နှစ်ပတ်လည် မေတ္တာပို့
အရှင်ကောင်း (ရွှေဝါရောင်) စက်တင်ဘာ ၁၅၊ ၂၀၁၀
(မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ရွှေဝါရောင်အရေးတော်ပုံ နှစ်ပတ်လည် သို့ …)
(မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ရွှေဝါရောင်အရေးတော်ပုံ နှစ်ပတ်လည် သို့ …)
အလို…ရွှေဝါရောင်ရာသီတောင်  တပတ်လည်ပြန်ပါပေါ့ကလား။ သုံးနှစ် ကျော်ခဲ့ပေမယ့် … အင်း … ယောင်ရမ်းပြီး  ကိုယ့်ဦးပြည်းကို ပြန်စမ်းသပ်မိသေး။ 
“ကျွတ် ကျွတ် …” လို့ စိတ်က စုတ်သပ်မိသလို အံကိုလည်း ကြိတ်လိုက်မိသေးတယ်။
“မေတ္တာပို့လို့ …” အပစ်ခတ် အရိုက်နှက်ခံ၊ အဖမ်းဆီးခံရတာ သမိုင်းမှာ ဒီတခါပဲဖြစ်မယ်ထင်ရဲ့လို့ ကိုရင် စဉ်းစား ကြည့်မိတယ် …။
“ချမ်းသာအိပ်နိုး၊  အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်” စတဲ့ ဆရာတော် သင်ပေးခဲ့တဲ့ မေတ္တာအကျိုး  ၁၁ မျိုးကိုတောင် မေတ္တာအကျိုး ၁၅ မျိုးလို့ ပြင်ရမလို ဖြစ်နေပြီ။  ကြံကြံဖန်ဖန် စဉ်းစားကြည့်တာပါ။ အဲဒီ နောက်တိုးအကျိုးတွေကတော့ ဘုရားဟော  မဟုတ်ဘူး၊ မာန်နတ်ရဲ့ ငယ်ကျွန်တွေပေးတဲ့အကျိုးတွေလို့ ဆိုရအံ့ ထင်ရဲ့။
ဘယ့်နှယ်  ဗျာ … ကျော်လို့မကောင်း ချက်လို့ မကောင်း (အဲ… … ယောင်လို့ သူတို့ ငရဲ  ရောက်ရင်ပြောတာပါ) ကျော်လို့ မကောင်း ကြားလို့မကောင်း … 
“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” လို့ ဆိုလိုက်ရုံနဲ့ ပစ်ခတ်တယ်။ 
“အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” လို့ ဆိုလိုက်ရုံနဲ့ ရိုက်ဟယ်၊ နှက်ဟယ်လုပ်တယ်။
“ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” လို့ ဆိုလိုက်ရုံနဲ့ ဖမ်းဟယ်၊ ဆီးဟယ် ကျောင်းတိုက်တွေ အတင်းဝင်စီးတယ် …   လုပ်တယ်။
ဘယ်ကလောက်များ အကုသိုလ်ဝန် ကြီးလေးလိုက်သလဲ လို့ ကိုရင်ဖြင့် တွေးမိရုံနဲ့ ကြက်သီး ဖျန်းဖျန်းထတယ်။
“သူတို့ ကတော့ နောက်ဘဝ နောက်ကိုယ်နဲ့ ခံ မယ် ဆိုတဲ့ စရိုက်မျိုးနဲ့ မြိန်မြိန်ယှက်ယှက်ကြီး ကိုပြုပြ နေကြတော့တာပါပဲ” 
ဖွပ်သထက် ညစ်ဖြစ်ရတာ၊ ဟုတ်တယ်လေ … အာဏာကို ခဏထိန်းတာပါ ဆိုပြီး ဆန့်ကျင်သူကို ဖမ်း ၊ မထောက်ခံသူကို ဖမ်း၊
“ယောကျာင်္း  အရင့်မကြီးများ” ဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်အောင် ကတိမတည်၊ ထွေးပြီးသားတံတွေး  ပြန်မျို၊ ထွက်ပြီးသား သွားတိုက်ဆေး ပြန်သွင်း၊ တကယ် မျက်နှာ ဓါးနဲ့ လှီး၊  လွှနဲ့ တိုက် ပစ်ချင်စရာ အမှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြတော့ အဖွဲ့ကို  ကာကွယ်ဖို့ လုပ်ရင်းက လူတဦးကို အဖွဲ့က ပြန်ကာကွယ်ရတဲ့ အဆင့်  ရောက်သွားရပြီကော။
အဖွဲ့စည်းကြီးကလည်း  ငါတို့ ကာကွယ်ရမှာက ပြည်သူပါလား၊ ခုတော့ – တဦးတယောက်တွက်၊ ပြည့်သူ့ရဲ့  မုန်းတီးမှုရန် ကာကွယ်ပေးနေရ ပါတကားလို့ မစဉ်းစားကြဘူး ထင်ရဲ့။ ကိုရင်တောင်  စဉ်းစားမိရင် သူတို့ က ပို သိကောင်းတာပေါ့။ အင်း … ပြောမယ့်သာ ပြောရတာ၊  သူတို့ကို နှိမ့်ချတာ မဟုတ်ပါဘူး။ 
ကျီးကန်ရှင်ကြီး စကားပုံလား၊ ဖိုးသူတော်ရိုးခု စကားပုံလား မသိဘူး (စကားပုံ)။
“တန်ခိုးနုတ်သူ ထမင်းဝ က မာနထန်တတ်သည်။ အမျိုးယုတ်သူ အဆင်းလှက စာဂ တန်တတ်သည် …တဲ။့
ဟို…  ကိုရင် ဖတ်ဖူးတဲ့ ပုံပြင် သွားသတိရလို့ ပါ။ ငှက်ဘုရင်ရွေးပွဲမှာ  ဇီးကွက်ကို ဘုရင်ခန့်တော့ ကျီးကန်းက ကန့်ကွက် သတဲ့။ နဂိုက ဒါလောက်  ရုပ်ဆိုးနေရင် စိတ်ဆိုးတဲ့အခါ ဘယ်လောက်ကြောက်စရာကောင်းမလဲ ဆိုတာ  တွေးကြည့်ကြပေါ့ လို့ ထောက်ပြပြီး ကန့်ကွက်တာ အမှတ်ရလို့ပါ။ နောက်ပြီး  အရာရှိ တော်တော်များများကလဲ ကိုရင်လို တောသားတွေချည်း ကိုး။ မရဖူးတဲ့  အရာထူး၊ အခွင့်ထူး တွေ ရတော့ – သစ္စာတွေ မြဲကြ၊ အမိန့်တွေ ခံကြ၊ ငါ့ကို  ဆန့်ကျင်ရင် ကျောင်းသားဆို ကျောင်းသားသတ်၊ သံဃာဆို သံဃာသတ်။  နောက်ဆုံး  ဘုရားဆို ဘုရား သတ်။ အဲ .. အလို… လေးလေး …။ ထမည့် ကြက်သီးတွေတောင်  ကြောက်လို့ပြန်ငုတ်သွားရမယ့် ကိန်းကြီး ပါလားကွယ်ရို့။ သူတို့ကို ပြည်သူက  ကျွေး၊ ပြည်သူက ပေးတာ။ သစ္စာခံရင် ပြည်သူ့သစ္စာ ခံရမှာကိုတောင် မသိ ဆိုးရွား  နိုင်လှချည့်လား မောင်တို့ …။
ကိုင်း  … ဘိတ်မသိ၊ အလျှင် မသိတဲ့ အဟိတ်ပုဂ္ဂိုလ်တွေအကြောင်း နောက်မှ စဉ်းစားမယ်။  အခု တိဟိတ်ပုဂ္ဂိုလ်တွေ အကြောင်း စဉ်းစားရအောင် ဉာဏ်ပညာဟိတ် ပြဌာန်းထားတဲ့  ပုဂ္ဂိုလ်မွန်ကြီးတွေ၊ သူတော်စင်ကြီးတွေ အကြောင်းပေါ့။ 
ဒါပေမယ့်  “အသေဝနစ ဗာလာနံ” မင်္ဂလာဟာ အားလုံးနဲ့ ဆိုင်တယ်၊ အပေါင်းသင်း မတတ်ရင်  မင်္ဂလာမဲ့တယ် ဆိုတာ (မ.ဟ.န) ခေါ် နိုင်ငံတော်သံဃာနာယကဆရာတော်ကြီးများ မေ့  နေကြတယ် ထင်ရဲ့။
ကိုရင်တို့ရဲ့  ဆရာ့ ဆရာ (အာစရိယ ပါစရိယ) ကြီးတွေပါ။ ပြောစရာတွေကိုတော့ ရိုသေစွာနဲ့  အော်ဟစ်လျှောက် လိုက်ပါရစေ။ ကိုးကွယ် ဆည်းကပ်တဲ့ ပြည်သူ့မျက်နှာ ကို  မကြည့်၊ လာဘ်လာဘ မျက်နှာကို ကြည့်။ ဘုရားမျက်နှာကို မထောက်၊  ဗိုလ်ချုပ်ကြီးတွေရဲ့ မျက်နှာကို ထောက်။ သာသနာ့ရန်ကို မကာကွယ်၊  ဗိုလ်ချုပ်တွေရန်ကိုသာ ကာကွယ်တဲ့ အဖွဲ့ကြီးလို့ … ငရဲကြီးမှာ ကြောက်လို့  အစက မပြောဝံ့တဲ့ ပြည်သူတွေက အခုတော့ တိုးတိုး တမျိုး၊ ကျယ်ကျယ် တဖုံ စုံတကာ  စေ့ ပြောနေကြပြီ။
  (အရှင်ကြီးတို့မျက်လုံးလေးကိုလည်း  လာဘ်လာဘတွေကို ကျော်ပြီးကြည့်) အဲ … ကန်တော့ပါရဲ့ မျက်မှန်ပေါ်က  ကျော်ကြည့်ကြဦး၊ နားကိုလည်း နာားကြပ်တပ်ဦး ဘုရား၊ အရှင်ကြီးတို့ရဲ့ဒကာတော်  ဒကာလျှော်တွေ သာသနာတော် တည်တံ့ သန့်ရှင်းရေး အမည်တပ်ပြီး  အာဏာတည်တံ့ခိုင်မြဲရေးတွေ လုပ်နေကြတာ … ဉာဏမျက်စိနဲ့ ရှုကြဦးဘုရား။  လာဘမျက်စိနဲ့ပဲ ကြည့်နေကြတယ်လို့ ပြောသံ ဆိုသံတွေ ညံနေတယ် ဘုရား။ ဒီမယ် …  သူတို့လှူတဲ့ လာဘ်၊ လာဘကလည်း (china made) တွေပါ ဘုရား။ ပြည်သူလှူတဲ့  ဆွမ်းတနပ်လောက် မစင်ကြယ်ပါဘူး ဘုရား။ အရှင်ကြီးတို့ပဲ “ဓမ္မိယလဒ္မ” မှ  မြတ်တယ်လို့ ခဏခဏ ဟောပြော ဆုံးမခဲ့ကြတာလေ။ ငါပြောသလို လုပ်၊ ငါလုပ်သလို  မလုပ်နဲ့လို့တော့ သင်ရိုး မပြောင်းပါနဲ့တော့ … ဘုရား။
ကိုရင်တို့လက်ထက်ကျ အတုမြင် အတတ်သင်မှားပြီး ဒါ့ထက် ဆိုးကုန်ကြလိမ့်မယ်ဘုရား။
နောက်ပြီး  “မင်းကိုးကွယ်ခံ” ဆိုတဲ့ ဂုဏ်ထူးကြီးကို သာယာကြလို့လား ဘုရား။  အခုကိုးကွယ်နေတဲ့ မင်း က ဓမ္မရာဇာ တရားမင်း မဟုတ်ဘူး ဘုရား။ အ-ဓမ္မရာဇာ  မတရားမင်း လေ။ အာဏာကို မတရားလု၊ မတရားပြုထားတဲ့ မင်းကျင့်တရား ၁ဝ ပါး မှာ  တပါးနဲ့မှ မညီတဲ့ မင်း ဆိုတာ အရှင်ကြီးတို့လည်း ကြားမိမှာပါ။ မယုံလို့လား၊  မယုံရဲကြလို့လား။ ဒါဆို ကိုရင် သိမီသလောက် သက်သေလေးတွေ ပြပါရစေ။
ဦးသန့်အရေးအခင်း၊  ၈၈ ခုနှစ် လူထုအုံကြွမှုကြီး၊ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ် လိမ်ညာမှုကြီး၊  ၂၀၀၃ ဒီပဲယင်း လူသတ်ပွဲကြီး၊ ၂ဝဝ၇ ရွှေဝါရောင်မေတ္တာပို့ပွဲ  လုပ်ကြံသတ်ဖြတ်မူကြီး၊ ၂ ဝဝ၈ အခြေခံဥပဒေ အဓမ္မအနိုင်ကျင့်မှုကြီး … ဒါတွေကို  ဆင်ခြင်ရုံနဲ့ အဖြေမှန် ထင်ရှားပါတယ် ဘုရား။ ဒါကို နှာစေးနေကြသလား ဘုရား။  ဒါဆို ဂတိကြောင့် မလားအပ်သည်ကိုလား၊ ရောက်ရင် အပယ်ငရဲကျတယ် ဆိုတဲ့  အရှင်တို့ သွန်သင်မှုကို ကိုရင်တို့ ပယ်လိုက်ရတော့မှာလား ဘုရား …။
ဘုရားစကားမို့ ကိုရင်တို့ မပယ်ဝံ့ပါဘူး ဘုရား။ အရှင်ကြီးတို့ ပယ်ဝံ့တယ် ဆိုရင်တော့ သဘောပါ ဘုရား။  တိုင်းပြည်ထဲမှာ  ပဲ့တင်ထပ် နေတာက – အရှင်ကြီးတို့တဖွဲ့လုံးဟာ “လာဘ၊ သက္ကာရ၊ သိလောက” ဆိုတဲ့  တောင်သုံးလုံးကို မကျော်နိုင်ကြဘူး ဆိုတဲ့ စကားတင်းဆိုသံများ … ဘုရား။  
“အားလုံး မဟုတ်ဘူး။ တချို့ဆရာတော်တွေသာ မကျော်လွှားနိုင်ကြောင်း …” ကိုရင်က ငြင်းဆိုတော့၊ သူတို့က 
“အဲဒီဆရာတော်ဘုရားကြီးများဟာလည်း  ထိုသုံးမျိုးမှာ တမျိုးမဟုတ် တမျိုးကို သာယာနေကြလို့သာ အခုလို သာသန  တာဝန်မကျေတဲ့ ဗေါင်းတော်ညိမ့် စိတ်တော်သိအဖွဲ့ကြီးမှာ ပါဝံ့တာပေါ့ …” 
လို့ ဆိုကြပြန်တယ် ဘုရား။ 
ဒါနဲ့ ကိုရင် ဟုတ်မဟုတ် ဉာဏ်မီသလောက် ဆင်ခြင်ကြည့်တော့ …  မဟာဝါ၊  စူဠဝါ၊ ပရိဝါတွေနဲ့ မတိုင်းတာ တတ်ပါဘူးဘုရား။ ကိုရင်သင်ခဲ့ရတဲ့  သိင်္ဂါလသတို့သားကို မြတ်စွာဘုရားသြဝါဒပေးခဲ့တဲ့ ရဟန်းကျင့်ဝတ် ၆ ပါးနဲ့  ချိန်ထိုးကြည့်မိ ပါတယ် ဘုရား။ အဲဒီကျင့်ဝတ်တွေက အရှင်မြတ်တို့  သိပြီးအတိုင်း 
၁။ မကောင်းမြစ်တာ …  တဲ့။ မကောင်းတဲ့အကျင့်တွေကို တားမြစ်ရမယ်တဲ့ ဘုရား။ အဲဒီကျင့်ဝတ်  အရှင်မြတ်တို့ ချို့်ယွင်းနေတယ် ဘုရား။ ဒကာတော်တွေ ကမ္ဘာ့အလယ်မှာ  စက်ဆုပ်ဖွယ်ဖြစ်တဲ့ မကောင်းတာကြံ၊ မမှန်တာ လုပ်၊ မဟုတ်တာ ပြောနေတာကို  အရှင်တို့ တားမြစ်ဖို့ ဝေးလို့ ရေငုံ နှုတ်ပိတ် နေကြတာ တွေ့ရတယ် ဘုရား။  နည်းတူပဲ အရှင်ကြီးတို့လို အဖွဲ့ကြီးမှာ မပါပါဘဲနဲ့ ရွှေဝါရောင်အရေးမှာ  မေတ္တာပို့ဖို့ ဝန်လေးခဲ့ကြတဲ့ အကျော်အမော် ပုဂ္ဂိုလ်ကြီးငယ်တချို့ကိုလဲ  ဒီဝတ္တရား ချို့တဲ့သူများ အဖြစ် ကိုရင်တို့ မှတ်တမ်းပြုပါတယ် ဘုရား။
၂ … ကတော့ “ကောင်းရာညွှန်လစ်”  တဲ့။ အရှင်တို့ ဘာတွေညွှန်ပြခဲ့သလဲ ဘုရား။ ငါမြင်း ငါစိုင်း၊  သင်္ချိုင်းရောက်အောင်တော့ မသင်ကြားကြဘူး ဆိုတာ ယုံပါတယ်ဘုရား။ သမိုင်းမှာ  အလွန်အရေးပါတဲ့ အမျိုးသား ရင်ကြားစေ့ဖို့၊ ပြည်သူကို မဖိနှိပ်ဖို့၊ ဘာသာ  သာသနာကို မစော်ကားဖို့၊ နောက်ပြီး ဘယ် အာဏာ၊ ဘယ် စည်းစိမ်မှ မမြဲ … ဆိုတာ  သိဖို့ ဟောပြော ဆုံးမကြပါသလား ဘုရား။ အင်း … သူရို့တတွေ  လုပ်ကိုင်နေကြပုံကို ထောက်ရင် ဒီဝတ္တရားလည်း အရှင်တို့ ချို့ယွင်းမယ်လို့  မြင်မိတယ် ဘုရား။
၃ … ကတော့ “အသစ် ဟောကျူး”  တဲ့။ ပစ္စုပ္ပန်လည်း ကောင်း၊ သံသရာလည်း ကောင်း အောင်၊ ကတိ တည်တတ်ဖို့၊  မင်းကျင့်တရားနဲ့ ညီဖို့၊ ညှိနှိုင်း ဆွေးနွေး ရဲဖို့၊ လက်ရှိ ကမ္ဘာမှာ  ဖြစ်ပျက်နေတဲ့ ဥပမာ သာဓကတွေနဲ့ မဟောပြကြဘူးလား ဘုရား။ အင်း … ဒါလဲ  ပြောမည်သာ ပြောရတာ။ သူရို့ပုံက သိယောင်ကန်း၊ တတ်ယောင်ကန်း၊ “ပဏ္ဍီတမာနီ”  ပုံစံတွေ ဆိုတော့ … ဟူး …။
၎ ကတော့  “နာဖူး ထပ်မံ”  တဲ့။ ဒါနအကြောင်းတွေကိုတော့ အထပ်ထပ် အကြိမ်ကြိမ်ဟောမှာကို ကိုရင် သိပါတယ်  ဘုရား။ ကျန်တာတွေကိုလည်း ဟောကြဦး ဘုရား။ ဒါမှ ဒကာတော် အတ္တဘောကြီးတွေ  အတ္တနည်းမှာ ဘုရား။ အဲဒါလဲ ကြည့်ဟောကြဦး ဘုရား။ တလောက ရေလုပ်ငန်းဝန်ကြီးကို  ပါဏာတိပါတကံအကြောင်း ဟောမိလို့ လူဝတ်လဲခံ လိုက်ရသတဲ့ ဘုရား။  အရှင်ကြီးတို့လည်း အိုကြီး အိုမကျမှ လူဝတ်လဲ ခံနေရရင် … အားပါးပါး … …။  ဖန်တရာတေနေတဲ့ တရားဟောင်း ပေမယ့် သူတို့မလိုလားရင် ဒုက္ခဘုရား။ 
နောက်ဆုံး ၆ ကတော့ “မေတ္တာလည်းပြု”။  ဒီ ကျင့်ဝတ်ကတော့ လုံးဝကို ချို့ယွင်းတယ် လို့ ဆိုချင်တယ် ဘုရား။  ဘာကြောင့်လဲ ဆိုတော့ အခု သုံးနှစ်လည် ကျရောက်တဲ့ ၂ဝဝ၇ စက်တင်ဘာ  ရွှေဝါရောင်တုန်းက အရှင်ဘုရားတို့ရဲ့ မေတ္တာသံ သဲ့သဲ့လေးမှ ကိုရင်တို့  မကြားလိုက်ရတာ၊ ကိုရင်တို့မှာတော့ ပို့သ လိုက်ရတာ။ ဦးပုညစကားလို မေတ္တာသုတ်  တသုတ်လုံး ပုဒ်မပါ ကျူံးပြီးကို ပို့ခဲ့တာ။ အခုထိ မေတ္တာဒဏ် ခံရတုန်း ဘုရား။  တချို့သေကြ၊ တချို့ ဒဏ်ရာရ၊ တချို့ထောင်ကျ၊ တချို ထွက်ပြေး၊ တချို့  ဘဝပြောင်း။ ကိုရင်ရဲ့ဆရာဆို သေသလား၊ ရှင်သလား မသိ။ အခုထိ ဘယ်ရောက်သွားသလဲ  မသိပါဘူး ဘုရား။ 
ကိုရင်  ဉာဏ်မီသရွေ့ နှိုင်းယှဉ်ပြလိုက်တာပါ ဘုရား။ ကိုယ့်ပေါင်  ကိုယ်လှန်ထောင်းတယ်လို့ တချို့က မြင်ကြမယ် ဘုရား။ မတတ်နိုင်ဘူး ဘုရား။  ကာတွန်းဦးဘဂျမ်းရဲ့ ရသေ့ကြီးဦးဖျောက်ဆိတ် ပြောသလို  ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာက သူများ အထောင်းခံရတာထက် သက်သာ သတဲ့ ဘုရား။  တကယ်ဆို အရှင်ကြီးတို့ဟာ ပညာကြီးတဲ့ တိဟိတ်ပုဂ္ဂိုလ်ကျော်တွေပါ။
“ပညာရှိ  သတိဖြစ်လွယ်” တော်မူစေချင် လို့ပါ ဘုရား။ လွန်တာ မရှိပေမယ့် ဝန္ဒာမိ  လိုက်ပါတယ် ဘုရား။ အဲ … နောက်တခါ ရွှေဝါရောင် ကြုံရင်လည်း  တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် မေတ္တာလေးတော့ ပို့ပေးကြဦး ဘုရား။
နောက်ဆုံး  လျှောက်ထားချင်တာကတော့ “ရာဇဝလ္လဘော မဟာသာဝဇ္ဇော၊ မင်း နဲ့ ကျွမ်းဝင်ခြင်းသည်  အပြစ်များ၏” လို့သာ ဘုရားဟော ရှိတယ်။ “ပြည်သူ့ဝလ္လဘော မဟာဝဇ္ဇော …” လို့  ဘုရားဟော ရှိမယ်မထင်ဘူး နော …ဘုရား။
ဂါရဝဖြင့် ကိုရင် ဓမ္မဂုတ္တ
ခေတ္တ။ဂိဇ္ဇျဂုတ်တောင်