အယ်ဒီတာ့လက်ရေး (၂၇)
မိတ်ဆွေတွေကို ရန်သူဖြစ်အောင် မလုပ်ကြဖို့ …
မောင်ရစ်၊ သြဂုတ် ၂၈၊ ၂၀၁၃
ဆရာကြီး ဒဂုန်တာရာ သြဂုတ်လမှ ကွယ်လွန်တယ်။ သူ့မှာတမ်းထဲက တခုကတော့ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ကြဖို့” ဖြစ်ပါတယ်။ သြဂုတ်လဟာ အမှတ်တရတွေ ၀မ်းနည်းပူဆွေးမှုတွေ၊ အလေးညွတ်ရတဲ့ သူရဲကောင်းတွေ၊ အရေးတော်ပုံတပ်သားတွေရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုတွေကို ဂုဏ်ပြုအောက်မေ့ရတဲ့ သြဂုတ်လအဖြစ် မော်ကွန်းထိုးခဲ့ရပါတယ်။ ဆရာကြီးကွယ်လွန်သွားတော့ ဆရာကြီးမှာကြားခဲ့တဲ့ “နိုင်ငံရေးမှာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ကြ …” ဆိုတဲ့ စကားကို နှောင်းလူတွေက လက်ဆက်ကမ်းသယ်ဆောင် ဖောက်လုပ်ရမယ့် သြ၀ါဒလမ်းစဉ်ပဲလေလားလို့ တွေးနေမိတယ်။ လက်တွေ့မှာတော့ ကျနော်တို့တတွေအချင်းချင်းကြားထဲမှာ လက်ခုတ်သံ တဖြောင်းဖြောင်းထက် လက်ခမောင်း ခတ်သံတွေ တဖောင်းတဖောင်းတွေက များလွန်လွန်းလို့ “မိတ်ဆွေတွေကို ရန်သူဖြစ်အောင် မလုပ်ကြနဲ့” ဆိုပြီး “ဒဂုံမောင်ရစ်” ကနေ စာပေလွှာ ပါးရမလို ဖြစ်နေပြီ ထင်ပါရဲ့။
မည်သို့ပင် ဖြစ်စေကာမူ … အရေးတော်ပုံငွေရတု အခမ်းအနားကြီးလည်း ပြီးသွားပါပြီ။ လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအစုံစုံ တက်ရောက်ကြလို့ ရှေ့ဆက်ရမယ့် သဘောထားလုပ်ငန်းစဉ်တွေ ဘာတွေလည်း ချမှတ်ကြေညာခဲ့နိုင်ပါပြီ။ ရန်ကုန်မှာသာမက မန္တလေးနဲ့တကွ မြန်မာနိုင်ငံတလွှား၊ ပြည်ပအနှံ့အပြားမှာ ၈လေးလုံး အထိမ်းအမှတ်များစွာလည်း အောင်မြင်စွာ လက်ချင်းချိတ်လို့ ကျင်းပနိုင်ခဲ့ကြပါပြီ။ ဒါ့အပြင် လမ်းမတွေပေါ်မှာ လက်ပံတောင်းဒေသအပါအ၀င် အလုပ်သမား လယ်သမားတွေရဲ့ သပိတ်တိုက်ပွဲ မျက်နှာစာတွေမှာလည်း ၈လေးလုံး အရေးတော်ပုံ စိတ်ဓာတ်နဲ့ ခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံး လွှင့်ထူပြီးတော့ မပြီးသေးသော အရေးတော်ပုံခရီးရှည်ရဲ့ မှတ်တိုင်တွေ စိုက်ထူပြသနိုင်ခဲ့ပါပြီ။ သြဂုတ်လ မိုးရေစက်တွေအောက်မှာ ကျဆုံးသွားခဲ့ကြတဲ့ ပြည်သူတွေအတွက် အောက်မေ့ ဂုဏ်ယူမှုတွေ ပြသခဲ့ကြသလို ဒီနှစ်သြဂုတ်လမှာ ကွယ်လွန်ဆုံးရှုံးလိုက်ရတဲ့ မြန်မာစာပေနဲ့ နိုင်ငံရေးစာမျက်နှာရဲ့ သောက်ရှူးကြယ်ကြီးဖြစ်တဲ့ ဆရာကြီး ဒဂုန်တာရာနဲ့တကွ စာရေးဆရာ အနုပညာသယ်များကိုလည်း ဈာပနအခမ်းအနားများနဲ့ ခွဲခွာနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြရပါပြီ။
သည်တော့ သည်အချိန်ကာလသာမယမှာ ကျနော်တို့ မိတ်ဆွေတွေ အချင်းချင်းကြားမှာ မသေကောင်း မပျောက်ကောင်း ကျန်ရစ်ခဲ့ကြသူတွေကြားမှာ၊ အရေးတော်ပုံစိတ်ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင်ဖို့ အားသစ်ခွန်သစ်နဲ့ လက်တွဲချိတ်ဆက်လာတဲ့ ခွပ်ဒေါင်းသွေးသစ်လောင်းလာတဲ့ မျိုးဆက်သစ်တွေ ကြားထဲမှာ ရန်စကား၊ ရန်သူစကားတွေ မပြောကြပါနဲ့လား။ ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ၊ အကြမ်းဖက် ရန်လိုချင်း ကင်းစွာနဲ့ သဘောထားကွဲကြဖို့၊ စိတ်ကူးလမ်းစဉ် မတူတာ တူတာတွေ ပွင့်လင်းစွာ ထုတ်ပြန်လို့ မိတ်ဆွေတွေပီပီ တူတာ တွဲလုပ်၊ မတူတာကို နားလည်မှုပေးထားဖို့ မလိုအပ်ပါလား ခင်ဗျားလို့ ရွှေနားတော် သွင်းလိုက်ချင်ပါရဲ့။
ရန်သူတွေ မိတ်ဆွေဖြစ်ဖို့ နေနေသာသာ၊ မိတ်ဆွေတွေ ရန်သူဖြစ်ကုန်တာကတော့ ‘ကိုယ်တွေ့ဟေ့ ငါ့ ကိုယ်တွေ့” လို့ မောင်ရစ်ကိုယ်တိုင် ၀န်ခံပါရဲ့။ အနှစ်အစိတ်လုံးလုံး ခံယူချက်တွေ၊ ယုံကြည်ချက်တွေကို ပတ်ဝန်းကျင်က စိန်ခေါ်မှုကျောက်ပြင်ပေါ် တင်တင်ပြီး အသွေးခံခဲ့ရတာ လိမ်းကျံစရာ ရနံသင်းတဲ့ သနပ်ခါးမဖြစ်ဘဲ ကိုယ်တိုင်က လုံးပါးပါးပြီး ရွာပြင်ထွက်နေရတဲ့ အဖြစ်တွေ၊ သင်ခန်းစာတွေက များလွန်းလှသကိုး မင်းကြီးများ လို့ပဲ ညီးရမလို ဖြစ်နေလို့ပါ။ ဟော … လာပြန်ပြီ ပွဲတပွဲ ဆိုလို့ ဗေထိ ဆိုတာနဲ့ မောင်ရစ်တို့ ဗမာတွေက ဟက်တက်ကြီး ကွဲပြီးသား ဖြစ်နေတာက အနှစ် အစိတ်တောင် ရှိနှင့်တော့မကိုးလေ။ သည်တော့ အခုလို စပ်ကူး မတ်ကူး အပြောင်းအလဲကာလမှာ ညီအကိုမသိတသိကာလ (မင်းကိုနိုင်၏ စကားအသုံး) မှာ ကျနော်တို့တတွေက မည်းမည်းမြင်တာနဲ့ လက်ညိုး နာနာထိုးပြီး (သရဲကြီးဟဲ့ တစ္ဆေကြီးဟဲ့ အော်နေတာ နောက်တော့မှ အိမ်အောက်ဆင်းအပေါ့သွားတဲ့ ကိုယ့်ကြီးတော်ကြီး ဖြစ်နေ ဆိုသလို) အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာတွေ၊ ရန်စကားလွှင့်တာတွေကို လျော့ကြမှ၊ ပြင်ကြမှ ဖြစ်မယ်လို့ တွေးနေမိပါရဲ့။
လွှတ်တော်ထဲပဲ တက်တက်၊ လွှတ်တော်အပြင်ကပဲ အော်အော်၊ သပိတ်စခန်းတွေပဲ ဖွင့်ရ ဖွင့်ရပေါ့လေ … တရားမျှတမှု နဲ့ လွတ်လပ်ရေး မရမချင်းမှာ ကိုယ့်မိတ်ဆွေတွေ လျော့မသွားအောင် ကြိုးစားကြမှ ဖြစ်မယ် ထင်မိတယ်။ အချင်းချင်းတွေ မဲတင်းကြဖို့ လိုလိမ့်မယ်။ ဥပမာ နီးစပ်တာတခု ပြောရရင် ဒေါ်စု အမေရိကန်ပြည်လာလည်မယ် ဆိုတော့ ဒေါ်စုအရေး ဒို့အရေး စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး သိမ်းကျုံးဟစ်အော်ပြီး အိုးပစ်၊ အိမ်ပစ်၊ ပုဆိုးမနိုင်၊ ပုဝါမနိုင် အော်ဟစ်ဆူပူခဲ့ကြသူ ဗမာ့အရေး နိုးကြားလှုပ်ရှားသူ တက်ကြွသူ ကွန်မြူနီတီဟာ အမေစုကို တွေ့ရတော့မယ်၊ နှုတ်ဆက်ရတော့မယ်။ တွေ့ရာခန်းမ မဆိုင်းမတွ အားပါးတရ ထိုင်ကန်တော့ပြီး နှုတ်ဆက်ကြရတော့မယ် … အထင်တလုံး ရောက်ခဲ့ကြတာကလား။ နောက်ကျတော့လည်း ကိုယ့်ဗမာအချင်းချင်း ဖက်လုံးနေကြတာနဲ့တင် ဒေသခံအမေရိကန်တွေ ၀ှဲချီးကျင်းပတဲ့ ဒေါ်စုပွဲတော်တွေမှာ ကိုယ့်ဗမာတွေက အဝေးကနေ တန်းစီ တိုးကြည့် လျောက်ပြန် သံပေး၊ ခြေအေး ၀မ်းယောင်၊ ပေးချင်တဲ့ လက်ဆောင် ခြံထွက်ဗူးသီးတလုံးတောင် ကောင်တာမှာ မျက်နှာအငယ်ခံပေးခဲ့ရလို့ ပြည်ပရောက်လဲမျက်နှာမွဲနေဆဲ (သခင်မျိုးဟေ့) ဒို့ဗမာတွေခင်မျာ ချစ်အားငယ်ရသူ သီချင်းလေးနဲ့ အိမ်ပြန်ခဲ့ကြရတယ် မဟုတ်ပါလား။ မျက်နှာကြီးသူ၊ လက်ကြီးသူ၊ ဖျာကြီးကြီးအဆင်သင့် ယက်ထားသူ၊ အကွက်မြင်သူများကတော့ ဒေါ်စုအပြန်မှာ အမေရိကန်ကနေ ကုန်သည်ကြီးများအသင်းတို့၊ သမီးယောက်ဖမြို့တော်ဖွဲ့စည်းရေးတို့တွေနဲ့ ဘုရားဖူးမစ်ရှင်၊ လိပ်ဥတူးမစ်ရှင်တွေနဲ့ ပွဲပြန် ကျော့ကျော့ဖြစ်ကုန်ကြတာကိုလည်း ပြန်တွေးလိုက်ရင် ကေးဝပ်ပုဏ္ဏားများ မှန်ကြည့်မိတိုင်း အမာရွတ်မြင် စိတ်နာဆိုသလို အဲလေ … အသည်းနာ ကမ္ဘာမကြေ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။ အချင်းချင်းတွေ ဖက်လုံးနေကြတာနဲ့ ကိုယ့်မိတ်ဆွေတွေ ရန်သူတွေဖြစ်ကုန်တဲ့အခါ မဆိုင်သူတွေ ၀မ်းသာနေကြမှာ ဆင်ခြင်သိနဲ့ သတိရှိစေချင်မိပါရဲ့။
ဒီလိုနဲ့ပဲ မင်းကိုနိုင်နဲ့ ကိုကိုကြီး လာကြပြန်တော့လည်း ပွဲကြိုက်ခင် မောင်ရစ်တို့ဗမာတွေလည်း ထပ်ပြီး ဖက်လုံးကြ၊ ဟော … မင်းဇေယျ၊ ပြုံးချို၊ အံ့ဘွယ်ကျော်နဲ့ ဗသက်အောင်တို့ လာပြန်တော့လည်း ငါ့ဧည့်သည်ဟဲ့ … သူဧည့်သည်ဟဲ့နဲ့ လုကြယက်ကြ။ ငါ့အရေးအတွက်လာတာဟဲ့ … သူ့အရေးအတွက် လာတာဟဲ့ ဆိုပြီး သူထက်ငါ ခွက်စောင်းခုတ်ကြနဲ့ အဆုံးမတော့ အလကားကျော်စွာ ရွှေမန်းမောင်မောင် အဲလေ လွှတ်တော်ဥက္ကဌကြီး ရွှေမန်းနဲ့ သူ၏ ကြောင်ဖားများအုပ်စုကသာလျင် ပြည်တော်အ၀င်လှ ခဲ့ကြတာလည်း ပြန်တွေးမိတိုင်း မျက်ရည်ဝိုင်းမိတာပေါ့ ဂျီးဒေါ်ရေ့ လို့ ဟစ်လိုက်ချင်မိပါရဲ့။
နှစ်ပေါင်းများစွာ ကျောချင်းကပ်၊ ရင်ချင်းအပ်ခဲ့ကြတဲ့ ရဲဘော်မိတ်ဆွေဆိုသူတွေဟာ ဘာမဟုတ်တဲ့ ပွဲလမ်းကလေး၊ အခမ်းအနားလေး၊ ညီလာခံလေးတွေမှာ သဘောထားလေးတွေ၊ အယူအဆလေးတွေ၊ အပေးအယူလေးတွေ လွဲကြတာနဲ့ နင်ပဲ ငဆ သေခန်းပြတ်ဟဲ့၊ ကာလနာဟဲ့၊ သေချင်းဆိုးရဲ့ လို့ အပျက်ပျက်နဲ့ နှာခေါင်းသွေးတွေ မထွက်သင့်ဘူးလို့ ထင်ပါတယ်။
ဗမာပြည်ကြီးတခုလုံးနဲ့ ချီပြီး၊ တိုင်းရင်းသားတွေရဲ့ အနှစ်နှစ်အလလ မပြီးပြတ်သေးတဲ့ ပြည်ထောင်စုအရေးတွေနဲ့ ချီပြီး၊ နိုင်ငံတကာက တရုတ်၊ ကုလား၊ အမေရိကန်၊ အာဆီယံအပါအ၀င်က ဗမာပြည်ကြီးအရေး ၀ိုင်းဝန်းစောင့်ကြည့်နေတဲ့ အချိန်ကာလ အခြေအနေနဲ့ ချီပြီး စဉ်းစားလို့ ကိုယ့်မိတ်ဆွေတွေကို ရန်သူစာရင်းမသွင်းမိဖို့ လိုပါကြောင်း တွေးမိပါတယ်။ အဲသည်လို တွေးမိတဲ့အတိုင်း မောင်ရစ်ရဲ့ မိုးမခဇရပ် ကျုးကျော်တဲလေးထဲ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းဇေယျတယောက် ခေတ္တလာရောက် မိုးခိုနေတုန်း နားပူနားဆာ ပြောမိပါကြောင်း သက်သေထူလိုက်ချင်ရဲ့။
မိတ်ဆွေဆိုမှတော့ ရန်သူမဟုတ်ဘူးပေါ့ဗျာ။ ရန်သူမဟုတ်မှတော့ ချစ်ခင် ရင်းနှီးစွာ ပြောဆို ဆွေးနွေး တိုင်ပင် ညှိနှိုင်းနိုင်ရမှာပေါ့။ မတူတာလဲ ရှိ၊ တူတာလဲ ရှိမှာ ဖြစ်ပါတယ်။ တူတဲ့အခါ ဆွေ့ဆွေ့ခုန် လက်ခုတ်လက်ဝါးတီး၊ သဘောချင်းမတူတဲ့အခါ စိတ်ဆိုး ခြေဆောင့် အော်ဟစ် ရန်တွေ့ အရပ်တကာလှည့် အတင်းပြော၊ အမုန်းစကားပွား … ဆိုတာ “ကလေးကွက်”တွေပါ။ ရန်သူတွေတောင်မှ ကိုယ့်မိတ်ဆွေတွေကို သေနတ်နဲ့ မပစ်တော့ဘူး၊ အပစ်ရပ်လိုက်ကြပြီ။ ထောင်တန်း မချတော့ဘူး၊ ထောင်တံခါး (တခြမ်းလောက်တော့) စေ့လိုက်ကြပြီ။ ရန်သူတောင်မှ မိတ်ဆွေတွေကို မီးသတ်ပိုက်နဲ့ ထိုးပြီးရင် ဆေးပြန်ကုပေးရကောင်းမှန်းလောက်တော့ သိလာနေပြီ။ ဖမ်းပြီးရင် ပြန်လွှတ်ပေးရတယ်ဆိုတာလောက်တော့ နားလည်စ ပြုလာပြီ။ ရန်သူဟာ စာနယ်ဇင်းစာမျက်နှာ တဖက်တချက်မှာ ဝေဖန်စကားပြောခွင့် ပေးနိုင်သလောက် ပေးလာကြပါပြီ။ ရန်သူဟာ မိတ်ဆွေတွေကို ကျည်ဆံတွေ၊ ပြစ်ဒဏ်တွေ၊ ပိတ်ဆို့ တားဆီးမှုတွေနဲ့ မပစ်ခတ်တော့ဘဲ တခြားအရာတွေနဲ့ ပစ်နေပြီ ဖြစ်ပါတယ်။ (တွေးကြည့်ကြပေါ့ဗျာ)။ သည်တော့ ကျနော်တို့တတွေကလည်း မိတ်ဆွေတွေကို အမုန်းတရားတွေနဲ့ မပစ်လိုက်ကြပါနဲ့လို့ ပြောချင်မိပါရဲ့။
ကျနော်တို့က မိတ်ဆွေတွေကို မမုန်းပါဘူး။ ဥပက္ခာလည်း ပစ်မထားပါဘူး။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ဝေဖန်စရာရှိတာလည်း ဝေဖန်ရမှာပါ။ ရန်သူကို မိတ်ဆွေမလုပ်တတ်သေးရင်တောင်မှ ဖြစ်ပြီးသား မိတ်ဆွေတွေကို ရန်သူဖြစ်အောင်မလုပ်တဲ့ အနုပညာကိုတော့ ဆက်လက်ရေးဖွဲ့ကြရဦးမှာပါ။ ကိုယ့်လူတွေ အသောက်မတော် တခွက်၊ အသွားမတော် တပွဲ မဖြစ်အောင်လည်း ကြည့်ပြောရဥိးမှာပေါ့။ မောင်ရစ်က ရစ်လိုက်တာနဲ့ပဲ မိုးမခက ဒေါ်စု ဆန့်ကျင်ရေး၊ ၈၈ ဆန့်ကျင်ရေး၊ ပြည်ထောင်စု ဆန့်ကျင်ရေး၊ မျိုးချစ်ဆန့်ကျင်ရေး တွေ ဖြစ်နေတယ်။ မောင်ရစ်ကို ဆန့်ကျင်ကြ၊ မိုးမခကို အပြုတ်တိုက်ကြ၊ ငါ့နဲ့မတူ ငါ့ရန်သူ၊ အဆိုးမြင်ဝါဒီများအား အမြစ်မကျန် ဆန့်ကျင် ချေမှုန်းကြဆိုတဲ့ (ရန်သူတွေ ဟိုအရင်က ခေါငးထဲရိုက်သွင်း ၀ါဒဖြန့်ခဲ့ဖူးတဲ့) ကြွေးကြော်သံတွေ အော်နေလည်း အော်ရတဲ့သူ၊ အမုန်းစိတ်ပွားရတဲ့သူတွေ ပင်ပန်းတာပဲ အကုသိုလ်ပွားရတာပဲ အဖတ်တင်ပါတယ်။ တကယ်တမ်းကျတော့ ကျနော်တို့တတွေဟာ ကိုယ့်လမ်းကိုလျောက် ကိုယ့်ဇာတ်ကိုသိမ်းကြရမယ့် သူတွေချည်းသာ။ ဘ၀နိဂုံး အဆုံးမသတ်ခင်မှာ မိတ်ဆွေတွေနဲ့ လမ်းကို ဖြောင့်အောင် လျောက်ကြမှ ဖြစ်မှာပါ။
(သရုပ်ဖော်ပုံများ – ကာတွန်းမောင်ရစ်၏ မိုးမခကာတွန်းဘောက်စ်က ပုံများ)