သတင်းပဒေသာ

Htan Kone Unrest and how media reflect

 ထန်းကုန်း အကြမ်းဖက် ဆူပူမှုသတင်း၊ Voice က ကျော်မင်းဆွေ ၊ ဦးဝီရသူဖေ့စ်ဘွတ်နဲ့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ချက်

မိုးမခသတင်းကောက်နုတ်ချက်၊ သြဂုတ် ၂၆၊ ၂၀၁၃

            သြဂုတ်လ ၂၄ ညခင်းပိုင်းမှာ ၊ ကန့်ဘလူမြို့နယ် ထန်းကုန်းအရပ်တွင်၊ အမျိုးသမီးတဦးကို အမျိုးသား ၁ ဦး (သို့မဟုတ်) ၁ ဦးအထက်က အဓမ္မကြံစည်ရန် ကြိုးစားခဲ့ရာ၊ ရပ်ကွက်နဲ့ လုံခြုံရေးတို့က တရားခံအဖြစ် စွပ်စွဲခံရသူ အမျိုးသားတဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။ အဆိုပါသတင်းနောက်ပိုင်း ဒေသခံဟုဆိုနိုင်သော လူအုပ်များက အကြမ်းဖက်ဆူပူကြသဖြင့် ထန်းကုန်းအရပ်အတွင်းရှိ လူနေအိမ်များ ဈေးဆိုင်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ အဆိုပါ အရေးအခင်းတွင် ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုဖြစ်အောင် ပြောဆို စွပ်စွဲမှုများ၊ သတင်းဖြန့်ချိမှုများ၊ လှုံဆော်မှုများ ရှိနေသည်ဟု မီဒီယာသတင်းများတွင် သုံးသပ်ထားသည်။

ဒါကတော့ လက်ရှိမြန်မာပြည်က ဆူပူအကြမ်းဖက်မှု အဓိကရုဏ်းသတင်းတခုကို သတင်းသွားအတိုင်း ရေးလိုက်တာပါ။ ပြီင်္းတော့ အောက်မှာ Voice အယ်ဒီတာချုပ် ကျော်မင်းဆွေရဲ့ ပုဂ္ဂလိကသဘောထား (ဖေ့စ်ဘွတ်စာမျက်နှာမှ တဆင့်ကူးယူ) ပြောကြားထားချက်၊ မြန်မာပြည်မှာ အမျိုးစောင့်ဥပဒေလှုပ်ရှားမှု၊ ၉ ၆၉  လှုပ်ရှားမှုများထဲ အများအာရုံစိုက်နေရတဲ့ အရှင်ဝီရသူရဲ့ ဖေ့စ်ဘွတ်စာမျက်က အထက်ပါအရေးအခင်းသတင်း တင်ပြပုံ နဲ့ လက်ရှိမြန်မာအစိုးရ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ကူးယူတင်ဆက်လိုက်ပါတယ်။

အချိန်စာရင်းအရ ကြည့်ရင်တော့ အရှင်ဝီရသူရဲ့ ဖေ့စ်ဘွတ်ပို့စ်က အားလုံးထက် စောပါတယ်။ သူ့ထက်စောတဲ့ ဖေ့စ်ဘွတ်ပို့တခုခု ရှိနိုင်ပေမယ့် လက်ရှိတွေ့ရတာက အရှင်ဝီရသူပို့စ်ပဲ ဖြစ်တယ်။ ပြီးတော့ အဓိကရုဏ်းဖြစ်ပြီးနောက်ပိုင်း နောက်ထပ်သူ့ပို့စ်တခု ထပ်တက်တဲ့နေရာမှာ မီဒီယာသတင်းများရဲ့ သတင်းတင်ဆက်ပုံတွေနဲ့ သဘောချင်းတူတာကို တွေ့ရပါတယ်။ မီဒီယာသတင်းတွေက သတင်းပို့ပြီးတဲ့အချိန်အတွင်းမှာ Voice (ကို) ကျော်မင်းဆွေက သူ့သဘောထားကို ဖေ့စ်ဘွတ်မှာ ရေးသားတာဖြစ်ပြီး၊ အဲသည်အချိန်အတွင်းမှာပဲ အစိုးရပြန်ကြားရေးက အရေးအခင်းသတင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

လေ့လာကြည့်နိုင်အောင် အောက်မှာ ကူးယူတင်ဆက်လိုက်ပါတယ်။

ထန်းကုန်းမှာ သူတို့အကြံအောင်သွားတယ် (Voice အယ်ဒီတာချုပ် ကျော်မင်းဆွေ၊ Facebook post)

ကျနော့်ဇာတိ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမှာတော့ သူတို့ အကြံအောင်သွားတယ်။ သိတဲ့အတိုင်း အရင့်အရင် ဇာတ်လမ်းတွေလိုပဲ မြန်မာဗုဒ္ဓဘာသာ မိန်းမပျိုကလေးတစ်ယောက်ကို မွတ်ဆလင်သုံးယောက်က အဓမ္မကျင့်တယ်ဆိုတဲ့ ဘယ်ကနေ ဘယ်လို အခြေအမြစ်မရှိ ထွက်လာမှန်းမသိတဲ့ ကောလာဟလကို အခြေတည်တယ်။ ထုံးစံအတိုင်း အဲဒီအထဲက တစ်ယောက်ကို ရဲစခန်းမှာ ဖမ်းထားတယ်ဆိုတဲ့ သတင်းကို ဘယ်သူက ဘယ်လို အတည်ပြုလိုက်လဲမသိဘူး ဒေါသထွက်နေတဲ့ လူတစ်စုဆီ ဝုန်းဒိုင်းဆို ရောက်သွားတယ်။

ထုံးစအတိုင်း လူအုပ် အရေအတွက် ၃၀၀ ဝန်းကျင်က ရဲစခန်းသွားဝိုင်းတယ်။ ပြီးတော့ ထုံးစံအတိုင်း ရဲစခန်းနားက မွတ်ဆလင်ပိုင် ဆိုင်ခန်းတွေ ရိုက်ဖျက်တယ်။ ထုံးစံအတိုင်း မွတ်ဆလင်ပိုင် ကြက်ခြံတွေကို မီးရှို့တယ်။ အဲဒီအထိ ဘယ်သူမှ မတားနိုင်ဘူး။ ဆိုင်ခန်းတွေ ရိုက်ဖျက်နေတဲ့အဆင့်တင် သေနပ်မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲလို့ရတယ်။ ကြက်ခြံမီးရှို့တဲ့အထိ ဘာမှ ထိန်းလို့ မရတာ ဘာသဘောလဲလို့ မေးချင်တယ်။

ဒီလောက် တစ်နိုင်ငံလုံး ဆက်တိုက်ဖြစ်နေတာတောင် အခုအထိ မတားနိုင်ဘူးဆိုတော့ တာဝန်ရှိတဲ့သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ။ ဘယ်လိုလူတွေက ဒီလောက် လက်ရဲဇက်ရဲ လုပ်နေတာလဲ။ တစ်နိုင်ငံလုံးမှာ ဖြစ်သမျှ အားလုံးက ဘာလို့ ဒီလောက် တူညီနေရတာလဲ။ စဉ်းစားတတ်တဲ့သူတိုင်း သိတယ်။ လုံခြုံရေးတာဝန်ရှိသူတွေကို ဘယ်ကနေ တိုက်ရိုက်အမိန့်ပေးနေတာလဲ။ ဒီလို လက်ရဲဇက်ရဲလုပ်နေတဲ့သူက တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ မဟုတ်ဘူးလား။ ဒီလောက်အတင့်ရဲရဲ လုပ်နေတာ သူတို့နောက်က ဘယ်လောက် အင်အားကြီးနေလို့လဲ။ ဒီလောက် စွမ်းအားကြီးနေတာ စွမ်းအားရှင်တွေမို့လို့ ဖြစ်မယ်။ ဒီပုံအတိုင်းဆို စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့တွေ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ မင်းမူလာမှာ မြင်ယောင်သေးတော့။

ကန့်ဘလူနယ်ဆိုတာ တစ်လျှောက်လုံး အေးချမ်းလာခဲ့တာ။ ဒီဘက် နှစ်၂၀ ကျမှသာ အာဏာရှိသူတွေကိုယ်တိုင်ရယ် အာဏာအရှိန်ခိုစီးပြီး မြို့ကို မာဖီးယားဆန်ဆန် ဗိုလ်ကျနေတဲ့ လူတချို့ရယ်က ဟိုပြော၊ ဒီပြောနဲ့ ရှိနေတဲ့ ချစ်ခင်စည်းလုံးညီညွတ်မှုလေး ယိုင်နဲ့လာခဲ့တာ။ ဒါပေမဲ့ ဒီလိုသတင်းမျိုး တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ ထုံးစံရှိနေတော့ ဒေသခံ မွတ်ဆလင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ သိနေပြီးသား။ အဲတော့ အားလုံးက သတိရှိနေကြပြီးသား။ ဖြစ်လာရင် ထိန်းသိမ်းဖို့ ပြင်ထားပြီးသား။

ဒါပေမဲ့ ဖြစ်ခဲ့တဲ့ မြို့တွေမှာ လုပ်နေကျနည်းနဲ့ ဘယ်ကမှန်းမသိတဲ့ လူအုပ်က အရင်မြို့တွေမှာလိုပဲ ရဲစခန်းသွားဝိုင်းတယ်။ ကျနော့်ဇာတိအကြောင်း ကျနော်သိတယ်။ ဒေသခံတွေ အဲလောက် သွေးမဆိုးဘူး။ ရဲစခန်းသွားဝိုင်းလောက်တဲ့အထိ အဆင်အခြင် မမဲ့ဘူး။
ဒီလိုအောက်တန်းကျကျ ကြံစည် လုပ်ကြံတဲ့သူတွေကို ကျနော် သိပ်အထင်သေးတယ်။ သိပ်အောက်တန်းကျတယ်။ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှု၊ ရိုင်းပင်းကူညီမှုနဲ့ နေလာခဲ့တဲ့ ဒေသခံမြန်မာတွေအကြား ဒီလို အောက်လမ်းနည်းနဲ့ သွေးခွဲဖို့ လုပ်တာ ပက်စက်လွန်းတယ်။

ကိုယ်ပေးသလောက် ကိုယ်ပြန်ရတဲ့ လောကကြီးက သိပ်တရားတယ်။ ထန်းကုန်းဒေသမှာရှိတဲ့ မိတ်ဆွေများ သံသရာက တင်လာတဲ့ အကြွေးရှိရင်တော့ ဆပ်ရမယ်။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ အကြွေးသစ်ယူတဲ့သူကတော့ ဒီဘဝမှာ ဆပ်နိုင်ရင်ဆပ်၊ မဆပ်နိုင်ရင် သံသရာတစ်လျှောက်လုံး ဆပ်ရမယ်။
Kyaw Min Swe (အယ်ဒီတာချုပ် – The Voice Weekly)

“ထန်းကုန်း အဓိကရုဏ်း” (အရှင်ဝီရသူ ဖေ့စ်ဘွတ် အချိန်ဇယားအတိုင်း တင်ဆက်မှုများ)

ယနေ့ 24.8.2013 ညနေ 7:00 ခန့်မှာ ကန့်ဘလူမြို့-တောင်ဘက် ဆယ်မိုင်ကွာမှာရှိတဲ့ ထန်းကုန်းမြို့ငယ်လေးမှာ အဓိကရုဏ်း ဖြစ်ပွားနေပါတယ်။

ထုံးစံအတိုင်း ကုလားက စတာပါပဲ။

ထန်းကုန်းအရှေ့ဘက် ဇီးပင်လှရွာမှ ထန်းကုန်းမြို့ကို အလုပ်လာလုပ်တဲ့ ဗမာမိန်းကလေး မလပြည့် (၁၉) နှစ်ကို ထန်းကုန်း ကုလားသုံးကောင်က အပြန်လမ်းမှာ မုဒိမ်းကျင့်လိုက်တာပါ။ ကုလားသုံးကောင်ထဲက တစ်ကောင်ကို ဖမ်းမိထားပါပြီ။ ဗမာလူအုပ်ကြီးက ဖမ်းမိထားတဲ့ ကုလားကို ထုတ်ပေးဖို့ တောင်းဆိုရာမှ အဓိကရုဏ်းစတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါတယ်။

ည 8:00 နာရီခန့်မှာ ထန်းကုန်း ဘူတာရုံအရှေ့ဘက်ဈေးဆိုင်တွေကို ဖျက်နေကြပြီလို့ သိရပါတယ်။ 

ည 9:30 ခန့်မှာ မီးစလောင်နေပြီလို့ သိရပါတယ်။ 

ဗမာလူအုပ် ရွာမှတက်လာပြီး ဖြိုဖျက်နေကြတာပါ။ ဖုန်းလိုင်းတွေဖြတ်တောက်ထားလို့ စုံစမ်းရခက်နေပါတယ်။ လုံခြုံရေးတွေ မတွေ့ရဘဲ လူအုပ်ကြီးပဲ တွေ့ရတယ်လို့ ပြောပါတယ်။

ကုလားဆိုတာ ပြဿနာကောင်ပါ။ ကုလားရှိရင် ပြဿနာရှိမယ်။ ကုလားပြဿနာရှာတိုင်းသာ အကြမ်းဖက်တုန့်ပြန်ကြရင် မြန်မာလူမျိုးရော ဗုဒ္ဓဘာသာပါ ထိခိုက်နစ်နာနိုင်ပါတယ်။
အကြမ်းဖက်တုန့််ပြန်တာမျိုး မလုပ်ဘဲ အင်အားပြပြီး မုဒိမ်းမှုရှုတ်ချပွဲတွေပဲ လုပ်သင့်ပါတယ်။ ဒါမှ မုဒိမ်းကောင်တွေအကြောင်း ကမ္ဘာကြီးက သိလာမှာ ဖြစ်ပါတယ်။

“ထန်းကုန်း အခြေအနေ ပြန်လည်တည်ငြိမ်” (အရှင်ဝီရသူ ဖေ့စ်ဘွတ် အချိန်ဇယားအတိုင်း တင်ဆက်မှုများ)

24.8.2013 ည 7:00 ခန့်တွင် ဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်၊ ထန်းကုန်း အဓိကရုဏ်းသည် ည 12း00 နာရီထိ လူစုမကွဲသေးကြောင်း သိရသည်။

အခြားမြို့ရွာများမှ လာသူများဝင်ခွင့်မရအောင် ကန့်ဘလူစစ်တပ်က မြို့မှပိတ်၍ တားဆီးထားခဲ့ခြင်း၊ ရဲအင်အား ၂၀၀ ကျော်ခန့်က သေနတ်ပစ်ဖောက်၍ ခြောက်လှန့် လူစုခွဲခြင်းတို့ကြောင့် 25.8.2013 မနက် 3း00 နာရီတွင် လူစုကွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွက်တိကွက်ကျား ဆိုင်ခန်း ၁၅ ခန်းကျော်ပျက်စီးသွားခဲ့ပြီး၊ နေအိမ် ၁၅ အိမ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဗမာ ၁၁ ယောက် အထိမ်းသိမ်းခံထားရပြီး၊ ထန်းကုန်းအနောက်ဘက် အုပ်ဖိုရွာမှ ရွာသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အကြမ်းဖက်ခံရသူ မလပြည့်သည် အသက် (၂၅) နှစ် ရှိပြီဖြစ်ပြီး ဇီးပင်ရွာမှ ထန်းကုန်းမြို့သို့ ဆံပင်စီ အလုပ်သွားလုပ်ခြင်း ဖြစ်ကြောင်း၊ ခါတိုင်း ထန်းကုန်းမှာပင် ညအိပ်ကြောင်း၊ အခင်းဖြစ်သည့်နေမှာမှ ရွာပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်းကုန်းမြို့မှ ဆန်းညွန့်ဦး (မူဆလင်) က လက်စွဲပြီး နှောက်ရှက်ကြောင်း၊ လုံးဝလက်မခံ၍ ပြန်သွားခဲ့ပြီး၊ အဖော်နှစ်ယောက်ခေါ်လာခဲ့ကြောင်း၊ မလပြည့်က ခြေကျင်သွားသည်ကို ဆန်းညွန့်ဦးတို့သုံးယောက်က ဆိုင်ကယ်ဖြင့် သွားကာ ရှေ့မှ ကြိုတင်စောင့်နေခဲ့ကြောင်း၊ သုံးယောက်၊ တစ်ယောက် ဝိုင်းအုံဆွဲရမ်း ကိုင်ချုပ်နေစဉ် ခရီးသွားများတွေ့သွား၍ ဝိုင်းလိုက်ရာမှ ဆန်းညွန့်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်းညွန့်ဦးကို ထုတ်ပေးဖို့ တောင်းဆိုရာမှ ပေါက်ကွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆန်းညွန့်ဦးသည် ယခုအခါ၌ မုံရွာထောင်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ (25.8.2013) အခြေအနေသည် ပြန်လည်တည်ငြိမ်လျက်ရှိပြီး၊ လုံခြုံရေး ထူထပ်စွာချထားခြင်းမှလွဲ၍ ရောင်းဝယ်ဖောက်ကားမှု ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ မန္တလေးမြို့မှ ဂဠုန်နီ ဆရာတော်နှင့် သံဃာတော်များ ရောက်ရှိနေပြီဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါသည်။

ကန့်ဘလူအရေးပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (မြန်မာအစိုးရ၀က်ဆိုက်မှ)

ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦးအား ကာအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွား

နေပြည်တော်၊ ဩဂုတ်၊ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်လိုအပ် သည်များ ဖြည့်ဆည်းမှားကြားခဲ့ကြောင်း သိရှိရသည်။ ( သတင်းစဉ်)

(ဓာတ်ပုံ DVB)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts