ရန်လင်းအောင်

Yan Linn Aung – Poem

ကျွန်တော့်ဝတ်ဆင်မှုဟာ  ခင်ဗျားကမ္ဘာကြီးအတိုင်း 
ရန်လင်းအောင်
စက်တင်ဘာ ၁၂၊ ၂၀၁၃

ကမ္ဘာကြီးကို ကမ္ဘာကြီးအတိုင်း
ငှက်တွေ လန့်သေတာကို လန့်သေတဲ့အတိုင်း
ကြယ်တွေ သေကြောင်းကြံတာကို ကြံတဲ့အတိုင်း
မြစ်တွေ “အ” သွားတာကို “အ” သွားတဲ့အတိုင်း
တောင်တန်းတွေ ဗလက္ကာရ အပြုခံရတာကို ခံရတဲ့အတိုင်း
ဒီအတိုင်းဟာ
ကျွန်တော့်အတိုင်းလား
ခင်ဗျားအတိုင်းလား
ဟိုလူ့အတိုင်း၊ ဒီလူ့အတိုင်းလား
ရေထုလေထု ညစ်ညမ်းရင် ညစ်ညမ်းတဲ့အတိုင်း
ဘယ်လောက်ဆိုဒ်လဲ
ရယ်ဒီမိတ်လား
အံဝင်ဂွင်ကျပဲလား၊
ဒီနားနည်းနည်းဖြတ်၊ ဟိုနားနည်းနည်းသီ
ပြန်လည်ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်
တိုင်းတာချက်က၊ အတိုင်းထက်အလွန်ဖြစ်လာ
ချက်ဆို နားရွက်က ပြာဖြစ်နှင့်ပြီ ။
ယောင်္ကျားနဲ့ မိန်းမ  ဘယ်လိုတိုင်းလဲ
လူလူချင်းဘာနဲ့တိုင်းမလဲ
လူနဲ့တူအောင် ဘာနဲ့တိုင်းမလဲ
အရပ်မလွတ်၊ အရိပ်မလွတ်၊ လမ်းနဲ့မလွတ်
အပူနဲ့ မလွတ်၊
မလွတ်တဲ့ကြားက မကျွတ်တဲ့အတိုင်း
သမိုင်းဟောင်းထဲကမကျွတ်တဲ့အတိုင်း
လွန်လေပြီးသော  ဥပမာများအတိုင်း၊
လွန်လေပြီးသော  ဥပမေယျများအတိုင်း
လွန်လေပြီးသော  သာဓကများအတိုင်း
လွန်လေပြီးသော သင်ခန်းစာများအတိုင်း
စောင့်ကြည့်ခြင်း၊ စုံစမ်းခြင်း၊
သုံးသပ်ခြင်း၊ စိစစ်ခြင်း
ခြင်းထဲက ကြက်တွေဟာ၊
ခြင်းထဲမှာပဲသေလို့ ၊ ပျော်လို့၊
သေပျော်လို့
အိုးမဲ မလိုတော့တဲ့အတိုင်း
ကျွန်တော့်အတိုင်းကို ခင်ဗျားဝတ်ထားတယ်

ကမ္ဘာကြီးအတိုင်း . . . . . . . . . . .။  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts