“ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ရွာလည်ပေတော့မည်
တူမောင်ညို (၂၀၁၃ ခုနှစ်၊ သြဂုတ် ၂၇ )
ပါလီမန်ဒီမိုကရေစီစနစ်၌ နိုင်ငံရေးပါတီတစ်ရပ်သည်(အာဏာရပါတီဖြစ်စေ/အတိုက်အခံပါတီဖြစ်စေ)ပါလီမန်တွင်း/ပါလီမန်ပ၊ လွှတ်တော်တွင်း/ လွတ်တော်ပတိုက်ပွဲ စစ်မျက်နှာ နှစ်ရပ်စလုံး ဖွင့်၍တိုက်ပွဲဝင်ရမည်သာဖြစ်သည်။
ပါလီမန်ဒီမိုကရေစီစည်းဝိုင်းထဲက နိုင်ငံရေးပါတီတစ်ရပ်သည် ကြိုးဝိုင်းထဲက လက်ဝှေ့သမားတစ်ဦးကဲ့သို့ပင် သူ၏ကျင်လည် စွာ၊ လျင်မြန်စွာလှုပ်ရှားနိုင်သည့် အဆုတ်အတက်ခြေလှမ်းများနှင့်အညီ ဘယ်/ညာလက်သီးနှစ်လုံးဖြင့် တစ်ဖက်ယှဉ်ပြိုင်သူကို ထိထိမိမိ ထိုးနှက်ရလိမ့်မည်။
အာဏာရပါတီ၏ မူဝါဒ၊ပေါ်လစီများ၊ လက်တွေ့ဆောင်ရွက်ချက်များကို အတိုက်အခံပါတီတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ လက်တွေ့နှင့်ရေရှည်အကျိုးစီးပွားဘက်မှရပ်တည်ကာ ပြတ်ပြတ်သားသား ဆန်းစစ်၊ထောက်ပြ၊ဝေဖန်၊ဖွင့်ချရလိမ့်မည်။ “၂၀၀၈အခြေခံ ဥပဒေ” စည်းဝိုင်းထဲတွင် မှတ်ပုံတင်ပါတီတစ်ရပ်အတွက် ထိုကဲ့သို့ လွတ်လပ်မှုနှင့်ဒီမိုကရေစီအခွင့်အရေးများအပြည့်အဝရှိပါ၏လော။
ထို့အပြင် တစ်ဖက်မှလည်း အာဏာရပါတီ၏ လုပ်ဆောင်မှုများအနက်မှ ပြည်သူ့အကျိုးလက်တွေ့ဖြစ်ထွန်းမှုရှိသော တစ်ခုခြင်း ကိစ္စများ၌ အတူယှဉ်တွဲဆောင်ရွက်ကြရတာမျိုးလည်းရှိပေလိမ့်မည်။
လက်တွေ့၌ ဒီချုပ်သည် ဤသို့ မလုပ်ခဲ့/ မလုပ်နိုင်ခဲ့။ “မတိုက်ခံ ပါတီ NLD” ဟုပင် အချို့ကပြောနေကြသည်။
လွှတ်တော်တွင်း၌လည်း ထိထိရောက်ရောက်တိုက်ပွဲဆင်ခြင်းမပြုနိုင်သလို၊ လွှတ်တော်ပတိုက်ပွဲများကိုလည်း လျစ်လျူရှုထား သည်။ ပစ်ပယ်ထားသည်။ လွှတ်တော်ပတိုက်ပွဲဝင်မှုများ/တိုက်ပွဲနေသူများနှင့်ပတ်သက်လာလျှင် နှာစေးနေသည် သို့မဟုတ် ပစ်ပစ်ခါခါ ပြောတတ်သည်။
နာယကကြီးဦးဝင်းတင်ကမူ လွတ်တော်တွင်း/လွတ်တော်ပတိုက်ပွဲသည် လူတစ်ယောက် ဘယ်/ညာခြေလှမ်းလှမ်း သကဲ့သို့ ညီညာရမည်ဟူသည့် သဘောမျိုးပြောဖူးသည်ကို မှတ်သားရဖူးသည်။ လွှတ်တော်ပတိုက်ပွဲများကို ကောင်းချီးသြဘာပေးလေ့ရှိ၏။
သို့သော်လည်း ဒီချုပ်ပါတီသည် နာယကကြီး ပြောသကဲ့ ခြေလှမ်းမျိုး လှမ်းပါ၏လော။
ပွင့်ပွင့်လင်းလင်းပြောရလျှင်မူ ယနေ့လွှတ်တော်တွင်းတိုက်ပွဲဆိုသည်မှာ ဒီချုပ်ပါတီအဖို့ပြောရလျှင် မတိုက်ခင်ကပင် ရှုံးနေပြီး သား ဖြစ်သည်။
အဆိုတစ်ခု/ဥပဒေကြမ်းတစ်ရပ်ကိုဆွေးနွေး/ အတည်ပြုကြရာ၌ ဒီချုပ်အမတ်ဦးရေသည် ထည့်စဉ်းစားရန် မလိုအပ်သော အနေအထားကို ယနေ့လွှတ်တော်တွင်း၌ ကြံ့ဖွံ့ပါတီက ပိုင်ဆိုင်ရရှိထားသည်။ ဗိုလ်ရွှေမန်းကဆိုလျှင် သမ္မတဗိုလ်သိန်းစိန် ကို ဖုတ်လေသည့် ငပိရှိတယ်လို့ပင် ပမာမထားဘဲ၊ အကြိမ်ကြိမ်“ကျော”နေသည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်မဟုတ်ပါလော။ သမ္မတသည်လွှတ်တော် ဥက္ကဋ္ဌကို နာခံနေရသည်။ “၂၀၀၈ အခြေခံဥပဒေ” အရ သမ္မတအုပ်ချုပ်ရေးစနစ်ဖြစ်ပုံရသော်လည်း ထိုသမ္မတအုပ်ချုပ်ရေးစနစ်သည် “လွှတ်တော်ဥက္ကဋ္ဌအလိုကျသမ္မတစနစ်”ဖြစ်နေသည်။ သို့ဖြင့် အရာရာကို ပြဋ္ဌာန်းနေသူမှာ ဗိုလ်ရွှေမန်းပင်ဖြစ်နေတော့သည်။
ယင်းအချက်ကြောင့် ဒီချုပ်ဥက္ကဋ္ဌသည် ဗိုလ်သိန်းစိန်မှ ဗိုလ်ရွှေမန်းသို့ “ပြောင်းလဲသွားခြင်း” ဖြစ်မည်ဟုထင်သည်။
ဒီချုပ်ဥက္ကဋ္ဌ၏ ထို “အပြောင်းအလဲ”သည် ယနေ့ကာလ၌ထင်သာမြင်သာအရှိဆုံးအပြောင်းအလဲတစ်ခုဖြစ်ပါလိမ့်မည်။
“အပြောင်းအလဲ” ကို လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းကသာ ဆောင်ကျဉ်းပေးလာနိုင်လိမ့်မည်ဟုလည်းထင်နေပုံရပါသည်။
ပါလီမန်စနစ်တွင် လွှတ်တော်ထဲ၌ များရာမဲကသာအရာရာကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။
လွှတ်တော် ထဲ၌ကြံ့ဖွံ့ပါတီက အမတ်အများစု ဖြစ်သည်။ ဒီချုပ်အမတ်ဦးရေ စုစုပေါင်းသည် ကြံ့ဖွံအမတ်စုစုပေါင်း၏ အစွန်း ထွက်ပင်မရှိပါချေ။
“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ကြွေးကြော်နေသော်လည်း ပြင်ဆင်ရေးနှင့်ပတ်သက်၍တိကျသောလုပ်ငန်းစဉ်လမ်းစဉ်ကို ဒီချုပ်ပါတီဝင်များ၊ ပြည်သူများသိရှိလေ့လာနိုင်ရန် ယနေ့အထိ ထုတ်ပြန်ခြင်းမရှိခဲ့။ ဤသည်မှာ ဒီမိုကရေစီကိုယုံကြည်သော ပါတီ တစ် ရပ်၊ “ပြည်သူမပါ ဘာမျှမဖြစ်၊ ပြည်သူသည်သာ အခရာ”ဟု ဆိုနေသော ပါတီတစ်ရပ်နေဖြင့် ကြီးမားသောတာဝန်ပျက်ကွက်မှုကြီး တစ်ခု ဖြစ်ပါသည်။
“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” လှုပ်ရှားမှုတွင် ပြည်သူတွေအင်တိုက်အားတိုက် ပါဝင်လာမည်ကိုပင် ထိတ်လန့်စိုးရိမ်နေ လေသလော၊ ပြည်သူတွေပါဝင်လျှင်ရရှိနေသည့် စိုပြေမှုအခိုက်အတံ့ကလေး ခန်းခြောက်ပျက်သုန်းသွားမှာ ပူပင်နေကြလေရော့သလား။
ယခုအခါ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ (၁၀၉ ဦးကော်မတီ) ဖွဲ့စည်းခဲ့ပြီ။
ထိုကော်မတီ၌ပါဝင်ရသော ဒီချုပ်အမတ်ဦးရေသည် “၁၀၉ ဦးကော်မတီ”၏ အစွန်းထွက်ထက်ပင်၂ ဦး နည်းနေသည် မဟုတ် သလော။ ထိုကော်မတီတွင် ဗိုလ်ရွှေမန်း၏ ကြံ့ဖွံ့ပါတီမှ အမတ် ၅၂ ဦးနှင့် ကာချုပ်၏ စစ်သားအမတ် ၂၅ ဦးပါသည်။ ကြံ့ဖွံ့အမတ် နှင့် စစ် သားအမတ်ပေါင်းလျှင်ပင် ၇၇ ဦးရှိသဖြင့်၊ ထိုကော်မတီတွင်းတိုက်ပွဲ၌လည်း ဒီချုပ်အဖို့မတိုက်မီကရှုံးနေခဲ့ပြီ။ “၁၀၉ ဦးကော်မတီ”၏ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် တွဲဘက်အတွင်းရေးမှူးများကလည်း ကြံ့ဖွံ့ပါတီမှ အမတ်များသာဖြစ်သည်။
“၁၀၉ဦးကော်မတီ” ၏ ပထမဆုံးအကြိမ်အစည်းအဝေးမှနေ၍ “ကော်မတီ၏ လေ့လာသုံးသပ်မှုအစီရင်ခံစာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ” ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။
“ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ကား ရွာလည်ပေတော့မည်။
ပြင်ဆင်ရန်ခက်ခဲအောင် စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မအတည်ပြုခဲ့သူများက “၂၀၀၈ အခြေခံဥပဒေ” ကို “လေ့လာသုံးသပ်” ဦး မည်ဟု ဆိုနေသည်မှာ ယနေ့ကာလမြန်မာ့နိုင်ငံရေးတွင် ရယ်ဖွယ်အကောင်းဆုံး ဟာသပြက်လုံးတစ်ခုပါပေ။
“ဆိတ်ဖွားကော်မရှင်”သည် “အမှောင်ထဲမှ ခဲပေါက်သူမျက်နှာကြီး” ကို မဖေါ်ထုတ်ဝံ့ဘဲ၊ “ပြင်းထန်စွာသတိပေးလိုက်သည်” ဆိုသည့် စကားတစ်ခွန်းဖြင့် တစ်စခန်းရပ်သွားခဲ့ရဖူးလေ၏။
“၁၀၉ ဦးကော်မတီ”သည်လည်း “၂၀၀၈အခြေခံဥပဒေသည် အကွက်စေ့လှသဖြင့်ပြုပြင်ရန် လောလောဆယ်မလိုအပ်သေးပါ” ဟူသောမှတ်ချက်ဖြင့် တစ်စခန်းရပ် မသွားနိုင်ပါသလော။
“ဆိတ်ဖွားကော်မရှင်”ကဲ့သို့ အချိန်ကုန်ငွေကုန်၊ လူပမ်း၊အကျိုးမဲ့၊ မဖြစ်ရလေအောင်၊ “၁၀၉ ဦးကော်မတီ”သည် သက်ရှိထင် ရှားရှိနေကြပြီး “၂၀၀၈ အခြေခံဥပဒေ” မူကြမ်း ရေးဆွဲစဉ်က ပါဝင်ခဲ့ သူများကို ခေါ်ယူမေးမြန်းကာ အကြံဉာဏ်များတောင်း ဆိုခြင်းသည် ဆီလျော်လှပေလိမ့်မည်။ ထိုသူတို့သည်သူတို့ပါဝင်ရေးခဲ့ကြသော “၂၀၀၈အခြေခံဥပဒေ”၏ အတိမ်အနက်၊ အထိန်အဝှက်တွေကို သူတို့ အသိဆုံးသာဖြစ်ပေလိမ့်မည်။
ယင်းတို့အနက်အချို့မှာ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအဖွဲ့တွင်ပါဝင်နေကြပြီး၊ အချို့မှာကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ် များ ဖြစ်နေ သည်။ သမ္မတဗိုလ်သိန်းစိန်သည်ပင် “ညောင်နှစ်ပင်ညီလာခံ” ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သည်။
ထိုသူတို့ကား ဦးအောင်တိုး (တရားသူကြီးချုပ်အငြိမ်းစား)၊ ဗိုလ်ကျော်ဆန်း (သမဝန်ကြီး)၊ ဗိုလ်ခင်အောင်မြင့် (အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ)၊ ဒေါက်တာထွန်းရှင် (ရှေ့နေချုပ်)၊ ဦးထွန်းထွန်းဦး (ပြည်ထောင်စုတရားသူကြီးချုပ်)၊ ဒေါက်တာစိုးရင် (ကြံ့ဖွံ့အမတ်၊ ကမာရွတ်မြို့နယ်) ၊ ဦးတီခွန်မြတ် (ကြံ့ဖွံ့အမတ်၊ ကွတ်ခိုင်မြို့နယ်) ၊ဦးဟောက်ခန့်မန် (ကြံ့ဖွံ့အမတ်၊ တွန်းဇံမြို့နယ်)၊ ဦးရှီးသီး (ကြံ့ဖွံ့ အမတ်၊ လေရှီးမြို့နယ်) ၊ ဦးစောအောင်ကျော်မင်း (ကြံ့ဖွံ့အမတ်၊ ကြာအင်းဆိပ်ကြီး ၁) တို့ဖြစ်သည်။
ညွန်း
– “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၁၃)” – ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာတည်းအဖွဲ့၊ စုဆောင်းပြုစုသည်၊
Photo credit – http://www.asianews.it/files/img/burma_constitution.jpg