ခေတ်ပြိုင်အတွေ့အကြုံ

Maung Oo – The past, 93 silver evening

 “၉၃ ငွေရောင် ညနေ”
မောင်ဦး။ သြဂုတ် ၃၁၊ ၂၀၁၃

ယနေ့(၃၀ သြဂုတ် ၂၀၁၃ သောကြာနေ့) နံနက် ၁၁ နာရီခန့်တွင် ဖုန်းဝင်လာသည်။ ဘယ်သူလဲကြည့်လိုက်တော့ သူငယ်ချင်းတစ်ယောက်ဆီက။

“ဟေ့ကောင် ဒီနေ့ ကုလားတို့ပွဲရှိတယ်။ ကြည့်ရအောင်၊ မင်း နေ့တစ်ဝက် အားတယ်မဟုတ်လား။”

မိမိတို့က သန်းတိုးအောင်ကို ကျောင်းမှာ ကုလား ဟု ခေါ်သည်။
ဟုတ်သားပဲ။ ၉၃ ငွေရောင်မျိုးဆက်နဲ့ ထိုင်း လက်ရွေးစင်ဟောင်းတို့ ချစ်ကြည်ရေးပွဲရှိတာပဲ။ မေ့နေတာ။ ဝမ်းသာအားရနှင့်

“အေးအေး၊ ငါ မေ့နေတာ။ သွားမယ်။ စောစောသွားရအောင်။ နေ့လည် ၂ နာရီ လောက် သွားကြမယ်။ ကွင်းဝင်ကြေးက free ဆိုတော့ လူများလိမ့်မယ်” ဟု ပြန်ပြောလိုက်သည်။

မိမိက နောက် သူငယ်ချင်းတစ်ယောက်ကို လှမ်းချိတ်သည်။ သူကလည်း လာမယ်တဲ့။ ၃ ယောက်ဆိုတော့ ပိုကောင်းသည်ပေါ့။ သို့သော် နေ့လည် ၁ နာရီခွဲလောက်မှာ ခုနက သူငယ်ချင်းက ဖုန်းပြန်ဆက်သည်။ သူမလာနိုင်တော့တဲ့အကြောင်း။ ဘောလုံးပွဲပြီးတော့မှ ကွင်းကို သူလာခဲ့မည်။ နောက်တစ်ပွဲတဲ့။ ဘာများပါလိမ့်။ ထားတော့။

သည်လိုနှင့် သုဝဏ္ဏကွင်းကို နေ့လည် ၂ နာရီလောက် ရောက်သွားကြသည်။ မည်သူမျှမရှိ။ သွားပြီ၊ ရက်များ မှားသလား။တစ်ယောက်နှင့်တစ်ယောက် မေးကြသည်။ နောက်ဆုံး တာဝန်ရှိသူတစ်ယောက်ကို သွားမေးကြတော့မှ အောင်ဆန်းကွင်းမှာ ကန်မှာတဲ့။ တော်သေးတာပေါ့ ဟု ပြောကြရင်း ရယ်မိကြသည်။ မိမိတို့ အားသောရက်နှင့် ဘောလုံးပွဲ တိုက်ဆိုင်ဖို့ဆိုသည်မှာ ရှားရှားပါးပါး ဟု ပြောလျင် ရနိုင်သည်။ သို့ဖြင့် မိမိတို့နှစ်ယောက်သား အောင်ဆန်းကွင်းသို့ ဆက်လက်ချီတက်ကြသည်။

အောင်ဆန်းကွင်းရောက်တော့ ၃ နာရီ ထိုးခါနီးပြီ။ ပွဲကြည့်စဉ်သို့တက်ကြည့်တော့ လူ ခပ်ကျဲကျဲ။ အပေါ့အပါးသွားကြရအောင် ဟု ပြောရင်း အောက်သို့ပြန်ဆင်းလာကြပြန်သည်။ အိမ်သာလိုက်ရှာကြရင်း

“ဟိုမှာ မင်းဇော်ဦး” တဲ့။

လှမ်းကြည့်လိုက်တော့ အနီရဲရဲ ဝတ်စုံများနှင့် ထိုင်နေကြသော လူတစ်စု။ သူတို့ကလည်း မိမိတို့ကို လှမ်းကြည့်နေကြသည်။ အမှန်က မိမိတို့ရှာသည်က တစ်ခြား။ မိမိက သူတို့ကို စူးစူးရဲရဲ မကြည့်။ အားနာနေသည်။ ဟိုကြည့်၊ သည်ကြည့်လုပ်ပြီး ပြန်လှည့်လာကြရင်း အတူပါလာသူ သူငယ်ချင်းက ဝန်ထမ်းတစ်ယောက်ကို အပေါ့အပါးသွားဖို့ ဘယ်နေရာလည်း သွားမေးသည်။ ထိုသူညွှန်ရာဘက်သို့လျှောက်လာကြရင်း မိမိက “ခုနက ကုလားကို ငါ တွေ့လိုက်သလိုပဲ။ သူကလည်း တို့ကို လှမ်းကြည့်နေတယ်” ဟု သူငယ်ချင်းဖြစ်သူကို ပြောမိသည်။ “ဟုတ်လား၊ မင်း တွေ့လိုက်လား၊ ငါတော့ သတိမထားမိဘူး” ဟု ပြန်ဖြေရင်း

“ဟိုမှာ၊ ဟိုမှာ ကုလား” ဟု မိမိကို လက်ညှိုးထိုးပြသည်။ 

လှမ်းကြည့်လိုက်တော့ ခြေထောက်ခွင်ခွင်နှင့် လျှောက်လာသော ခြေထောက်နှစ်ချောင်း၊ မုန့်ဆိုင်ကို မိုးထားသော ထီးက ကွယ်နေသောကြာင့် မျက်နှာကိုမမြင်ရသေး။ သို့သော် လုံလောက်ပါသည်။ သန်းတိုးအောင်ကို မျက်နှာမြင်စရာမလို။ လမ်းလျှောက်ပုံကို မြင်ရုံနှင့် မိမိတို့ပြောနိုင်ပါသည်။ အနားရောက်တော့ သူကလည်း ကြိုမြင်ထားပုံရသည်။ လက်ဆွဲနှုတ်ဆက်ကြ၊ စကားပြောကြရင်း ခုနက လူစုထိုင်နေရာဘက်သို့ပြန်လျှောက်လာရင်း စကားပြောလာကြသည်။

ထိုင်းဘက်က ကိုင်တီဆတ် မပါတဲ့အကြောင်း၊ နာတီပွန်တော့ ပါတဲ့အကြောင်း၊ ထိုင်းတွေက ပါးပါးလျားလျား၊ သူတို့ကတော့ ဟု မြင်တဲ့အတိုင်းပဲ။ ဝတုတ်နေတဲ့အကြောင်း၊ သူလည်း ဖျားနေတဲ့အကြောင်း စသည်ဖြင့် …။

လမ်းခွဲခါနီး “မင်းတို့ ဘောက်(စ်)ထဲမှာကြည့်ပါ။ သန်းတိုးအောင် သူငယ်ချင်းတွေပဲကွာ၊ ရပါတယ်” ဟု သူ့စေတနာကို ဖော်ပြသော စကားကိုပြောသည်။ မိမိတို့ သူပြောတဲ့ ဘောက်(စ်)ထဲမှာ မကြည့်ပါ။ သာမန်လူတွေကြည့်သောပွဲကြည့်စဉ်မှာပဲ ကြည့်ကြပါသည်။

အချိန်အနည်းငယ် စောနေသောကြာင့် လဘက်ရည်သောက်ကြသည်။ နောက်ထပ်သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်၍ ခေါ်ပြန်သည်။ သူကလည်း မလာဖြစ်။ မိမိတို့နှစ်ယောက်တည်းပေါ့။

မိမိ စိတ်မကောင်းဖြစ်မိသည်က ထင်သလောက် လူမများခြင်းကို ဖြစ်သည်။ ဘာကြောင့်ပါလိမ့် ဟု အချင်းချင်း မေးမိကြသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်ပေါ့လေ ဟု ‘ဆရာ အထောက်တော် လှအောင်’ လေသံနှင့် ပြောရမည်လား။

မိမိတို့ ပွဲကြည့်စဉ်ပေါ် ရောက်တော့ ၃ နာရီ ခွဲခါနီး။

ကြည်လွင်၊ တင်မြင့်အောင်၊ ဝင်းအောင်၊ မျိုးလှိုင်ဝင်း၊ ရဲထွဋ်၊ အေးနိုင် စသည်ဖြင့် သွေးပူလေ့ကျင့်ခန်း လုပ်နေသူတွေကို နာမည် လိုက်ဖော်နေကြသည်။ တွေ့ပါပြီ။ အောင်ထွန်းထွန်း၊ ကျောနံပါတ် ၂၅။

ကစားသမားတွေက ပရိသတ်ကို နှုတ်ဆက်တော့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်။ အမှတ်တရ ဓာတ်ပုံများ ရိုက်ထားလိုက်သည်။ ယခင်တုန်းကလိုတော့ မကစားနိုင်ကြ။ အသက်က စကားပြောလာပြီလေ။ စိတ်သွားတိုင်း ကိုယ်မပါဆိုတာ လက်တွေ့မြင်ကြရသည်။ ပရိသတ်က တသောသော။ သူတို့ချစ်သောသူတွေ ကို့ယို့ကားယားတွေ ဖြစ်နေတာကို ရယ်နေကြသည်။ တစ်ခါတစ်ရံ ငယ်မူငယ်သွေးလေးပြလိုက်လျင် လက်ခုပ်သံ တဖျောင်းဖျောင်း။ ပွဲပြီးတော့ ၃ ဂိုး – ၁ ဂိုး။ ထိုင်းအသင်းက နိုင်သွားသည်။


ဘောလုံးပွဲက အပြန် လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ပုံရိပ်များကို မြင်ယောင်နေမိသည်။

စင်္ကာပူ နိုင်ခဲ့သော ပုံရိပ်တွေ၊ ထိုင်းကို ဖိုင်နယ်(လ်) မှာ ၄ ဂိုး – ၃ ဂိုး နှင့် ရှုံးပြီး ငွေတံဆိပ် ရခဲ့တာတွေ။ ယင်းနောက်ပိုင်းတွင် စင်္ကာပူတို့ အကြောက်ကြီး ကြောက်ခဲ့ရသော သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင် တို့၏ triangular movement ပျောက်ဆုံးခဲ့ရတာတွေ။

ယခု မြန်မာ့ဘောလုံး ဂရပ်၏ အကျပိုင်း။ မည်သူ့တွင် တာဝန်ရှိသနည်း ဆိုသော မေးခွန်းကို မိမိ မေးစရာမလို။ တာဝန်သိလျင် အဖြေရှိလိမ့်မည် ဟုသာ။

(မြန်မာ့ လက်ရွေးစင်ဟောင်းများ အသင်း

ဂိုး                –        အောင်ကျော်ကျော်၊ စိုင်းမောင်မောင်ဦး
နောက်တန်း   –        မင်းဇော်ဦး၊ စိုးနိုင်(ကြည်း)၊ ရဲထွဋ်၊ သန်းဝေ၊ ထွန်းမြင့်လွင်၊ ငွေထွန်း၊ ချစ်နိုင်၊ အေးနိုင်၊ ဇော်လေးအောင်၊ တင့်ဇော်၊ ဟန်ထွန်း။
အလယ်တန်း  –  တင်မျိုးအောင်၊ ကြည်လွင်၊ ကျော်မင်း၊ မောင်မောင်ဌေး၊ ကျော်လွင်၊ တင်မောင်ထွန်း၊ ထွန်းထွန်းထက်၊ သန်းတိုး အောင်၊ တင်မြင့်အောင်။

ရှေ့တန်း        –        ဝင်းအောင်၊ မျိုးလှိုင်ဝင်း၊ အောင်ထွန်းထွန်း၊ အောင်နိုင်၊ ဇော်ဝင်းထွန်း၊ တင့်ထွေး။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts