Burma Superstar in SF closed after Ecoli

ဆန်ဖရန်မြို့တော်က ဘားမားဆူပါစတားမြန်မာထမင်းဆိုင် အီကိုလိုင် ၀မ်းကိုက်ပိုးတွေ့
မိုးမခအထောက်တော် (ဆန်ဖရန်စစ္စကို) စက်တင်ဘာ ၃၊ ၂၀၁၃
လွန်ခဲ့သည့် သြဂုတ် ၁၆၊ ၁၇ က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တော်၊ ရစ်ခ်ျမွန်းရပ်ကွက်၊ ကလီးမန့်လမ်းရှိ နံမယ်ကျော် ဘားမားဆူပါစတား မြန်မာထမင်းဆိုင်တွင် စားသုံးခဲ့သည့် ဧည့်သည် ၁၄ ဦးခန့်သည် အီကိုလိုင်း ဘက်တီရီးယားပိုး အကြောင်းပြုသည့် ၀မ်းကိုက်ဝမ်းနာဝေဒနာများ ခံစားရသည်ကို မြို့တော်ကျန်းမာရေးဌာနက တွေ့ရှိသဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုနေကြောင်း သြဂုတ် ၃၀ ထုတ် မြို့တော်၏ သတင်းစာများတွင် ဖော်ပြထားသည်။
ဆိုင်ပိုင်ရှင်က မိမိသဘောဖြင့် ဆိုင်ကို ယခုစနေ တနင်္ဂနွေတွင် ပိတ်ထားကြောင်း၊ စက်တင်ဘာ ၂ တွင် ပြန်ဖွင့်မည် ဖြစ်ကြောင်း ပြောကြားသည်။ ကျန်းမာရေးအရာရှိများ၏ စစ်ဆေးမှုများ ပြုလုပ်စဉ်ကာလအတွင်း ဆိုင်ကို မူအားဖြင့် ဖွင့်ခွင့်ပြုထားသည်ဟု ဆိုသည်။
အီကိုလိုင်ဘက်တီရီးယားပိုးသည် မူလအားဖြင့် လူ၊ တိရစ္ဆာန်၏ ၀မ်းဘိုက်အတွင်း ပေါ်ပေါက်သည့် အသက်အန္တရာယ်မပြုသော ပိုးဖြစ်သည်။ သို့သော်လည်း ၎င်း၏ ပိုးရောဂါအဆင့်မြင့်လာပါက လူကို ၀မ်းဘိုက်ဝေဒနများ ဖြစ်ပေါ်စေပြီး၊ ၀မ်းကိုက်၊ ၀မ်းနာရောဂေါဖြင့် အချိန်မီမကုက သေစေနိုင်သည်အထိ ပြင်းထန်နိုင်သည်။ ယခင်က ပြည်နယ်အချို့တွင် ရေများ၊ ဟင်းသီးဟင်းရွက်များမှ တဆင့် အန္တရာယ်ပေးနိုင်သည့် အီကိုလိုင်ပိုးများ ပြန့်နှံ့၍ လူအချို့ သေဆုံးခဲ့ဘူးသည်။ အချို့ စားသောက်ကုန်ဆိုင်များတွင် အီကိုလိုင်ပိုးသံသယရှိသည့် အစားအစာများကို ပြန်လည်ရုပ်သိမ်းခြင်းတို့ ပြုလုပ်ဖူးသည်။ ယခု အီကိုလိုင်ပိုး မြန်မာစားသောက်ဆိုင်အတွင်း ပြန့်နှံ့ခြင်းကို စုံစမ်းလျက်ရှိသော်လည်း စိုးရိမ်ဖွယ် အခြေအနေမဟုတ်ဟု သတင်းများတွင် ဆိုသည်။
ဆန်ဖရန်ဘေးဧရိယာတွင် မြန်မာအစားအသောက် ရောင်းချသည့် မြန်မာဆိုင် ၁၀ ဆိုင်ကျော် ရှိသည်။ ဘားမားဆူပါစတားသည် သက်တန်း ၁၇ နှစ်ကျော်၊ နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး ဆိုင်တခု ဖြစ်သည်။
(Photo – CBS, SF , Burma Superstar, 30th August 2013, Closure Notice)