ရဲဝန်ထမ်းအပေါ် အမိန့်ချမည်နေ့တွင် ရွှေတောင်တရားရုံးက ရွှေ့ဆိုင်း
ချမ်းမြ၊ မိုးမခ၊ စက်တင်ဘာ ၄၊ ၂၀၁၃
ပဲခူးတိုင်းပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း (တ/၂၀၄၂)  တရားရုံးတင်၊ ၂၃-၁-၂၀၁၂ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ်(၃၂၇/၂၀၁၂)  တရားလို ဦးအေးဟုန် (သေဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်)  နှင့်  တရားခံ (ရဲ) ဒု တပ်ကြပ် သဲမောင်မောင်တို့၏   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ – ၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု (အမှုဖြစ်စဉ်)တွင်  (၃-၉-၂၀၁၃) ရက်နေ့ အမိန့်ချမည့်နေ့ နေ့လည်(၁၂)နာရီ အချိန်၌ တရားခံ ရဲဒုတပ်ကြပ် သဲမောင်မောင်၏  ခွင့်စာတင်ရန်အတွက် အမျိုးသမီးတစ်ဦးမှ ရွှေတောင်တရားရုံးသို့ ကျန်းမာရေး ( ဆရာဝန်၏ လက်မှတ်ဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ) ကြောင့် ခွင့်စာတင် လျှောက်ထားသဖြင့် ရွှေတောင်မြို့နယ် တရားသူကြီး ဒေါ်လဲ့လဲ့ဝင်းမှ ခွင့်ပြုလိုက်ပြီး (၁၀-၉-၂၀၁၃) ရက်နေ့တွင် အမိန့်ချရန် တရားလိုဦးအေးဟုန်အား ရုံးချိန်းလိုက်ပါသည်။
တရားလို ဦးအေးဟုန်က
 “ အမှုရင်ဆိုင်လာခဲ့သည်မှာ (၁) နှစ်နှင့် (၈) လရှိခဲ့တယ်၊ အမှုက အင်မတန် ကြန့်ကြာနေပြီး၊ (ပုဒ်မ-၃၀၄/က) ကိုအာမခံယူခဲ့စဉ်တုန်းက ကျန်းမာရေးကြောင့် ယူခဲ့ခြင်းမဟုတ်ဘဲ ရဲဝန်ထမ်းတစ်ယောက်ဖြစ်၍ ပြည်မြို့နယ်တရားသူကြီး ဒေါ်အေးမွန်စန်းမှ အာမခံပေးခဲ့တယ်။ 
(ပုဒ်မ-၃၀၄/က)  က အာမခံပေးလို့မရတဲ့အမှုကို ရဲဝန်ထမ်းတစ်ယောက်ကို အာမခံပေးတာဟာ တရားစီရင်ရေးက ကလေးသူငယ်ဥပဒေတွေကို အသိအမှတ်မပြုတာ ကျွန်တော်တို့ကလေးတွေအတွက် တရားဥပဒေစိုးမိုးမှုမရှိတာ အသက်ရှင်လုံခြုံမှုမရှိတာကို ဖော်ပြနေတာ၊ ခွဲခြားကန့်သတ်ခြင်းခံရတာ၊     ကျွန်တော့်သားက (၁၆) နှစ်မပြည့်သေးဘူး၊ ကလေးသူငယ်ဥပဒေနဲ့အကြုံးဝင်တယ်။ ဒါပေမဲ့ အသိအမှတ်ပြုမခံရဘူး၊ ရဲတပ်ကြပ်သဲမောင်မောင်ကြောင့် ရက်ရက်စက်စက်သေတာကို ရဲစခန်း အမှုဖွင့်တုန်းကလည်းအမှုမဖွင့်ပေးခဲ့ဘူး၊ ကလေးသူငယ်တွေဟာ ထိခိုက်နစ်နာစေနိုင်တဲ့ အနေအထားမှာရှိနေတယ်။ အထူး ကူညီယုယမှုနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေတာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကလေးသူငယ် အခွင့်အရေးနဲ့  (၁၉၉၃)ခုနှစ် ကလေးသူငယ် ဥပဒေတွေကို ပြဌာန်းထားခဲ့တာ၊ ဥက္ကဋ္ဌ ၊ပြည်ထောင်စုဝန်ကြီး၊  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်             ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊နေပြည်တော်ကို (၆-၇-၂၀၁၂)နေ့တုန်းကတိုင်ခဲ့ဖူးတယ်၊                                                                                                              ဒါပေမဲ့လက်တွေ့မှာ ကလေးသူငယ်ဥပဒေတွေ၊ ကလေးသူငယ်အခွင့်အရေးတွေကို မလေးစားဘူး၊ ပစ်ပယ်ခြင်း၊ ငြင်းပယ်ခြင်း၊ အကြမ်းဖက်ခြင်းခံရဆဲ၊ အသိအမှတ်ပြုမခံရဘူးဗျာ၊ ရဲတပ်ကြပ်သဲမောင်မောင်(၃-၉-၂၀၁၃) ရက်နေ့ အမိန့်ချမည်နေ့မှ ကျန်းမာရေးကြောင့်ခွင့်ယူတာဟာ မရိုးမသားအနေနဲ့ ခွင့်ယူတာလို့ ပြောချင်တယ်။” ဟုတရားလိုဦးအေးဟုန်ကပြောကြားပါသည် ။   
တရားရုံးဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ရွှေတောင်မြို့နယ်၊ တရားရုံးဖုန်း-၀၅၃၅၅၀၀၆ ။ ရွှေတောင်မြို့နယ် ဥပဒေရုံး- ၀၅၃၅၅၀၄၇ 
တရားလိုဦးအေးဟုန် အချက်အလက်များမှာ –
အမှတ်(၉/ခ)၊ရတနာမာန်အောင်ကွက်သစ်၊ပြည်မြို့။  (၃-၉-၂၀၁၃)ရက်နေ့အမိန့်ချမည်။ ဖုန်း- ၀၉ ၄၃၀၀၆၂၇၂  
(ရဲဝန်ထမ်းကြောင့် အသက်သေဆုံးရသူ ကောင်းဆက်ပိုင်၏ အမှုကို ယခင်သတင်းများတွင် ဖတ်ရှုနိုင်ပါသည်)
		

