲမှာ သမီးမုဒိန်း၊ မြေးမုဒိန်း ဆိုတာတွေ တွေ့ခဲ့ဘူးပါတယ်၊
တစ်ဖက်မှာ  ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ များသလောက်  ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးမှုတွေက မရှိသလောက်ပါ၊  ပြစ်မှုကျူးလွန်သူတွေကိုလည်း လက်ရှိတည်ဆဲဥပဒေများက ထိထိရောက်ရောက်  အရေးမယူနိုင်ပါ၊
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က  ၁၉၉၃ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “ကလေးသူငယ်ဥပဒေ” ရဲ့ အခန်း (၁၇)၊  ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ (၆၆) ပုဒ်မခွဲ (က) နဲ့ (ခ) မှာ  “မိမိအုပ်ထိန်းမှုအောက်ရှိ အသက် ၁၆ နှစ်မပြည့်သေးသော မိန်းကလေးသည်  ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသည်ကို သိလျက်နှင့်  တမင်လှစ်လျူရှူထားခြင်း၊ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်အား  ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူနှင့် အတူနေထိုင်စေရန်  သို့မဟုတ် ပေါင်းသင်းသွားလာစေရန် ခွင့်ပြုခြင်း” စသည်တို့ကို ပြုလုပ်သူ  မည်သူကိုမဆို “ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်သောင်း  အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊  ဒီဥပဒေကို ကြည့်ရင်လည်း ကလေးသူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးသူများအပေါ်  ချမှတ်မည့် ပြစ်ဒဏ်က အင်မတန်ကို နည်းလွန်းတာကို တွေ့ရပါတယ်၊
ပြီးတော့  ဒီဥပဒေမှာ အသက်မပြည့်တဲ့ မိန်းကလေးများအတွက်ပဲ ပြဋ္ဌန်းထားပြီး  အသက်မပြည့်တဲ့ ယောက်ကျားကလေးများအတွက် ပြဋ္ဌန်းချက်မရှိပါ၊ တကယ်တော့  လိင်တူဆက်ဆံရေးတွေ ထွန်းကားနေတဲ့ ဒီနေ့ခေတ်မှာ အသက်မပြည့်သေးတဲ့  ယောက်ကျားကလေး များကိုလည်း မိန်းကလေးများနည်းတူ ဥပဒေနဲ့ အကာအကွယ်ပေးရမှာပါ၊  ပြီးတော့ ဒီဥပဒေမှာ အရွယ်မရောက်သူကလေးသူငယ်များနဲ့  ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တဲ့ လူကြီးကို၊ အရွယ်မရောက်သူနဲ့ လိင်ဆက်ဆံတဲ့၊  လိင်ဆက်ဆံဖို့ ကြိုးစားတဲ့ လူကြီး (ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ) ကို  ဘယ်လို အရေးယူရမယ် ဆိုတာ မပါဝင်ပါ၊
ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်
နှစ်ပေါင်းများစွာ  ဥပဒေပြုလွှတ်တော်မရှိခဲ့ရာက ၂၀၁၁ ခုနှစ်က စပြီး မြန်မာနိုင်ငံမှာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါပြီ၊  မျှော်လင့်ထားတာထက်ပိုတဲ့ လွှတ်တော်တွေရဲ့ တက်ကြွမှု၊ အသက်ဝင်လှုပ်ရှားမှု၊  ဥပဒေပြုမှုတွေကိုလည်း တွေ့မြင်နေရပါပြီ၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်  နဲ့ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များက မြန်မာနိုင်ငံက ကလေးသူငယ်များကို  အကာအကွယ်ပေးဖို့ လုံလောက်တဲ့၊ ခိုင်မာတဲ့ ဥပဒေတွေ  ပြဋ္ဌန်းအတည်ပြုလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ၊
လေးစားစွာ၊
အောင်ဒင်
ဩဂုတ်လ ၁ရက်၊ ၂၀၁၃
ဩဂုတ်လ ၁ရက်၊ ၂၀၁၃
