အာဇာနည်သံဃာအရှင်မြတ် သာသနာ့ဂုဏ်ရည်ဆရာတော် ဦးဇ၀န (၁၉၃၉ -၂၀၁၁) သို့ ဦးညွှတ်ခြင်း
အရှင်ပညာနန္ဒ၊ ဇူလိုင် ၁၃၊ ၂၀၁၁
(မိုးမခ၏ ရွှေဝါရောင်အရေးတော်ပုံ ပြန်လည်ဆန်းသစ်ခြင်းကဏ္ဍ)
၂၀၀၇ခုနှစ်  ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ပထမဆုံး စစ်တပ်၊ ကြံ့ဖွတ် နဲ့  စွမ်းအားရှင်တွေ ၀င်ရောက် စီးနင်းဖမ်းဆီးခံရတဲ့ ရန်ကုန်မြို့ ခြောက်ထပ်ကြီး  ဘုရားကြီးတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော် ဘဒ္ဒန္တဇ၀နမထေရ်မြတ်ကြီးဟာ  ဇူလိုင် ၇ ရက် ၂၀၁၁ ည ၈ နာရိအချိန်မှာ ဘ၀နတ်ထံပျံလွန်တော်မူကြောင်း သိရလို့  များစွာနှမြောတသကြေကွဲရပါတယ်။
ဒီဆရာတော်ကြီးဟာ  ၁၉၈၈အရေးအခင်းကာလက စလို့ ပျံလွန်တော်မူတဲ့အထိ မြန်မာပြည်  စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် ဒူးမထောက်၊ လက်မမြှောက်ဘဲ  တိုက်ပွဲဝင်သွားတဲ့ ဆရာတော်ကြီးပါ။ ဆရာတော်ကြီးဟာ အေးဆေးတည်ငြိမ်စွာ  နေလေ့ရှိပေမဲ့အလွန်သတ္တ္တိကောင်းတဲ့ ဆရာတော်တပါးလည်းဖြစ်ပါတယ်။
၈၈အရေးအခင်းပြီးကာလနောက်ပိုင်း  စစ်အစိုးရအာဏာပိုင်တွေက အတိုက်အခံနိုင်ငံရေးသမားတွေကို  အဖမ်းအဆီးကြမ်းကြမ်းနဲ့ စောင့်ကြည့်နေတဲ့အချိန်ကာလမှာ ဆရာတော်ရဲ့ကျောင်းမှာ  မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားတွေနဲ့  အဖွဲ့အစည်းပေါင်းစုံကနိုင်ငံရေးသမားတွေကို မကြောက်မရွံ့ လက်ခံရဲတဲ့  ဆရာတော်ကြီးပါ။ 
(ကျောင်း၏ ဆိုင်းဘုတ် – သာသနာ့ဂုဏ်ရည်ကျောင်း)
နိုင်ငံရေးသမားတွေရဲ့  ဘာသာရေးအခမ်းအနားတွေ၊ နိုင်ငံရေးအခမ်းအနားတွေကို ဆရာတော်ကြီးကျောင်းမှာ  ကျင်းပလေ့ရှိတာမို့ အာဏာပိုင်တွေ မျက်စိစပါးမွေးစူးပြီး  စောင့်ကြည့်ခံရတဲ့ကျောင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်နိုင်ငံရေးလောကမှာ  သာသနာရေးကိစ္စများနဲ့ နိုင်ငံရေးကိစ္စများကို စစ်အစိုးရဖိအားပေးနေတဲ့ကြားထဲက  မကြောက်မရွံ့ လက်ခံဆောင်ရွက်ပေးတဲ့ ရှားရှားပါးပါးကျောင်းဆိုလို့  သာသနာ့ဂုဏ်ရည်ကျောင်းနဲ့ အခြားလက်ချိုးရေလို့ရတဲ့ ကျောင်း အနည်းငယ်ပဲ  ရှိတာပါ။ 
ဆရာတော်ကြီးဟာ  အလွန်သတ္တိကောင်းပြီး ဖြောင့်မတ် တည်ကြည်သူဖြစ်သလို  နိုင်ငံရေးသမားတွေကိုလည်း အလွန်ကရုဏာထားပြီး  ကူညီစောင့်ရှောက်တော်မူခဲ့ပါတယ်။ တခါက စစ်အစိုးရအာဏာပိုင်တွေ  ဆရာတော်ကျောင်းရောက်လာပြီး နိုင်ငံရေးနဲ့ပက်သက်သူတွေရဲ့ ဘာသာရေးကိစ္စတွေကို  လက်ခံဆောင်ရွက်မပေးဖို့ လျှောက်ထားဖူးပါတယ်။ ဆရာတော်ကြီးက တရားဝင်အမိန့်စာ  ထုတ်ပြီးတားမြစ်ရင် လက်ခံမယ် ပြောလိုက်လို့ အာဏာပိုင်တွေ  စိတ်ဆိုးဒေါသထွက်ပြီး ပြန်သွားဖူးပါတယ်။ အဲလို သတ္တိကောင်းတဲ့ဆရာတော်ပါ။
၂၀၇၇  ရွှေဝါရောင်တော်လှန်ရေး ဖြစ်တော့ ဆရာတော်နဲ့ ဆရာတော်ကျောင်းက သံဃာတွေဟာ  တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတွေကို စစ်တပ်က  ၀င်ရောက်စီးနင်းတဲ့အခါမှာ ပထမဦးစားပေးအဖြစ် သတ်မှတ်ခံရပြီး အရင်ဦးဆုံး  အစီးအနင်းခံခဲ့ရပါတယ်။ ဆရာတော့်ကျောင်းက သံဃာအားလုံး ဖမ်းဆီးပြီး၊  ဘုန်းကြီးကျောင်းက အဖိုးတန်ပစ္စည်းတွေကိုလည်း သိမ်းယူသွားခဲ့တာ ခုအချိန်အထိ  ပြန်မရသေးပါ။ သံဃာအားလုံး အင်းစိန် GTI စစ်ကြောရေးစခန်းမှာ  လူဝတ်လဲခံရပါတယ်။ ဆရာတော်ကြီးကတော့ အဖမ်းအဆီးခံရမယ့်ဘေးက  သီသီလေးလွတ်မြောက်ခဲ့ပြီး ဒကာ၊ ဒကာမတွေရဲ့ အိမ်တွေမှာ ဖြစ်သလို  ဆင်းဆင်းရဲရဲနဲ့ ပုန်းအောင်း နေထိုင်ခဲ့ရပါတယ်။
(အာဏာပိုင်တွေ ချိတ်ပိတ်ထားဆဲ ကျောင်း)
ဆရာတော်ကြီးဟာ  သူ့အတွက်နဲ့ သူတပါးဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တတ်ပြီး  ပျံလွန်တော်မူတဲ့အထိ ဆွမ်းခံဘုန်းပေးလေ့ရှိပါတယ်။ နိုင်ငံရေးသမးတွေကိုလည်း  အလွန်ချစ်ခင်၊ သနားတတ်ပြီး ကျွေးမွေး စောင့်ရှောက်ကူညီတတ်ပါတယ်။  သူ့ဘ၀တလျောက်လုံး အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် ဆောင်ရွက်ခဲ့ပါတယ်။ 
ပုန်းလျိုးကွယ်လျိုးနဲ့  နယ်ပေါင်းစုံမှာ နေထိုင်ခဲ့ရတဲ့အတွက် သူ့ရဲ့ကျန်းမာရေးကိုတော့  ဂရုမစိုက်နိုင်ခဲ့ပါ။ အဲသလိုနေထိုင်ခဲ့ရတဲ့အတွက်  ကျန်းမာရေးအခြေအနေဆိုးဝါးလာခဲ့ပြီး အဆုတ်ဝေဒနာရောဂါကို  ပြင်းထန်စွာခံစားရင်း ၂၀၁၁ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့၊ (၁၃၇၃)ခုနှစ်၊  ၀ါဆိုလဆန်း ၁၀ရက် ည ၈ နာရီ အချိန်မှာ ခြောက်ထပ်ကြီး  သာသနာ့ဇောတိကာရုံကျောင်းတိုက်မှာ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ရပါတယ်။ 
ဆရာတော်ကြီးရဲ့ အန္တိမဈာပနအခမ်းအနားကို  ရန်ကုန်နာရေးကူညီမှုအသင်းက ဦးကျော်သူတို့ က တာဝန်ယူဆောင်ရွက်နေပြီး ရေဝေးသုဿန်မှာ မီးသဂြိုဟ်မှာဖြစ်ပါတယ်။ ဇူလိုင် ၁၄ရက် ၂၀၁၁နေ့၊ နေ့လည် ၁၂း၀၀ အချိန်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ကားများ စတင်ထွက်မှာဖြစ်ပြီး ခြောက်ထပ်ကြီး ဘုရားကြီးတိုက်က နေ့လည် ၂း၃၀  မှာ ကားများ စတင် ထွက်ခွာမှာဖြစ်ပါတယ်။
စစ်အစိုးရအာဏာပိုင်တွေကို မကြောက်မရွံ့၊ ဒူးမထောက် လက်မမြှောက် အရှုံးမပေးပဲ ပျံလွန်တော်မူတဲ့အထိ  ကြံ့ကြံ့ခံ ရင်ဆိုင်သွားတဲ့ ဆရာတော် ဘဒ္ဒန္တ ဇ၀နမထေရ်မြတ်ကြီးကို ဒီဆောင်းပါးတိုလေးနဲ့ နောက်ဆုံး ပူဇော်ကန်တော့လိုက်ပါတယ်ဘုရား။           ။